စားသုံးဆီကို တတ်နိုင်သမျှ လျှော့စားဖို့ ဘာကြောင့်လိုအပ်တာလဲ

0
680

၁) စားသုံးဆီများတွင် အခြေခံအားဖြင့် ကျန်းမာရေးအရ သင့်တင့်စွာစားသုံးနိုင်သည့် မပြည့်ဝဆီများ၊ တတ်နိုင်သမျှလျှော့၍ စားသုံးသင့်သည့် ပြည့်ဝဆီများနှင့် လုံးဝမစားသုံးသင့်သော အသွင်ပြောင်းဆီများဟူ၍ သုံးမျိုးရှိသည်။

၂) မပြည့်ဝဆီသင့်တင့်စွာ စားသုံးခြင်းဖြင့် ခန္ဓာကိုယ်အတွက်ကောင်းမွန်သော သွေးတွင်းအဆီဓာတ်များကို မြင့်တက်စေပြီး မကောင်းသောအဆီဓာတ်များအား လျှော့ချပေးခြင်းဖြင့် နှလုံးရောဂါနှင့် အမျိုးအစား (၂) ဆီးချိုရောဂါစသည့် မကူးစက်နိုင်သည့်ရောဂါများ ဖြစ်ပွားနိုင်ခြေကို လျှော့နည်းစေပါသည်။ (ဥပမာ – မြေပဲဆီ၊ နှမ်းဆီ၊ နေကြာဆီ၊ ငါးမှရသော ဆီများ)

၃) ပြည့်ဝဆီစားသုံးခြင်းကြောင့် မကောင်းသောသွေးတွင်း အဆီဓာတ်များ လွန်ကဲစွာမြင့်တက်စေ၍ အဝလွန်ခြင်း၊ အသည်းအဆီဖုံးခြင်း၊ သွေးကြောနံရံတွင် အဆီများကပ်ခဲ၍ သွေးကြောများကျဉ်းကာ နှလုံးသွေးကြောပိတ်ရောဂါနှင့် လေဖြတ်ခြင်းတို့ကို ဖြစ်စေနိုင်ပါသည်။ (ဥပမာ – စားအုန်းဆီ၊ ဆီကြော်အစားအစာများ၊ တိရစ္ဆာန်မှရသော အဆီများ)

၄) အသွင်ပြောင်းဆီသည် အစားအသောက်များ ပိုမိုတာရှည်ခံ၍ အရသာရှိစေရန် ပုံမှန်အသုံးပြုသောဆီတွင် ဟိုက်ဒရိုဂျင်ဓာတ်ထည့်ပေါင်းထားသော ဆီဖြစ်ပြီး ပြည့်ဝဆီစားသုံးခြင်း၏ ဆိုးကျိုးများအပြင် သွေးတွင်းဆီများကို ပိုမို၍တက်စေခြင်း၊ ကောင်းမွန်သော သွေးတွင်းအဆီ ဓာတ်ကိုကျစေခြင်းနှင့် ခန္ဓာကိုယ်တွင်း ရောင်ရမ်းမှုများဖြစ်စေခြင်းတို့ကြောင့် အထက်ဖော်ပြပါ ရောဂါများအပြင် အမျိုးအစား (၂) ဆီးချိုရောဂါကိုပို၍ ဖြစ်ပွား စေနိုင်ပြီး နောက်ဆက်တွဲဆိုးကျိုးများစွာ ခံစားရနိုင်ပါသည်။ (ဥပမာ – အသင့်စား အစားအစာများဖြစ်သည့် အာလူးကြော်၊ ကြက်ကြော်၊ ကိတ်မုန့်ပေါင်မုန့် စသည် တို့တွင် ပါဝင်သည့်ဆီ)

ပြည့်ဝဆီများကို တတ်နိုင်သမျှလျှော့စား၍ အသွင်ပြောင်းဆီများ စားသုံးခြင်းကို လုံးဝရှောင်ကြဉ်ရမည် ဖြစ်ပါသည်။

ရင်းမြစ် – ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန