လမ်းမပေါ်ရောက် ဓာတ်တိုင်များ ပြောင်းဖို့အရေး ဘတ်ဂျက်လျာထားမည်

0
382

လမ်းမကြီးပေါ် ရောက်ရှိနေသည့် ဓာတ်တိုင်များပြောင်းရွေ့ဖို့အရေး ဘတ်ဂျက်လျာထားမည်ဖြစ်ကြောင်း တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးမြင့်မောင်က ပြောကြားသည်။


ရန်ကုန်- ထားဝယ်- မြိတ်- ကော့သောင်း ပြည်ထောင်စုလမ်းမပေါ်တွင် လမ်းဘေးကပ်လျက်ရှိနေသည့် လျှပ်စစ်မီးတိုင်များကို လမ်းဘေးရွေ့ပြောင်းနိုင်ရေး စီစဉ်နေခြင်းဖြစ်သည်။


ယင်းဓာတ်တိုင်များကြောင့် ယာဉ်မတော်တဆမှုများ ကြုံတွေ့ရနိုင်သည့်အတွက် ပြောင်းရွေ့နိုင်ရေး သက်ဆိုင်ရာဌာနက ဘတ်ဂျက်လျာထားရန် ဝန်ကြီးချုပ်က ပြောဆိုခဲ့သည်။


ဇွန်လ ၉ ရက်နေ့က ပြုလုပ်သည့် တိုင်းဒေသကြီး ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးကောင်စီ အစည်းအဝေးတွင် ထိုကဲ့သို့ ပြောဆိုခဲ့ခြင်းဖြစ်သည်။


“ဓာတ်တိုင်က အရင်လား၊ လမ်းက အရင်လားဆိုတဲ့ ကိစ္စကိုသွားပြီးတော့ အဖြေသွားရှာနေခြင်းဆိုတာထက် လုပ်ရမယ့်ကိစ္စဖြစ်တဲ့အတွက် စနစ်တကျနဲ့ လမ်းနဲ့ဓာတ်တိုင်နဲ့ ရှိရမယ့်နေရာမှာ ရှိပြီးတော့ လုပ်ရမယ့်ကိစ္စဖြစ်တဲ့အတွက်လည်း ဒါလေးကိုလည်း ဆောင်ရွက်ပေးဖို့ ဖြစ်ပါတယ်” ဟု ဝန်ကြီးချုပ်ဦးမြင့်မောင်က ပြောသည်။


ယင်းဓာတ်တိုင်များရွေ့ပြောင်းနိုင်ရေး သက်ဆိုင်ရာဌာနနှင့် ညှိနှိုင်းဆောင်ရွက်ရာတွင် ဘဏ္ဍာငွေမရှိသည့်အတွက် ဆောင်ရွက်ပေး၍မရဟု ပြောဆိုလာကြောင်း ဝန်ကြီးဦးကျော်မင်းက ယင်းအစည်းအဝေးတွင် ပြောသည်။


ထိုကြောင့် ဓာတ်တိုင်များရွေ့ပြောင်းနိုင်ရေး ဌာနကဘတ်ဂျက်လျာထားရန် ဝန်ကြီးချုပ်က ပြောဆိုခဲ့ခြင်းဖြစ်သည်။


ဓာတ်တိုင်များ ပြောင်းရွေ့ရေးနှင့် ပတ်သက်၍ ဘတ်ဂျက်မည်မျှလျာထား မည်ကိုမူ ထုတ်ဖော်ပြောဆိုခြင်းမရှိပေ။


လမ်းနယ်နှင့် မလွတ်ကင်းသည့် ဓာတ်တိုင်များပြောင်းရွေ့ရေး တိုင်းဒေသကြီးလွှတ်တော်တွင်လည်း ကတိကဝတ်ရှိထားကြောင်း ဝန်ကြီးချုပ်ဦးမြင့်မောင်က ဆိုသည်။


လမ်းချဲ့သည့်ဌာနနှင့် လျှပ်စစ်မီး တိုင်စိုက်ထူသည့် လျှပ်စစ်ဌာနတို့အကြား အချိတ်အဆက်မမိသည့်အတွက် ပြည်သူ့ဘဏ္ဍာငွေများ မကုန်သင့်ဘဲကုန်နေရကြောင်း ပြောဆိုမှုများလည်း ရှိသည်။


မြေပြင်တွင်လည်း လမ်းနယ်နှင့် မလွတ်သည့်ဓာတ်တိုင်များကြောင့် ယာဉ်တိုက်မှု ဖြစ်ပွားလေ့ရှိသည်။