ပန်းပဲလုပ်ငန်း၏ အနာဂတ်

0
1074

နှစ်ပေါင်းရာထောင်ချီတည်တံ့လာခဲ့သည့် မြန်မာ့ပန်းဆယ်မျိုးအနက် လက်မှုပညာတစ်ရပ်ဖြစ်သည့် ပန်းပဲလုပ်ငန်းသည် ယခုအချိန်မှာတော့ လူငယ်ထုအကြား စိတ်ဝင်စားမှုနည်းလာနေပြီ ဖြစ်သည်။

နည်းပညာအိုင်တီခေတ်သို့ ကူးပြောင်းလာပြီးနောက် အားခွန်ဖြင့် ပင်ပင်ပန်းပန်းလုပ်ရသည့် ယင်းလုပ်ငန်းကို ခေတ်လူငယ်များအနေဖြင့် စိတ်ဝင်စားမှုမရှိကြတော့။

လူငယ်များအနေဖြင့် ပန်းပဲလုပ်ငန်းခွင်တွင်ဝင်ရောက်လုပ်ကိုင်ရန် အလုပ်လာစပ်ကြသူက လက်ရှိအနေအထားတွင် လုံးဝမရှိကြတော့။ ထိုကြောင့် ယင်းလုပ်ငန်းတွင် လူငယ်များအစား လူလတ်ပိုင်းနှင့် လူကြီးပိုင်းအရွယ်များသာ တွေ့ရတော့သည်။

လာလုပ်ကြသည့် လူငယ်အချို့သည်လည်း တစ်ရက်နှစ်ရက် ထိုထက်ပို၍ တစ်နှစ်မှနှစ်နှစ်အထိ ရေရှည်မခံကြတော့။ အခြားလုပ်ငန်းများသို့ ကူးပြောင်းသွားကြကြောင်း မြိတ်မြို့ရှိပန်းပဲလုပ်ငန်းလုပ်ကိုင်ကြသည့် ပန်းပဲဆရာများက ပြောပြသည်။

“ကျွန်တော်တို့အဖေတွေခေတ်ကတော့ လူငယ်တွေလာလုပ်ကြသူများတယ်။ အခုခေတ်လူငယ်တွေက ပင်ပန်းတဲ့အလုပ်မလုပ်ချင်ကြတော့ဘူး။ တအား ဝါသနာပါတဲ့သူတွေပဲ လာပြီးလုပ်ကြတာမျိုးပဲ ရှိတော့တယ်” ဟု မိရိုးဖလာ ပန်းပဲလုပ်ငန်းလုပ်ကိုင်လာသည့် မြိတ် တောင်ကျေးရွာမှ အသက် ၅၂ နှစ်ရှိပြီဖြစ်သည့် ဦးနောင်ပိန် ကပြောသည်။

ပန်းပဲလုပ်ငန်းလုပ်ကိုင်သူတစ်ဦး တစ်နေ့လျှင်ကျပ်ငါးထောင်မှ ကျွမ်းကျင်လျှင် ရှစ်ထောင်တစ်သောင်းအထိ နေ့စားပေးရသည်။ သို့သော် လူငယ်များအနေနှင့် မျက်စိလည်လမ်းမှား လာရောက်မေးမြန်းခြင်းကိုပင် မလုပ်ကြတော့ဟု ၎င်းတို့က ပြောပြသည်။

“သူတို့ကိုယ်တိုင်က ဝါသနာပါမှ လုပ်လို့အဆင်ပြေတယ်။ အပြင်လူ သီးသန့်လာသင်တာနည်းတယ်။ ခဏပဲ သင်ပြီး ပြန်ပြေးကြတယ်” ဟု မြိတ်တောင်ကျေးရွာရှိ မိရိုးဖလာပန်းပဲ လုပ်ငန်းလုပ်သူ အသက် ၄၀ ကျော်အရွယ်ရှိ ကိုအောင်သူက ပြောသည်။

ပြင်ပလူငယ်များအနေဖြင့် ပန်းပဲလုပ်ငန်းကို စိတ်ဝင်စားသူ နည်းပါးလာသော်လည်း မိဘရိုးရာလုပ်ငန်းဖြစ်သည့်အတွက် သားများက မိဘလုပ်ငန်းကို အမွေဆက်ခံလျက် ဆက်လက်ထိန်းသိမ်းထားသေးကြောင်း ကိုအောင်သူက ဆိုသည်။

“အခုလုပ်နေကြသူတွေအားလုံးက မိဘလက်ငုပ်လက်ရင်း လုပ်ကြသူတွေပဲ များတယ်။ လက်ရှိမှာ သားသမီးတွေကပဲ ဆက်ပြီးထိန်းထားတဲ့ အနေအထားမှာရှိ နေတယ်” ဟု ၎င်းက ပြောသည်။

ယခင်ဆယ်စုနှစ်တစ်ခုနီးပါးခန့်အထိ ပန်းပဲဖိုများတွင် မီးသွေးခဲရဲအောင် ဖိုဆွဲခဲ့ကြရသော်လည်း ယခုအချိန်တွင်တော့ ဖားဖိုများကဖုန်အထပ်ထပ်ဖြင့်ရှိနေကြပြီး ယင်းတို့၏နေရာတွင်တော့ လျှပ်စစ်ပန်ကာများ ကျောက်ဘီးတိုက်သည့် မော်တာများက နေရာယူလျက် ရှိနေကြသည်။

သို့သော်လက်ဆွဲဖားဖိုများကိုတော့ ဖြုတ်ပစ်ခြင်းမရှိကြသေး။ လျှပ်စစ်မီး ပြတ်တောက်သည့် အချိန်များတွင် အရေးပေါ်သုံးနေရသေးကြောင်း ၎င်းတို့က ပြောပြသည်။

“ပြောင်းလဲလာတာက ဒါပဲရှိတယ်။ အလုပ်လုပ်ရတာ လူလည်းနည်းနည်း သက်သာသွားသလို ပိုပြီးတော့လည်း တွင်ကျယ်လာတယ်” ဟု ဦးနောင်ပိန်က ထုလက်စတူကို မြေပေါ်သို့ ချရင်းပြော ပြသည်။

ဦးနောင်ပိန်၏ဖခင်က ပန်းပဲဆရာကြီး ကြယ်လေးလုံး ဦးဘကြိုင်ဖြစ်ပြီး သားငါးဦးအနက် သုံးဦးသည် ပန်းပဲလုပ်ငန်းပင် လုပ်ကိုင်နေကြခြင်းဖြစ်သည်။

ယခင်က တစ်နေ့လျှင် ဓားဆယ်ချောင်းရရန် ပင်ပင်ပန်းပန်းလုပ်ခဲ့ရသော်လည်း နှစ်ဆယ့်လေးနာရီ လျှပ်စစ်မီးရရှိနေသည့်ယခုအချိန်တွင်တော့ ဓားအချောင်းသုံးဆယ်အထိ ထုတ်လုပ်လာနိုင်ကြောင်း ဦးနောင်ပိန်က ဆိုသည်။

“ဖိုဆွဲဖို့ ဘီးလှည့်ဖို့ လူသီးသန့်က မလိုတော့ဘူးလေ။ လုပ်ရပိုတွင်ကျယ်လာ တယ်ပေါ့” ဟု နှစ်သုံးဆယ်ကျော် ပန်းပဲလုပ်လာသည့် ဦးနောင်ပိန်က မီးသွေးကို ဖိုပေါ်ထည့်ရင်း ပြောသည်။

နည်းပညာမြင့်လာပြီး ယခုအခါ အသင့်ထုတ်ကိရိယာများ ဈေးကွက်အတွင်းသို့ဝင်ရောက်လာသည့်အတွက် ဝယ်လိုအားနည်းလာသည်။ အော်ဒါမှာယူသည့် အရောင်းဆိုင်များသို့သာ ပန်းပဲလုပ်ငန်းများအနေဖြင့် အားထားနေရသည်ဟု မြိတ်မြို့ကြောင်ငယ်ရပ်ရှိ ကြယ်လေးလုံး ပန်းပဲဖိုလုပ်ငန်းလုပ်သူ ဦးဘကြိုင်၏ အငယ်ဆုံးသားဖြစ်သူ ကိုသန်းနိုင်ထွန်းက ပြောသည်။

“ဒါပေမယ့် စိတ်ကြိုက်သုံးချင်သူတွေကတော့ ပန်းပဲပဲလာအပ်ကြတယ် လာအပ်သမျှလည်း အကုန်လုပ်ပေးတယ်” ဟု ၎င်းဓားတစ်ချောင်းကို စိတ်ရှည်လက်ရှည် ပေပေါ်တင်အချောသပ်ရင်း ပြောသည်။

ပန်းပဲလုပ်ငန်းကို မျိုးရိုးမရှိသည့် မျိုးဆက်များမှ စိတ်ဝင်စားမှုမရှိကြတော့သော်လည်း တိမ်ကောပျောက်ကွယ်သွား ခြင်းမရှိအောင်တော့ မိရိုးဖလာလုပ်ငန်းတို့က ထိန်းသိမ်းလုပ်ကိုင်နေကြဆဲ။

သို့သော် အလျင်အမြန်ပြောင်းလဲလာနေသည့် နည်းပညာ၊ အတွေးအခေါ် လူနေမှုစနစ်များက မိမိတို့၏ မျိုးဆက်များ၏ လာမည့်အနာဂတ်ကို တစ်ချိန်တွင် ပြောင်းလဲပစ်လိုက်မည်လော။ ယင်း မေးခွန်းအတွက် သူတို့၌ အဖြေကမရေရာ။

ပန်းပဲလုပ်ငန်းသည် အရိပ်ထဲတွင်လုပ်ရသည့် လုပ်ငန်းတစ်ခုဖြစ်သည့်အတွက် နေမထိမိုးမစို လုပ်ရသော်လည်း ရေရှည်လုပ်ရန် ဝါသနာမပါသည့်အတွက် တစ်နှစ်ခန့်တွင် အလုပ်ထွက်ခဲ့ကြောင်း ဇေယျာသီရီရပ်နေ အသက် ၃၂ နှစ်ရှိ ကိုသန်းအောင်က ဆိုသည်။

“ဒီအလုပ်က ချမ်းသာဖို့ကအခွင့် အလမ်းနည်းတယ်။ ဝါသနာပါသူအတွက်ကတော့ ကိုယ့်အိမ်မှာကိုယ် ဂုဏ်သိက္ခာရှိရှိ လုပ်နေနိုင်တဲ့ အလုပ်တစ်ခုပါ” ဟု လက်ရှိပန်းရန်ဆရာအဖြစ် လုပ်ကိုင်နေသည့် ၎င်းကမှတ်ချက်ပေးသည်။

မြိတ်တောင်ကျေးရွာရှိ မိရိုးဖလာ ပန်းပဲလုပ်ငန်းလုပ်သည့် ကိုအောင်သူကမူ အနာဂတ် ပန်းပဲလုပ်ငန်းနှင့် ပတ်သက်ပြီး လေသံယဲ့ယဲ့ဖြင့် ဆိုသည်။

“နောက်ဆို ပန်းပဲလုပ်ငန်းတိမ်ကော ပျောက်ကွယ်သွားမလား တွေးမိတယ်”

ကိုဆန်း