မလွှဲတောင်ဂိတ်တွင် ခရီးသည်တင်မှန်လုံယာဉ်ကြီးများ ညအိပ်စောင့်ရန် မလိုတော့

0
443

မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်း နယ်စပ်ဂိတ်ဖြစ်သည့် မလွှဲတောင်ဂိတ်တွင် မှန်လုံယာဉ်ကြီးများ ညအိပ်စောင့်ရန်မလိုတော့ကြောင်း တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ထံမှ သိရသည်။


ကိုဗစ်ကပ်ဘေးကြောင့် တိုင်းအတွင်း ည ၁၂ နာရီမှ နံနက် ၄ နာရီအထိ ညမထွက်ရအမိန့်ထုတ်ပြန်ထားသည်။ ညမထွက်ရအမိန့်ထုတ်ထားသည့်အတွက် မလွှဲတောင်ဂိတ်တွင် ည ၁၂ နာရီမှစကာ ဂိတ်ပိတ်လိုက်ပြီး ကားများဖြတ်သန်းခွင့် မပြုတော့ပေ။


ထိုကြောင့် ခရီးသည်တင်ကားပေါ်တွင် လိုက်ပါလာသည့် ခရီးသည်များက နံနက် ၄ နာရီအထိ ကားပေါ်တွင်ပင် ညအိပ်စောင့်ဆိုင်းကြရသည်။


သို့ရာတွင် ဇွန်လ ၁၂ ရက်မှစကာ ခရီးသည်တင်မှန်လုံကားကြီးများကို မည်သည့်အချိန်တွင်မဆို မလွှဲတောင်ဂိတ်မှ ဖြတ်သန်းခွင့်ပြုလိုက်ကြောင်း တိုင်းအစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်ဇေယျက ဆိုသည်။


ခရီးသည်များက ကားပေါ်တွင်ပင် အိပ်စက်နေရခြင်း၊ အမိုးအကာမလုံလောက်ခြင်း၊ အိမ်သာအခက်အခဲရှိခြင်း၊ ဂိတ်တွင် ကျန်းမာရေးစစ်ဆေးချိန်များ၌ လူစုလူဝေးဖြစ်စေခြင်းအစရှိသည့် အကြောင်းများကြောင့် ယင်းကဲ့သို့ဖြေလျော့လိုက်ခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။


“မှန်လုံယာဉ်တွေကို ည ၁၂ နာရီ ကျော်လည်း ဖြတ်ခွင့်ပြုမယ်လို့ ဆုံးဖြတ်လိုက်တယ်” ဟု ဗိုလ်မှူးကြီးကျော်ဇေယျက ဆိုသည်။

ကိုဗစ်ကြားက ခရီးသည်

ထိုသို့ဖြေလျော့ပေးရာတွင် ကုန်တင်ကားများ၊ ခရီးသည်တင်ကားငယ်များနှင့် အိမ်စီးကားများ မပါဝင်သေးပေ။


မလွှဲတောင်ဂိတ်တွင် ထားဝယ်ဘက်မှသွားသည့် ခရီးသည်များကို ကျန်းမာရေးစစ်ဆေးခြင်းမရှိသော်လည်း ရန်ကုန်ဘက်မှလာပါက ကျန်းမာရေးစစ်ဆေးခြင်း၊ နေရပ်လိပ်စာ အချက်အလက်မှတ်သားခြင်းများ ဆောင်ရွက်နေသည်။


မလွှဲတောင်ဂိတ်မှ တစ်ရက်လျှင် ခရီးသည်တစ်ထောင်ကျော်ဖြတ်သန်းနေပြီး ကျန်းမာရေးစစ်ဆေးရန် တစ်ဆိုင်းလျှင် ကျန်းမာရေးဝန်ထမ်း ၃ ဦးသာ တာဝန်ထမ်းဆောင်နေသည်။
ထိုကြောင့် ကျန်းမာရေးစစ်ဆေးခံရန် ခရီးသည်များက တန်းစီစောင့်ဆိုင်းရပြီး လူစုလူဝေးဖြစ်နေခဲ့သည်။


ထိုကြောင့် ကျန်းမာရေးစစ်ဆေးသည့် ဝန်ထမ်းဦးရေ တိုးမြင့်ချထားမည်ဖြစ်ကြောင်း ဗိုလ်မှူးကြီးကျော်ဇေယျက ဆိုသည်။


ကျန်းမာရေးစစ်ဆေးခံရန် တန်းစီစောင့်ဆိုင်းနေစဉ် မိုးရွာပါက အဆင်မပြေဖြစ်နေသဖြင့် ခရီးသည်များ မိုးခိုနိုင်ရေးရွက်ဖျင်တဲများ ထားပေးရန်စီစဉ်နေကြောင်း ၎င်းက ပြောသည်။


မလွှဲတောင်ဂိတ်တွင် ည ၁၂ နာရီ ကျော်အထိ ဖြတ်သန်းခွင့်ပြုလိုက်သော်လည်း ဇွန်လ ၁၂ ရက်နေ့ညပိုင်းအထိ ထားဝယ်မြို့ အဝင်/အထွက်ဂိတ်များနှင့် သရက်ချောင်းမြို့အတွင်းရှိ ဂိတ်များတွင် ဖြတ်သန်းခွင့်မပြုပေ။


မလွှဲတောင်ဂိတ်တွင် မှန်လုံကားကြီးများ အချိန်မရွေးသွားလာခွင့်ပြုလိုက်သော်လည်း အထက်ပါဂိတ်များတွင် ဖြတ်သန်းခွင့်မပြုသဖြင့် ခရီးသည်များ အခက်အခဲတွေ့ရကြောင်း ခရီးသည်တင်ယာဉ်လိုင်းတစ်ခုမှ ဂိတ်တာဝန်ခံက ဆိုသည်။


မော်တော်ယာဉ်များအနေဖြင့် မလွှဲတောင်ဂိတ်မှ ထားဝယ်မြို့အထိ ၂ နာရီဝန်းကျင်အကြာ မောင်းနှင်ရသည်။ ထိုကြောင့် မလွှဲတောင်ဂိတ်ကို ည ၁၂ နာရီအချိန်တွင် ဖြတ်သန်းလာသည့် ကားတစ်စီးက နံနက် ၂ နာရီဝန်းကျင်တွင် ထားဝယ်မြို့သို့ ရောက်ရှိမည်ဖြစ်ပြီး မြို့ အဝင်ဝရှိ အိမ်ရှေ့ပြင်ဂိတ်တွင် ညအိပ်စောင့်ဆိုင်းနေရသည်။


ဇွန်လ ၁၃ ရက် နံနက် ၁ ခန့်က အိမ်ရှေ့ပြင်ဂိတ်တွင် ရန်ကုန်ဘက်မှလာသည့် မှန်လုံကားများနှင့် မြိတ်၊ ကော့သောင်းမှလာသည့် မှန်လုံကားကြီးများလည်း ညအိပ်စောင့်ဆိုင်းနေသည်ကို တွေ့ရသည်။


ထိုသို့ မြို့အဝင်တွင် စောင့်ဆိုင်းနေရသဖြင့် ခရီးသည်များ အပေါ့အပါးသွားရန်နှင့် ခေတ္တစားသောက်နေထိုင်ရန် အခက်အခဲများ ကြုံတွေ့ရကြောင်း အထက်ပါ ယာဉ်လိုင်းတာဝန်ခံနှင့် ခရီးသည်အချို့က ပြောဆိုကြသည်။