တက္ကသိုလ်တွေ ပြန်ဖွင့်တော့မလား

0
562

တက္ကသိုလ်များ၏ ဒုတိယနှစ်ဝက် ပုံမှန်ကျောင်းဖွင့်ရက်မှာ ဇွန်လ ၁ ရက် ဖြစ်သော်လည်း တက္ကသိုလ်အတွင်းမှာတော့ ဆရာ၊ ဆရာမများနှင့် ရုံးဝန်ထမ်းများသာရှိနေပြီး ကျောင်းသူ၊ ကျောင်းသားများ ရှိမနေကြသေးပေ။

တက္ကသိုလ်နေ့သင်တန်းများ၊ အဝေးသင်သင်တန်းများ ပြန်ဖွင့်မည့်အချိန်နှင့်ပတ်သက်ပြီး ပညာရေးဝန်ကြီးဌာနက တစ်စုံတစ်ရာညွှန်ကြားလာခြင်း မရှိသေးသောကြောင့် ဖြစ်သည်။
သို့သော်လည်း တက္ကသိုလ်များ၏ လုပ်ငန်းစဉ်အချို့မှာ စတင်အသက်ဝင် လှုပ်ရှားလာနေပြီ ဖြစ်သည်။

ထားဝယ်တက္ကသိုလ်တွင် ပထမနှစ်ဝက် အဖြေလွှာများကို ဇွန်လ ပထမအပတ်မှ စတင်လုပ်ဆောင်နေပြီး ထားဝယ်အဝေးသင်ဌာနတွင်လည်း ဘွဲ့ထောက်ခံစာများ စထုတ်ပေးလျက် ရှိသည်။

အဝေးသင်ပညာရေးကို အွန်လိုင်းမှ သင်ကြားရန် စီစဉ်နေကြောင်း ပညာရေးဝန်ကြီးဌာနက ပြောဆိုထားသော်လည်း လက်တွေ့သင်တန်းများရှိသည့် သိပ္ပံတွဲဘာသာရပ်များအတွက်မူ အွန်လိုင်းစနစ်မှာ စိန်ခေါ်မှုတစ်ခုဖြစ်နေကြောင်း ပညာရေးဝန်ကြီးဌာနက ပြောဆိုထား သည်။

ကွန်ပျူတာတက္ကသိုလ်(ထားဝယ်) တွင်လည်း ကျောင်းမဖွင့်မီ ကွန်ပျူတာပညာရပ်ဆိုင်ရာ ရက်တိုသင်တန်းပို့ချရန် စီစဉ်နေကြောင်း ယင်းတက္ကသိုလ်ကျောင်းအုပ် ဒေါက်တာခင်အေးသန်းက ပြောသည်။

ထားဝယ်ခရိုင်ရှိ တက္ကသိုလ်၊ ကောလိပ်တို့ရှိ ကျောင်းသူ၊ ကျောင်းသား အဆောင်များမှာမူ နိုင်ငံခြားမှ ပြန်ရောက်လာသူများကို အသွားအလာကန့် သတ်သည့်နေရာအဖြစ် အသုံးပြုလျက် ရှိသည်။

ကျောင်းဖွင့်မည့်အချိန်ကို ကြေညာလျှင် ယင်းအဆောင်များကို ပိုးသတ်ဆေးဖျန်းပြီး ပညာရေးဌာနထံ ပြန်အပ်ရမည်ဖြစ်ကြောင်း ထားဝယ်တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာသိင်္ဂီရွှေက ပြောသည်။

ပညာရေးဝန်ကြီးဌာနသည် အခြေခံပညာကျောင်းများ ဖွင့်လှစ်နိုင်ရေးကိုသာ ဦးစားပေးဆောင်ရွက်နေသည်။

အခြေခံပညာ ကျောင်းများပြန်ဖွင့်ပြီးပါက တက္ကသိုလ်၊ ကောလိပ်များကို ပြန်ဖွင့်ရန် စီစဉ်မည်ဖြစ်ကြောင်း ယင်းဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။

အခြေခံကျောင်းများ ကျောင်းဖွင့် မည့်ရက်သည်ပင်လျှင် ဇူလိုင်လ ၂၁ ရက် ဖြစ်သည်။
တက္ကသိုလ်များမှာ ထိုထက်နောက်ကျမည်ဖြစ်သောကြောင့် သင်ကြားရေး နှင့်ပတ်သက်ပြီး အချိန်မလုံလောက်မည် ကို ကျောင်းသူ၊ ကျောင်းသားအချို့က စိုးရိမ်လျက် ရှိသည်။

ယင်းအပြင် စာမေးပွဲ မဖြေရသေးသည့် ဘာသာအချို့လည်း ကျန်နေသေး ပြီး ယင်းကျန်နေသည့် ဘာသာများ ပြန်ဖြေရန် အနည်းဆုံးတစ်ပတ်ခန့် ကျောင်းသားများကို အချိန်ပေးရမည် ဖြစ်ကြောင်း ထားဝယ်တက္ကသိုလ်မှ ဆရာမတစ်ဦးက ပြောသည်။

ထားဝယ်တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာသိင်္ဂီရွှေကမူ ရရှိသည့် ကျောင်းဖွင့်ကာလအတွင်း သင်ခန်းစာများပြီးအောင် သင်ကြားရန်စီစဉ်ရမည်ဖြစ်ကြောင်း ပြောသည်။

“သတ်မှတ်တဲ့အချိန်အတွင်းမှာတော့ ပြီးအောင် လုပ်ရပါလိမ့်မယ်” ဟု ၎င်းက ပြောသည်။

မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ ဆရာမများ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါက်တာစိုးခိုင်ကမူ တက္ကသိုလ်သင်ခန်းစာအချို့ကို လျှော့ချရမည့် အခြေအနေရှိကြောင်း မေလ ၂၂ ရက် ဧရာဝတီသတင်းဌာနနှင့် အင်တာဗျူးတွင် ထည့်သွင်းပြောဆိုထားသည်။

ကိုဗစ်ကာလတွင် တက္ကသိုလ်များဖွင့်မည်ဆိုက အချိန်ခွဲသင်ခြင်း၊ နှစ်သုတ်ခွဲသင်ခြင်းတို့ကို ပညာရေးဌာနဘက်က လုပ်ဆောင်လာနိုင်သဖြင့် ဆရာ၊ ဆရာမများအတွက် အခက်အခဲ ဖြစ်မည်ဖြစ်ကြောင်းလည်း ၎င်းက ပြောဆိုထားသည်။

ကျောင်းသား ခြောက်ထောင်ကျော်ရှိသည့် ထားဝယ်တ္ကသိုလ်အနေဖြင့်လည်း ကိုဗစ်ကာလအတွင်း ကျောင်းဖွင့်ပါက အသုတ်ခွဲစနစ်၊ နေ့တစ်ဝက်စနစ်တို့ကို ကျင့်သုံးနိုင်ခြေရှိကြောင်း ဒေါက်တာသိင်္ဂီရွှေက ပြောသည်။

“ကျောင်းဖွင့်မယ်ဆိုရင်တော့ ကြိုတင်ပြီးတော့ ကြေညာမှာပါ” ဟု ဒေါက်တာသိင်္ဂီရွှေက ပြောသည်။

ကျော်သူစိုး