အိမ်တွင်းတံမြက်စည်းလုပ်ငန်းများကိုလည်း ကိုဗစ်အလွတ်မပေးပါ

ကိုဗစ်ဒုတိယလှိုင်းကာကွယ်ရေး စည်းကမ်းတင်းကြပ်ချက်များ

ကိုဗစ်နိုင်တင်းကြောင့် တစ်နိုင်တစ်ပိုင်အိမ်တွင်း တံမြက်စည်းလုပ်ငန်းငယ်များ ဝင်ငွေထိုးကျနေသည်မှာ သုံးလခန့်ရှိနေပြီဖြစ်သည်။


အိမ်တွင်းတံမြက်စည်းလုပ်ငန်းများကို မြိတ်တစ်ဖက်ကမ်း အိမ်ခြေငါးရာ နီးပါးခန့်ရှိသည့် ပထော်ကျေးရွာတွင် လုပ်ကိုင်နေကြခြင်းဖြစ်သည်။


ပထော်ကျေးရွာနေထိုင်သူအချို့သည် ဥယျာဉ်ခြံမြေလုပ်ငန်းလုပ်ကိုင်ကြပြီး အများစုမှာ တံငါလုပ်ငန်းဖြင့် အသက်မွေးဝမ်းကျောင်း ပြုကြသည်။


ယင်းအပြင် အိမ်တွင်းမိရိုးဖလာ တံမြက်စည်းပြုလုပ်သည့်လုပ်ငန်းဖြင့် အသက်မွေး ဝမ်းကျောင်းပြုသည့် အိမ်ထောင်စု အနည်းဆုံးငါးဆယ်ခန့်ရှိနေကြောင်း ရွာသူရွာသားများထံမှ သိရသည်။


“အဒေါ်တို့ မပေါက်ဖွားခင် မိဘဘိုးဘွားတွေ လက်ထက်ကတည်းက တစ်ရွာလုံးနီးပါးလုပ်လာကြတဲ့ အလုပ်ပေါ့” ဟု အသက် ၆၂ နှစ်ရှိ တံမြက်စည်းလုပ်သူ ဒေါ်သန်းမြင့်က ပြောပြသည်။


ပထော်ရွာမှပြုလုပ်သည့် တံမြက်စည်းများအား မြိတ်ဒေသတွင်း အသုံးပြုသူများသလို မြိတ်ရှိဖောက်သည်များမှ မောတောင်လမ်းမှတစ်ဆင့် ထိုင်းနိုင်ငံသို့လည်း တင်ပို့ရောင်းချနေကြကြောင်း တံမြက်စည်းလုပ်ကိုင်သူများက ပြောပြသည်။


ယခုတော့ ကမ္ဘာ့ကပ်ဘေးကိုဗစ်ကြောင့် ပြည်တွင်းယာဉ်အသွားအလာမရှိတော့ဘဲ အိမ်သုံးပစ္စည်းအရောင်းဆိုင်အချို့လည်း ပိတ်ထားရသည်။ ထိုင်းနိုင်ငံသို့ တင်ပို့သည့် မောတောင်လမ်းလည်း ရပ်နားထားရသည့်အတွက် တံမြက်စည်းရောင်းအား ထက်ဝက်ကျော် ကျဆင်းလာနေကြောင်း တံမြက်စည်းလုပ်ငန်းလုပ်ကိုင်ကြသူများက ပြောပြသည်။


ယခင်က တံမြက်စည်းအချောင်းတစ်ရာ မြိတ်တွင်သွားရောင်းလျှင် တစ်စည်းမျှ ကျန်လေ့မရှိ။ ယခုအခါ အချောင်းငါးဆယ်တောင် မယူကြတော့ဟု တံမြက်စည်းလုပ်ကိုင်သူတစ်ဦးဖြစ်သူ ဒေါ်အေးအေးမွန်က ပြောသည်။


“ဖောက်သည်တွေမယူတော့ မြို့ပေါ်မှာ ကိုယ်တိုင်ရွက်ပြီး လိုက်ရောင်းတယ်။ တစ်စည်းပုံမှန် ၆၀ဝ ရနေရာကနေ ၅၀ဝ ရလည်းရောင်း ၄၀ဝ ရလည်း ရောင်းခဲ့ရတယ်။ ရတဲ့ပိုက်ဆံ သုံးလေး ထောင်လောက်နဲ့ လိုအပ်တာလေးတွေ ဝယ်ပြီးအိမ်ပြန်။ ဒီလိုပဲလုပ်နေရတယ်”ဟု သားသမီးသုံးဦးရှိပြီး အိမ်တွင်းတံမြက်စည်းလုပ်ငန်းဖြင့် ရပ်တည်နေသူ ၎င်းကပြောသည်။


သူမ၏ အမျိုးသားဖြစ်သူမှာ ငါးဖမ်းလှေလိုက်သူဖြစ်ပြီး ငါးမဖမ်းရရာသီ သုံးလနားထားရသည့်အတွက် မိုးတွင်းကာလအတွင်း တံမြက်စည်းလုပ်ငန်းကိုသာ မှီခိုအားထားနေရကြောင်း ၎င်းက ပြောပြသည်။


