ကိုဗစ်ကပ်ဘေးအကြား နိုင်ငံတကာ ကုန်ထုတ်လုပ်မှု ကွင်းဆက်မှ သင်ခန်းစာများ

0
372

ကိုဗစ်ကပ်ဘေးက ရှုပ်ထွေးစွာ တည်ဆောက်ထားသော ကမ္ဘာ့အခင်းအကျင်းအများအပြားကို ရပ်တန့် ဖျက်ဆီးလိုက်သည်။

ယင်းတို့တွင် ကမ္ဘာ့အစားအသောက် ဈေးကွက်ကြီးလည်း တစ်ခုအပါအဝင် ဖြစ်သည်။
ကမ္ဘာအစားအသောက်ထုတ်လုပ်ရေးဈေးကွက်ကြီးမှာ လွန်စွာရှုပ်ထွေးပြီး အဆင့်များစွာဖြင့် လည်ပတ်နေသည်။ မွေးမြူစိုက်ပျိုးချိန်မှ လူတို့၏ ထမင်းစားခန်းအတွင်းရောက်သည်အထိ အဆင့်များစွာရှိသည်။ နိုင်ငံပေါင်းများစွာမှ လုပ်ငန်းများ၊ လယ်သမားများ၊ သယ်ယူ ပို့ဆောင်ရေး၊ ဖြန့်ချိရေး၊ အရောင်းမြှင့်တင်ရေးစသည့် အမျိုးမျိုးသော လုပ်ငန်း ကဏ္ဍများ ပါဝင်နေသည်။

ကားထုတ်လုပ်သည်နှင့်ပင်တူသည်ဟု အချို့ကတင်စားကြသည်။ ဥပမာ ကားတစ်စီးကို ဂျပန်တွင် ထုတ်စေကာမူ သူ့တွင်ပါဝင်သော အစိတ်အပိုင်းများမှာ နိုင်ငံပေါင်းစုံ၊ နေရာပေါင်းစုံမှ လာနိုင်သည်။

အစားအသောက် ထုတ်လုပ်ဖြန့်ချိရေး လမ်းကြောင်းတွင်လည်း ထိုသို့ဖြစ်သည်။

ဥပမာ ယူကရိန်းက ဂျုံကို တူရကီမှ အနံ့အရသာရောကြိတ်ကာ နောက်ဆုံးတွင် တရုတ်နိုင်ငံတွင် ခေါက်ဆွဲထုတ်ခြင်း မျိုးဖြစ်သည်။ ယင်းတွင် မွေးမြူစိုက် ပျိုးခြင်း၊ ထုတ်လုပ်ခြင်း၊ သယ်ယူပို့ဆောင် ခြင်း၊ ထုပ်ပိုးခြင်း၊ ဈေးဝယ်စင်တာများသို့ ပို့ဆောင်ခြင်း၊ ယင်းနောက် စားသုံး လက်ဝယ်ရောက်ရှိခြင်းစသည့် အဆင့်ပေါင်းများစွာ ရှိသည်။

အချို့သော နိုင်ငံတကာ ကုန်ထုတ်လုပ်မှု ကွင်းဆက်တွင် ပန်းသီးတစ်လုံးကိုပင် ထုတ်သည်က တစ်နေရာ၊ ရေဆေး သည်က တစ်နေရာ၊ ထုပ်ပိုးသည်က တစ်နေရာ စသည်ဖြင့် အဆင့်ဆင့် များလှသည်။

အစားအသောက်ထုတ်လုပ်ခြင်းသည် တစ်နေရာတည်းအပြီး မဟုတ်တော့ဘဲ နိုင်ငံတကာ ကော်ပိုရေးရှင်းကြီးများက နိုင်ငံပေါင်းစုံမှ ဈေးအသက်သာဆုံး၊ လုပ်အားခ အသက်သာဆုံး နှင့် အတန်ဆုံး အရင်းအမြစ်များကို အသုံးပြုကာ ပစ္စည်းတစ်မယ်လျှင် အမြတ်နည်းနည်းဖြင့် အမြောက်အမြားထုတ်လုပ်ရောင်းချသည့်နည်းကို သုံးကြသည်။

ထိုကြောင့် စိုက်ပျိုးမွေးမြူရေးနေရာ များသည် ရပ်ရွာဒေသအတွင်း (Local) ဖြစ်သော်လည်း အစားအသောက်ထုတ်လုပ်ရေး လုပ်ငန်းကြီးကတော့ ကမ္ဘာလုံးချီ (Global) ပါသည်။

အမေရိကန်ပြည်ထောင်စုအခြေစိုက် ADM ၊ Bunge နှင့် Cargill၊ နယ်သာလန်အခြေစိုက် Louis Dreyfus နှင့် စင်ကာပူအခြေစိုက် Loam International တို့မှာ ထုတ်လုပ်ခြင်း၊ သိုလှောင်ခြင်းနှင့် စိုက်ပျိုးမွေးမြူရေးကုန်များ သင်္ဘောတင်ပို့ခြင်းကဲ့သို့သော လုပ်ငန်းအဆင့်ပေါင်းများစွာကို ကမ္ဘာနေရာအနှံ့အပြားတွင် အခြေတည်ထားသည်။ ယင်းမှ တစ်ဆင့် Kraft သို့မဟုတ် Unilever ကဲ့သို့သော အစားအသောက်နှင့် လူသုံးကုန်ပစ္စည်းထုတ်လုပ်ရေး ကော်ပိုရေးရှင်းကြီးများထံ ရောင်းချသည်။ ထိုမှတစ်ဆင့် သုံးစွဲသူ လက်ဝယ်ရောက်သည်။

ကမ္ဘာပေါ်ရှိနိုင်ငံတော်တော်များများက ယင်းကွင်းဆက်ကြီးတွင် ချိတ်ဆက်ပါဝင်နေသည်။ လွန်ခဲ့သော နှစ် ၂၀ နှင့် နှိုင်းယှဉ်ပါက နိုင်ငံတော်တော်များများမှာ နိုင်ငံရပ်ခြားသွင်းကုန်များ ပေါ်တွင် ပိုမိုမှီခိုလာကြသည်။

ကိုဗစ်ကပ်ဘေးကြောင်း သယ်ယူပို့ဆောင်ရေးများ ရပ်တန့်သွားသည့်အခါ ယင်းကွင်းဆက်ကြီး တစ်ခုလုံးနီးနီး ရပ်လိုက်ရသည်။

ကိုဗစ်ကပ်ဘေးကြောင့် အသွားအလာကန့်သတ်ခြင်း၊ ဆိုင်များပိတ်သိမ်းခြင်းတို့ကြောင့် လူအများကလည်း ကုန်တိုက်များတွင် တန်းစီကာအလုအယက် ဈေးဝယ်ကြသည်။ အချို့နိုင်ငံများတွင် ငါးသတ္တာ၊ စည်သွတ်ဘူးနှင့် ပါစတာ ကဲ့သို့သော အစားအသောက်များ ၇ ဆမျှ ဈေးတက်သွားသည်။ ထိုနေရာများကို ရုတ်တရက် ထပ်မဖြည့်နိုင်သဖြင့် လိုသလောက်သာ ဝယ်ရန်တိုက်တွန်း ကြရသည်။

အခြားတစ်ဖက်တွင်လည်း လယ်သမား၊ တောင်သူများ၊ စိုက်ပျိုးမွေးမြူရေး သမားတို့ထံတွင် စိုက်ပျိုးမွေးမြူရေး ထုတ်ကုန်များ ပုံနေသည်။ ပြင်သစ်က ငါးဖမ်းသမားများသည် ၎င်းတို့ ဖမ်းထားသော ငါး၏ လေးပုံသုံးပုံကို လွှင့်ပစ်လိုက်ရသည်။ ကနေဒါနိုင်ငံ အွန်တာရီရို ပြည်နယ်မှ မွေးမြူရေးသမားတစ်ဦးကတော့ သူထုတ်ထားသည့် နွားနို့တွေကို နွားတွေကို ပြန်တိုက်ရသည့် ကိန်းဖြစ်သွားသည်။ ဩစတေးလျနိုင်ငံတွင်လည်း ထောပတ်သီးများ အလျှံပယ် ဖြစ်နေသည်။

ထုတ်လုပ်သူနှင့် စားသုံးသူတို့အကြား အဆင့်များလွန်းခြင်း၊ ထုတ်လုပ်မှု ကွင်းဆက်တစ်လျှောက် ကော်ပိုရေးရှင်းများ၏ ချုပ်ကိုင်ခြယ်လှယ်ထားမှုမှာ အခြေကျနေသော စနစ်ဖြစ်လာခြင်းတို့မှာ ကိုဗစ်ကပ်ဘေးကာလတွင် ထင်သာမြင်သာ ဖြစ်သွားသည်။

တစ်ဖက်တွင် စားသုံးသူ စားနပ်ရိက္ခာပြတ်ခြင်း စိုးရိမ်နေရသည်။ အခြားတစ်ဖက်တွင်မူ ထုတ်လုပ်သူ လယ်သမား၊ စိုက်ပျိုးမွေးမြူရေးသမားတို့ လက်ဝယ်တွင် ရောင်းစရာတွေ ပုံနေသဖြင့် လွှင့်ပစ်နေရသည်။

ဆိုတော့ ထုတ်လုပ်သူလယ်သမားများကိုယ်တိုင် စားသုံးသူလက်ဝယ်သို့ တိုက်ရိုက် မပို့နိုင်ပြီလောဟု မေးစရာရှိသည်။ သဘောတရားအရတော့ ဖြစ်ကောင်း ဖြစ်နိုင်သည်။

သို့သော် အသားကျနေပြီးသော စနစ်ကြောင့် ရုတ်တရက်ပြောင်းရန် မဖြစ်နိုင်ပေ။ ကနဦး ထုတ်လုပ်သူများကလည်း သူတို့၏ ထုတ်ကုန်များသည် ကော်ပိုရေးများထံသို့၊ ကုန်တိုက်ကြီးများထံသို့ရောင်းသည့် ပုံစံအတိုင်းသာထုတ်သည့် စနစ်ဖြင့် အသားကျနေသည်။

ဝယ်ယူများကလည်း သူတို့ တစ်ကိုယ်ရေချက်ပြုတ်ရန် ကုန်တိုက်ကြီးတွေမှာသာ ဝယ်နေကြ ဖြစ်နေသည်။

ထိုသို့သော အရိုးစွဲနေသောအမူ အကျင့်များက ရုတ်တရက်ပြောင်းရန် မလွယ်လှ။

အခုတော့ အချို့ကုန်စည်များက ဈေးတက်နေသည်။ နိုင်ငံတကာ ဈေးကွက်တွင် ဆန်ဈေးတက်နေသည်။ အဓိကမှာ ဆန်ရောင်းသည့်နိုင်ငံများက ပို့ကုန်ကန့်သတ်ထားခြင်းကြောင့် ဖြစ်သည်။ ဆန်ရောင်းသည့်နိုင်ငံများတွင် ဆန်ပိုနေနိုင်သော်လည်း ဆန်ဝယ်နိုင်ငံများတွင်မူ အငတ်ဘေးကြုံမည့် အန္တရာယ်ရှိနေသည်။

ဥပမာ ဆီးရီးယားနိုင်ငံတွင် စားသောက်ကုန်ဈေးနှုန်း ၅၀ ရာခိုင်နှုန်းအထိ တက်သွားသည်။ ဆူဒန်တွင် အဓိက စားသောက်ကုန်များ ၁၀ ရာခိုင်နှုန်းဝန်းကျင် ဈေးတက်နေသည်။

အချို့နိုင်ငံများတွင်တော့ သွင်းကုန်၊ ပို့ကုန်များကန့်သတ်ထားရသဖြင့် လယ်သမားများအတွက် ဓာတ်မြေဩဇာ၊ မျိုးစေ့ကဲ့သို့သော သွင်းအားစုများလည်း မသွင်းနိုင်ဖြစ်နေသည်။

ကမ္ဘာ့စီးပွားရေး ကျဆင်းနေခြင်း၊ အလုပ်လက်မဲ့ များပြားလာခြင်း၊ ဝင်ငွေကျဆင်းလာခြင်း တို့ကြောင့် ကိုဗစ်ကပ်ဘေး၏ ရေရှည်တွင် စားသောက်ကုန် ဝယ်သွင်းနေရသော နိုင်ငံများ ပိုအခက်တွေ့နိုင်သည်။ သာဆိုးသည်မှာ အချို့သော စားသောက်ကုန်ထုတ်သည့် နိုင်ငံများတွင် ပြည်တွင်း ဈေးကွက်တွင် ဝယ်လိုအားလျော့ကျလာပြီး ဈေးကျလာနိုင်သည်။ ထိုကြောင့် စားသောက်ကုန်ထုတ်သည့် လယ်သမားများ ရေရှည်တွင် အခက်တွေ့လာနိုင်သည်။

ဆိုတော့ ဘယ်လိုဖြေရှင်းနိုင်သနည်း။

ကုလသမဂ္ဂစားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့ (FAO) တော့ လယ်သမားတွေကို လယ်ထဲဆင်းခွင့်ပေးဖို့၊ လုပ်ငန်းခွင်ဝင်ခွင့်ပေးဖို့ တိုက်တွန်းသည်။ သယ်ယူပို့ဆောင်ရေး လမ်းကြောင်းတွေ ဖွင့်ပေးဖို့လည်း အကြံပြုသည်။ လယ်သမားများအနေနှင့် ကုန်တိုက်တွင် သွားသွင်းမှ ထုတ်ကုန်ရောင်းနိုင်သည်မျိုးမဟုတ်ဘဲ သူတို့နှင့် နီးစပ်သောနေရာတွင် အရောင်းစင်တာများ ဖွင့်ပေးဖို့ အကြံပြုထားသည်။

ကပ်ဘေးကြောင့် ဒေသဈေးများကို မပိတ်ပစ်လိုက်ဖို့ကိုလည်း FAO က တိုက်တွန်းထားသည်။ ဈေးတွေမှာ ခပ်ခွာခွာနေဖို့၊ ရောင်းကြဖို့ကိုတော့ တင်းကြပ်ရမည်ဟုဆိုသည်။
အဓိက စားသောက်ကုန်များတွင် ကော်ပိုရေးရှင်းကြီးများကို မမှီခိုရသော ရောင်းရေးဝယ်တာ စနစ်ချရန် တိုက်တွန်းမှုများ ပိုမိုကျယ်လောင်လာပြီဖြစ်သည်။ ကိုယ့်ဒေသတွင်းတွင် ထုတ်၊ ဒေသတွင်း တွင်ရောင်း၊ ဒေသတွင်းတွင် ဝယ်ယူစားသုံးသည့် စနစ်ကို ပိုမိုအားပြုရန် လိုအပ်သည်။ သို့မှသာ ကမ္ဘာကြီးတွင် ကပ်ဘေးတစ်ခုခုကြုံပါက အထိအခိုက်နည်းပါး မည်ဖြစ်သည်။

အဓိကတော့ Food Chain ဟုခေါ် သော အစားအသောက်ထုတ်လုပ်ဖြန့်ချိမှု တစ်နည်းအားဖြင့် စိုက်ပျိုးမွေးမြူထုတ်သည့်အဆင့်မှ စားသုံးပန်းကန်ပြားပေါ် ရောက်သည့် အဆင့်အကြားအဆင့်ဆင့် နည်းနိုင်သမျှနည်းအောင် ဖန်တီးနိုင်သည့် မူဝါဒများ အားပေးရန် FAO အပါအဝင် ပညာရှင်များက တိုက်တွန်းလာကြပြီဖြစ်သည်။

ကော်ပိုရေးရှင်းကြီးများပါဝင်သော ထုတ်လုပ်ဖြန့်ချိမှုကွင်းဆက်နှင့် ဒေသအခြေပြု ဈေးကွက် ကွင်းဆက်တို့အကြား ကွာခြားပုံအဆင်ဆင့်ကို ပုံတွင်ဖော်ပြထားသည်။
နိုင်ငံတကာမှ သင်ခန်းစာများက မြန်မာနိုင်ငံကဲ့သို့သော နိုင်ငံများအတွက် များစွာသင်ယူစရာဖြစ်သည်။ ကော်ပို ရေးရှင်းကြီးများက လွှမ်းမိုးချုပ်ကိုင်ထားသော နိုင်ငံတကာ ကုန်ထုတ်လုပ်မှု ကွင်းဆက်ပုံမှာ အထိအရှ မခံလှကြောင်း သက်သေပြပြီးဖြစ်သည်။

ထိုကြောင့် မြန်မာနိုင်ငံအနေနှင့် သဘာဝဂေဟစနစ်နှင့် လျော်ညီသော စိုက်ပျိုးရေး၊ အသေးစားအလတ်စား လုပ်ငန်းများကို အားပေးမြှင့်တင်ရန် အချိန်တန်ပြီဖြစ်ကြောင်း အမေရိကန် ပြည်ထောင်စုအခြေစိုက် ဘင်ဟမ်တန် တက္ကသိုလ်၊ လူမှုဗေဒဌာနမှ ပါမောက္ခ ဒေါက်တာ ဝယ်ဒန်ဘယ်လို ဦးဆောင်ရေးသားပြီး ဇွန်လ ၉ ရက်နေ့က ထုတ်ပြန် သော စာတမ်းတစ်ရပ်တွင် ဖော်ပြထားသည်။

ကိုဗစ်အကျပ်အတည်းမှ မြန်မာနိုင်ငံ အကျိုးရှိရှိ သင်ခန်းစာယူ အမြတ်ထုတ်ရန် စာတမ်းတွင် တိုက်တွန်းထားသည်။

မြန်မာတို့အတွက် ဆင်ခြင်ရွေးချယ်စရာ အချိန် သိပ်မကျန်လှတော့ပါ။

Key References:
Bello, W. Lahkyen, D. Franco, J. Vervest, P. Kramer, T (2020) How to Improve Myanmar’s Covid-19 Emergency Relief Program, available at https://www.tni.org/my/how-to-improve-myanmars-covid-19-emergency-relief-program-in-Burmese?content_language=en
FAO (2020), Q&A: COVID-19 pandemic – impact on food and agriculture, available at http://www.fao.org/2019-ncov/q-and-a/impact-on-food-and-agriculture/en/
The Economist (2020), The world’s food system has so far weathered the challenge of covid-19, available at https://www.economist.com/briefing/2020/05/09/the-worlds-food-system-has-so-far-weathered-the-challenge-of-covid-19