နယ်စပ်ဒေသလူငယ်ဖွံ့ ဖြိုးရေးသင်တန်းကျောင်းတွင် ကျောင်းသားလေးဆယ်ခန့် လက်ခံရန် လျာထား

0
525

ထားဝယ်မြို့ ကြက်စားပြင်တွင် အသစ်ဆောက်လုပ်ထားသည့် နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်းတွင် ကျောင်းသား ၄၀ ဦးခန့် လက်ခံရန်လျာထားကြောင်း တနင်္သာရီတိုင်းဒေသကြီး နယ်စပ်ရေးရာဝန်ကြီးဌာန ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာနထံမှ သိရသည်။

ပြီးခဲ့သည့်နှစ်က ကျောင်းသား ၁၆၀ ဦးခန့် လက်ခံရန်လျာထားသော်လည်း ဘတ်ဂျက်ရရှိမှုအပေါ်မူတည်ကာ ယခု နှစ်တွင် ပဉ္စမတန်းကျောင်းသား ၂၀ ဦး နှင့် ဆဋ္ဌမတန်းကျောင်းသား ကျောင်သား ၂၀ ဦးခန့်ကို စတင်လက်ခံရန်လျာထားသည်ဟု အထက်ပါဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးသောင်းတန်က ပြောသည်။

“ရုံးချုပ်ကို ခွင့်ပြုချက်တင်ထား ပြီးပြီ။ ရုံးချုပ်က ခွင့်ပြုချက်ရတာနဲ့ ဖွင့်ဖို့ စီစဉ်မှာပါ၊ ခုချိန်ထိတော့ ညွှန်ကြားချက် မလာသေးဘူး” ဦးသောင်းတန်က ပြောသည်။

တိုင်းအတွင်း ဒေသအသီးသီးမှ မိဘနှစ်ပါးလုံး မရှိသူ၊ အမိမဲ့၊ အဖမဲ့၊ မိဘနှစ်ပါးလုံးရှိသော်လည်း ပညာဆက်လက်သင်ကြားရန် အခက်အခဲရှိသူ၊ ဆင်းရဲ နွမ်းပါးသူ၊ ဉာဏ်ရည်မြင့်မားသူ၊ ပညာ အခြေခံကောင်းမွန်သူများကို ကျောင်းကြီးကြပ်မှုကော်မတီဖြင့် စိစစ်ရွေးချယ် သွားမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

ရွေးချယ်ခံရသည့် ကျောင်းသားများကို သင်တန်းကျောင်းတွင် မုန့်ဖိုးမှအစ နေ၊ စား၊ စရိတ်ငြိမ်းနေထိုင်ရမည်ဖြစ်ပြီး ထားဝယ်မြို့တွင်းရှိ အခြေခံပညာကျောင်းတွင် ကျောင်းဖယ်ရီဖြင့် ကျောင်းတက်ရမည်ဖြစ်ကြောင်း ဦးသောင်းတန်က ဆိုသည်။

သင်တန်းကျောင်းတွင် လက်ရှိအိပ်ဆောင်တစ်ဆောင်တည်းသာရှိသေးသဖြင့် ကျောင်းသားများကိုသာ လက်ခံခြင်းဖြစ်ပြီး လာမည့်နှစ်တွင် မိန်းကလေးအိပ်ဆောင်ပြီးပါက ကျောင်းသူများကိုပါ လက်ခံသွားမည်ဖြစ်ကြောင်း ဦးသောင်းတန်က ဆိုသည်။

သင်တန်းကျောင်းတွင်နေထိုင်ကာ တက္ကသိုလ်ဝင်တန်းအောင်မြင်ပါက ရန်ကုန်နှင့် စစ်ကိုင်းရှိ ဖွံ့ဖြိုးရေးတက္ကသိုလ်၊ ဒီဂရီကောလိပ်တို့တွင် ဆက်လက်ပညာသင်ယူကာ ဘွဲ့ရပြီးသည်နှင့် ဝန်ကြီးဌာနများတွင် ဝန်ထမ်းအဖြစ်ခန့်အပ်တာ ဝန်ပေးသွားမည်ဖြစ်ကြောင်း အထက်ပါဌာနမှ သိရသည်။

မိုးမြင့်