ယခင်က တံမြက်စည်းလုပ်သည့် အလေ့ကျပေါက်ကျူပင်များမှာ ပထော်ကျေးရွာတွင် ပေါက်လေ့သည်။ ယခုအခါတွင် ရှားပါးသွားပြီဖြစ်ကြောင်း ယင်းကျေးရွာနေ မိရိုးဖလာတံမြက်စည်းလုပ်သူ ဒေါ်သန်းမြင့်က ပြောပြသည်။


“ကျူပင်တွေက ရွာမှာမရှိတော့ဘူး မြိတ်ဘက်ကရွာတွေကနေပြီး အဝယ်ဒိုင်တွေကို ရောင်းကြတာပေါ့ အဲဒီက တစ်ဆင့်ပြန်ဝယ်ကြရတာ” ဟု ၎င်းက ပြောသည်။


ယင်းကြောင့် တံမြက်စည်းလုပ်သည့် ကျူရိုးများကို ကုန်ကြမ်းပစ္စည်းသိုလှောင်သည့် ကျူဒိုင်များမှတစ်ဆင့် မိမိတို့က ပြန်ဝယ်ကြရပြီး ကျူရိုးအချောင်း တစ်ထောင်လျှင် ငွေကျပ် ၃၅၀ဝ ကျသင့်ကြောင်း တံမြက်စည်းပြုလုပ်သူတို့က ပြောပြသည်။


ကျူရိုးတစ်ထောင်လျှင် တံမြက်စည်း ဆယ်ချောင်းမှ တစ်ဆယ့်နှစ်ချောင်းအထိ ကုန်ချောထွက်ပြီး တစ်ချောင်းလျှင် လေးရာ့ငါးဆယ်ကျပ်ဖြင့် ဖောက်သည်ဈေးသွင်းရသည်ဟု ၎င်းတို့က ဆိုသည်။


ကိုဗစ်ကပ်ဘေးမဖြစ်မီက တစ်ချောင်း ၅၅၀ ကျပ်ဖြင့် သွင်းရသည့်အတွက် လုပ်အားခ တစ်ချောင်းလျှင် တစ်ရာခန့်ကျန်ပြီး ယခုအချိန်တွင် ၄၅၀ ဈေးသို့ ကျဆင်းသွားသည့်အတွက် အမြတ်မကျန်တော့ဘဲ လက်ရှိအချိန်တွင်ရပ်နားထားရကြောင်း ဒေါ်သန်းမြင့်က ပြောပြသည်။


“ကိုယ်တိုင်လိုက်ရွက်ပြီး ရောင်းတဲ့သူတွေက နည်းနည်းပါးပါး စားရသေး တာပေါ့။ အဒေါ်တို့ကျတော့ အသက်က ကြီးလာပြီ။ အဲလိုလိုက်ရောင်းလို့ မနိုင်တော့ဘူး” ဟု ၎င်းကတံမြက်စည်းကြိုးချည်သည့် ခြေနှင်းခုံကလေးပေါ် ပေနေသည့် ဖုံများအား အဝတ်စုတ်ဖြင့်ရိုက်ခါရင်း ညည်းဆိုသည်။


ကိုဗစ်ရောဂါက မည်သည့်အချိန် အထိဆက်ဖြစ်နေမည်နည်း။ ထပ်တိုး လာနိုင်သလား။ လျော့ကျသွားမလား။ လက်ရှိအချိန်တွင် မသိနိုင်သေး။


တိုင်းအစိုးရမှ တိုင်းအတွင်းရှိ ခရီးသည်တင် အဝေးပြေးယာဉ်လိုင်းများ၊ စားသောက်ဆိုင်များနှင့် လုပ်ငန်းအချို့အား ဇွန်လပထမအပတ်မှစတင်၍ ဖြေလျော့မှု အချို့ပြုလုပ်ပေးထားပြီးဖြစ်သည်။


သို့သော်လည်း ၎င်းတို့၏အိမ်တွင်းမှု တစ်နိုင်တစ်ပိုင်ဖြစ်သည့် တံမြက်စည်းလုပ်ငန်းကား မူလအခြေအနေသို့ ပြန်ပြီး ရောက်ရှိမလာသေး။ ယင်းအတွက် မူလအခြေအနေ အမြန်ပြန်ရောက်ရေး သူတို့မျှော်လင့်နေကြသည်။


ပထော်ကျေးရွာမှ တံမြက်စည်းလုပ်သူ ဒေါ်မြင့်ကြူကမူ ကပ်ရောဂါကာလအတွင်း ရောင်းမကောင်းသည့်အတွက် အများအပြားမလုပ်တော့ပေ။ သို့သော် ဖောက်သည်မပျက်အောင် အနည်းအကျဉ်းလုပ်ကာ ကပ်ဘေးအမြန်လွန်သွားရေးကိုသာ နေ့စဉ်မျှော်လင့်နေရ လေသည်။


“တံမြက်စည်းလုပ်ငန်းပေါ့။ ဒါက ကျွန်မတို့ မိရိုးဖလာ အလုပ်ပဲလေ။ ဘာပဲ ပြောပြော ကပ်ရောဂါပျောက်ချိန်အထိ မျှော်လင့်ပြီးတော့ ဆက်လုပ်နေရမှာပါပဲ”

ကိုဆန်း