ရာသီဥတုနှင့်ကိုက်ညီသည့် စိုက်ပျိုးရေးနည်းစနစ်ဖြင့် စပါးစိုက်ပျိုးရန်နှိုးဆော်

0
882

မုတ်သုန်ဝင်ရောက်မှုနောက်ကျပြီး မိုးရွာသွန်းမှုလျော့နည်းနိုင်သည့်အတွက် ရာသီဥတုနှင့်ကိုက်ညီသည့် စိုက်ပျိုးရေးနည်းစနစ်ဖြင့် စပါးစိုက်ပျိုးကြရန် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက တောင်သူလယ်သမားများသို့ အကြံပြု နှိုးဆော်ထားသည်။


ယခုနှစ်တွင် မုတ်သုန်ဝင်ရောက်မှုနောက်ကျပြီး မိုးရွာသွန်းမှု လျော့နည်းနိုင်သဖြင့် စိုက်ပျိုးရေးရေရရှိမှုနည်းပါးနိုင်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ခန့်မှန်းထားသည်။
ယင်းကြောင့် ရာသီဥတုပြောင်းလဲမှု အခြေအနေများပေါ်မူတည်ကာ တုန့်ပြန်ဆောင်ရွက်နိုင်မည့် စိုက်ပျိုးရေးနည်းလမ်းများကိုအသုံးပြုကာ ပြောင်းလဲစိုက်ပျိုးကြရန် နှိုးဆော်ထားသည်။


ရေလိုအပ်ချက်နည်း၍ ဒေသနှင့် ကိုက်ညီသည့် ဈေးကွက်ဝင်သက်တမ်းတို စပါးမျိုး၊ ရေငတ်ဒဏ်ခံနိုင်သည့် စပါးမျိုးများကို စိုက်ပျိုးကြရန် တိုက်ထွန်းထားသည်။


ထို့အပြင် ရေလိုအပ်ချက်နည်းသည့် စိုက်ပျိုးနည်းစနစ်များဖြစ်သည့် သက်နု ကောက်ကွက်ကြဲစနစ်၊ တိုက်ရိုက်အစေ့ချ စိုက်ပျိုးနည်းစနစ်(အခြောက်/အစို)၊ Drum Seeder ဖြင့်စိုက်ပျိုးခြင်း၊ ကြဲခင်း စနစ်များကို လုပ်သားလိုအပ်ချက်အပေါ် မူတည်၍ ရွေးချယ်အသုံးပြုရန် ထုတ်ပြန်တိုက်ထွန်းထားသည်။


တနင်္သာရီတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူကမူ တနင်္သာရီတိုင်းသည် အခြားတိုင်းနှင့်ပြည်နယ်များနှင့်မတူဘဲ မိုးရေချိန်များသည့် ဒေသဖြစ်သောကြောင့် စပါးစိုက်ပျိုးမှုနှင့် ပတ်သက်ပြီး ထိခိုက်မှုများ မရှိကြောင်းပြောသည်။


“ဒီ မိုးရေချိန်ပြောင်းလို့လည်း သက်လတ်သက်ကြီးပဲ စိုက်လို့ရတယ်၊ သက်ငယ်ပြောင်းစိုက်ဖို့ မလွယ်သေးဘူး၊ ရာသီဥတုက အဲ့လောက်ထိ ဒီမှာ ထိခိုက်မှု မရှိဘူး။ ဒီမှာက အားနည်းတာတစ်ခု ရှိတယ်။ ရေသွင်းရေထုတ်မြောင်းတွေ မကောင်းဘူး။ အကုန်လုံး ကောနေတာ ချည်းပဲ။ ထားဝယ်မြစ်ကြီးတောင် ကောနေတာ” ဟု အဆိုပါ တာဝန်ရှိသူက ပြောသည်။


ယခုနှစ်တွင် မိုးနောက်ကျပြီး မိုးကောင်းကောင်းမရွာသဖြင့် လယ်ထဲရေမရှိသောကြောင့် လယ်မထွန်ရသေးကြောင်း ထားဝယ်မြို့နယ်၊ ကူးတို့ကျေးရွာမှ လယ်သမား ဦးလှိုင်ကြည်က ပြောသည်။


“ရေကောင်းကောင်း မတင်သေးဘူးဆိုတော့ မထွန်ရသေးဘူး၊ မနှစ်တုန်းကတော့ ဒီအချိန်ဆို လယ်ထွန်ပြီးနေပြီ။ ရေနစ်တဲ့လယ်တွေတော့ ထွန်သူထွန်နေကြပြီ” ဟု ဦးလှိုင်ကြည်က ဆိုသည်။


ရာသီဥတုပြောင်းလဲလာသဖြင့် သက်ကြီးစပါးစိုက်မရတော့သဖြင့် သက်လတ်နှင့် သက်ငယ်စပါးကို ပြောင်းလဲစိုက်ပျိုးလာကြသည်ဟု ထားဝယ်မြို့နယ်၊ စော်ဝရွာမှ လယ်သမား ဦးအောင်ကြည်က ပြောသည်။


ပြီးခဲ့သည့်နှစ်က မိုးပြတ်စောခဲ့သဖြင့် လယ်ထဲရေပြတ်ကာစပါးခင်းများ အနှံထောင်ကာ အခင်းလိုက်ပျက်စီးခဲ့ပြီး စပါးထွက်နှုန်းကျဆင်းခဲ့သည်ဟု တောင်သူလယ်သမားအချို့က ပြောသည်။

မိုးမြင့်