ကိုဗစ်စောင့်ကြည့်စခန်းများ လူပြည့်၊ ထိုင်းပြန်များ ရနောင်းတွင် သောင်တင်

0
543

ကော့သောင်း၊ မြိတ်၊ ထားဝယ်ရှိ ကိုရိုနာရောဂါပိုးစောင့်ကြည့်ရေးစခန်းများတွင် လူပြည့်နေပြီဖြစ်သောကြောင့် ရနောင်း-ကော့သောင်းလမ်းမှ နေရပ်ပြန်မည့် မြန်မာရွှေ့ပြောင်းအလုပ်သမားများကို လက်မခံနိုင်ဘဲဖြစ်နေကြောင်း ကော့သောင်းမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်လင်းထွန်းက ပြောသည်။

လက်ရှိတွင် ကော့သောင်း၌ ထိုင်းပြန်ဦးရေ ၂၀ဝ ကျော်ကို စောင့်ကြည့်နေပြီး ဇွန် ၂၃ ရက်နေ့ဝန်းကျင်တွင် ၎င်းတို့၏ သတ်မှတ်ရက်များပြည့်မည်ဖြစ်ကြောင်း ဦးဇော်လင်းထွန်းက ပြောသည်။

၎င်းတို့ စောင့်ကြည့်သတ်မှတ်ရက်ပြည့်ပြီးမှ ရနောင်း-ကော့သောင်းလမ်းမှ နေရပ်ပြန်မည့် မြန်မာရွှေပြောင်းအလုပ်သမားများကို ပြန်လည်လက်ခံနိုင်မည်ဖြစ်ကြောင်း ဦးဇော်လင်းထွန်းက ပြောသည်။

“အဓိကကတော့ ပညာရေးကျောင်းတွေမှာ အသုံးပြုလို့ မရတော့လို့ပါ။ လောလောဆယ်ကတော့ လက်မခံနိုင်သေးဘူး။ နောက်တစ်ပတ်ကျော်လောက်ဆိုရင်တော့ လက်ခံလို့ရပြီ” ဟု ဦးဇော်လင်းထွန်းက ပြောသည်။

ကော့သောင်းရောက်မြန်မာများကို ပုလုံးတုံတုံး သဘာဝဘေးခိုလှုံအဆောက်အအုံ၊ လေးမိုင် ပြန်လည်ထူထောင်ရေးစခန်း၊ နဝရတ်အားကစားရုံ၊ ရွှေမင်းဝံကြက်တောင်ရုံ၊ သံဃာတော်များအတွက် မိုးကုတ်ဝိပဿနာတို့တွင် စောင့်ကြည့်ရေးစခန်းဖွင့်ကာ စောင့်ကြည့်နေခြင်း ဖြစ်သည်။

ရနောင်း-ကော့သောင်းလမ်းမှ မိမိနေရပ်ပြန်လိုသော ထိုင်းရောက်မြန်မာများနှင့် ရွှေ့ပြောင်းအလုပ်သမားများအနေနှင့် ရနောင်းရှိ မြန်မာအလုပ်သမားသံရုံးတွင် စာရင်းပေးသွင်းကာပြန်နိုင်ကြောင်း မြန်မာအလုပ်သမားသံ အရာရှိ(ထိုင်းတောင်ပိုင်း) ဦးကျော်စိုးဝေက ပြောဆိုထားသည်။

ရနောင်း-ကော့သောင်းလမ်းမှပြန်ရန် ဖူးခက်၊ စူလတ်၊ ကဘီ၊ ကော့စမွေး၊ ကော့တောင် စသည့် ထိုင်းနိုင်ငံတောင်ပိုင်းမြိုများမှ ရနောင်းသို့ရောက်နေသော မြန်မာ ၂၀ဝ ကျော်မှာ ရနောင်းမြို့၌ သောင်တင်နေကြကြောင်း မြန်မာရွှေ့ပြောင်းအလုပ်သမားအရေးကူညီပေးနေသည့် မိတ္တသဟာရနာရေးကူညီမှုအသင်း (ရနောင်းမြို့) ၏တာဝန်ခံ ဦးသားကျော်က ပြောသည်။

“ရနောင်းမှာ လာသောင်တင်နေတာ ၂၀ဝ လောက် ရှိတယ်။ တည်းခိုခန်းတွေ ငှားနေ၊ အသိအိမ်တွေမှာ ကပ်နေကြရတယ်။ ရေရှည်ဆိုရင် စားဝတ်နေရေး အဆင်မပြေကြဘူး” ဟု ကိုသားကျော်က ပြောသည်။

ရနောင်းသို့ရောက်လာသော မြန်မာများသည် သက်ဆိုင်ရာဒေသမှ ကျန်းမာရေးထောက်ခံချက်ယူလာရပြီး ရနောင်းသို့ ရောက်လာပါကလည်း နေအိမ်/ဟိုတယ် ၁၄ ရက် စောင့်ကြည့်မှု ခံယူထားရပြီးသူများဖြစ်ကြောင်း ၎င်းက ပြောသည်။