သတင်းစာတို့ရဲ့ အလုပ်

0
307

ဦးစော နန်းရင်းဝန်ကြီးဖြစ်တော့ မြန်မာ့အလင်းသတင်းစာကို သတင်းတစ်ပုဒ်နဲ့ပတ်သက်ပြီး ရက်အကန့်အသတ် မရှိပိတ်တယ်။ အဲ့လို ပိတ်ရကောင်းလားဆိုပြီး သတင်းစာတွေက ဦးစောကိုဝိုင်းပြီး တွယ်ကြတယ်။ ခုခေတ်စကားနဲ့ဆိုရင် ကျီးကန်းလို ဝိုင်းအာကြတယ်ပေါ့။

နောက်တော့ ဦးစောက မြန်မာ့အလင်းတာဝန်ခံ အယ်ဒီတာဦးသန်းတင် (စာရေးဆရာဓူဝံ)ကိုခေါ်တွေ့ပြီး ၁၅ ရက်ကြာရင် သတင်းစာပြန်ထုတ်ခွင့် ပြုပါမယ်လို့ ပြောရတယ်။
ဒါပေမဲ့ဦးစောပဲ။ ဒီတိုင်းတော့ဘယ်ရလိမ့်မလဲ။ ၁၁ ရက် မြောက်လောက်ကျတော့ ဦးသန်းတင်ကို အိမ်ခေါ်တွေ့တယ်။ တွေ့တဲ့အခါ ဗြိတိသျှဘားမားဦးညွန့်တို့၊ မြန်မာ့အလင်းအယ်ဒီတာချုပ်ဦးစိမ်း၊ ဦးဘိုးဘတို့ကို သက်သေအရာခေါ်ထားတယ်။

တွေ့တော့ ဦးစောက “၎င်းကိုဝေဖန် ရေးသား ချင်သလို ဝေဖန်ရေးသားပါ။ ကောင်းတာလုပ်ရင်လည်း ချီးကျူး ရေးသားပါ။ မဟုတ်မမှန်လုပ်ကြံ သတင်းများကိုတော့ မရေးဖို့” မေတ္တာရပ်ခံပြီး ကတိတောင်းတယ်။

ဒီတော့ဦးသန်းတင်က “ပထမအချက်ဖြစ်တဲ့ ရေးချင်သလို ဝေဖန်ရေးသားပါ ဆိုတာလက်ခံတယ်။ အဲ…ဒါပေမဲ့ ကောင်းတာလုပ်ရင် ထောက်ခံပါ။ ချီးကျူး ပါဆိုတာတော့လက်မခံနိုင်ဘူး” လို့ ဆိုပါတယ်။

ဦးစောက “ဒါဆိုဘယ်တရားမလဲဗျ” လို့ဆိုတော့ ဦးသန်းတင်က “ဦးစောလဲသတင်းစာသမားတစ်ဦးဖြစ်လို့ သတင်း စာကျင့်ဝတ်နဲ့ သတင်းရဲ့ သဘောကို နားလည်မယ်လို့ ထင်ပါကြောင်း၊ တိုင်းပြည်ကောင်းအောင်လုပ်ဖို့ ဦးစောကို တိုင်းပြည်က ရွေးချယ်တင်မြှောက်ထားတာဖြစ်၍ ဦးစောအလုပ်ကတိုင်းပြည်ကောင်းတာလုပ်ဖို့ဖြစ်ကြောင်း၊ ထိုအတွက် တိုင်း ပြည်ကောင်းအောင်လုပ်ဖို့ ရွေးထားတဲ့သူက ကောင်းတာလုပ်နေတဲ့အကြောင်းတွေသာရေးရရင် သတင်းစာတစ်စောင် သာမကသတင်းစာ ၁၀ စောင်ပင်လောက်မည် မထင်ကြောင်း၊ တကယ်လို့ မကောင်းတာ လုပ်လျှင်တော့ တိုင်းပြည်ရဲ့ သစ္စာဖောက်ဖျက်တာဖြစ်လို့ သတင်းစာများက ရေးသားရမည်သာဖြစ်ကြောင်း” ပြန်ချေပပါတယ်။

ဂဠုန်စောကလည်း သတင်းစာတိုက် ပိုင်ရှင်ဖြစ်ဖူးပြီး သတင်းစာပညာ သိနားလည်သူဆိုတော့ အကျိုးအကြောင်းသင့် ပြန်လည်ချေပချက်ကိုဘာမှမပြောသာဘူး။ ဒီတော့ ဦးသန်းတင်ပြောတာလက်ခံပါတယ်။ ကောင်းတာလုပ်လို့ မချီးကျူးချင်နေပါ။ မကောင်းတာ လုပ်ရင်လည်း ဝေဖန်ပါ။ အရေးမကြီးပါဘူး။ ဒါပေမဲ့ သူ့အကြောင်း မဟုတ်မမှန်တာမျိုးတော့ မရေးပါနဲ့ဆိုပြီး ထပ်ပြောပါတယ်။

ဒီအခါ ဦးသန်းတင်က “မဟုတ်မမှန် လုပ်ကြံသည့်သတင်းဆိုသည်မှာ အဓိပ္ပာယ် ကျယ်ဝန်းလှကြောင်း ပြောဆိုရှင်းလင်းပြီး မိမိတို့သတင်းစာအနေဖြင့် နန်းရင်းဝန် ဦးစော၏ အိမ်တွင်းရေးကိစ္စကို သက်သေအခိုင်အမာနှင့်ရရှိခဲ့သော်လည်း တိုင်းပြည်အကျိူးမရှိ၍ မရေးခဲ့ကြောင်း” အကျယ်တဝင့်ရှင်းပြလေသည်။

သတင်းစာအပိတ်မခံရမီ ၃ လအလိုက သမီးကို စာသင်ပေးဖို့အိမ်ခေါ်ထားပြီးနန်းရင်းဝန်ကြီးနှင့် ငြိစွန်းနေတဲ့ ဆရာမနှင့် ဦးစော အိမ်ပေါ် ခေါ်တင်ထားတဲ့ မယားငယ် ရုပ်ရှင်မင်းသမီးနုနုကြည်တို့ မယားငယ်တို့ သဘာဝအဝေမတည့်၊ မသင့်မြတ်ဘဲ အကြီး အကျယ်ချကြပြီး ဂတ်ကိုရောက်ခဲ့သည့်အမှုကို မိမိတို့မြန်မာ့အလင်းက သိသော်လည်းအိမ်တွင်းရေးကိစ္စဖြစ်၍ တိုင်းပြည်အတွက်အကျိုးမရှိ၍ သတင်းစာထဲမထည့်ခဲ့ကြောင်း “ ကျွန်တော်တို့အနေဖြင့် မဟုတ်မမှန် သတင်းမျိုးထည့်ဖို့ ဝေးလေစွ၊ မှန်ကန်နေရင်တောင် တိုင်းပြည်အတွက်အကျိုးမရှိရင်မထည့်ကြောင်း” ပြောကြားလေသည်။

ထိုစကားများကိုကြားပြီး ဦးစောလည်း အသက်ရှုမှားမတတ်ဖြစ်ပြီး မြန်မာ့အလင်းအားပြန်လည် ထုတ်ဝေခွင့်ပြုလိုက်ရလေတော့သည်။

ကိုးကား – သမိုင်းဝင်သူရိယ၊ မြန်မာ့အလင်းနှင့် မြန်မာ့နိုင်ငံရေး

ကိုရဲ