အဖြောင့်အတိုင်း နေထိုင်ခြင်းနှင့် ပတ်သက်၍

ကိုဗစ်ဒုတိယလှိုင်းကာကွယ်ရေး စည်းကမ်းတင်းကြပ်ချက်များ

အဖြောင့်အတိုင်း နေထိုင်ခြင်းနဲ့ ပတ်သက်လို့ ကျွန်တော့်ဘဝမှာ နောင်တ မရဖူးပါဘူး။ သည်လို နေထိုင်မှုနဲ့ ပတ်သက်လို့ ဘဝမှာ အခက်အခဲ အကျပ် အတည်းတွေတော့ ရှိတာပဲပေါ့။

ကွေ့ကောက်မပြောဘဲ၊ လိမ်ညာ ဖုံးကွယ်တာမျိုး မလုပ်ဘဲ ဒဲ့ ပြောတတ် ဆိုတတ်တာကြောင့် ကြုံရတဲ့ အချို့ ဖြစ်စဉ်တွေမှာ တအား ခဲခဲခက်ခက် ဖြတ်ကျော်ခဲ့ရဖူးပေမယ့် သေကာမှ သေရော့ နောက်ကျော မလုံတဲ့အဖြစ်မျိုး၊ အသေမဖြောင့်တဲ့ ခံစားမှုမျိုး မလိုချင်တာ ကြောင့် ကိုယ့်ရဲ့ မူလ ခံယူချက်အတိုင်းပဲ ပြောဆို လုပ်ကိုင်ဖြစ်ပါတယ်။

ကိုယ်ရပ်တည်တဲ့ အခြင်းအရာ တစ်ခု အပေါ်မှာ မြဲမြဲမြံမြံရပ်တည်ပြီး ရှေ့ရော နောက်ပါ သည်ရပ်တည်မှုကို ပြောင်းလဲ ပြောဆိုတတ်တာ မရှိတော့ လူမုန်းတာ ခံရပေမဲ့ ဘယ်သူကမှ ဘာမှ မပြောဘဲ ကိုယ်တစ်ယောက်တည်း မျက်နှာပူနေရတာမျိုးလည်း မရှိခဲ့ပါဘူး။

ဘယ်အချိန်ဖြစ်ဖြစ် သည်မြဲမြံတဲ့ ခံယူချက်နဲ့ ရပ်တည်တော့ စိတ်ထဲရှင်း တယ်။ ငါဘယ်တုန်းက ဘာကြောင့် ဒါတွေ လုပ်ခဲ့မိပါလိမ့် ဆိုတာမျိုး ကြောင့်ကြပူပန်ရတာမျိုး မရှိဘူးတော့ဘူး ပေါ့။
ဖြစ်ရပ် နှစ်ခုကို ဖောက်သည်ချချင် ပါတယ်။

။ ။ ။ ။

ဖြစ်ရပ် (၁)

ဘဝမှာ အခက်ခဲဆုံး အခိုက်အတန့် တွေ ဆရာဝန်ဘဝမှာ အများကြီး ကြုံရဖူးပါတယ်။
မမေ့နိုင်စရာ အဖြစ်တွေထဲက တစ်ခုက ဆယ်စုနှစ်တစ်ခု ကြာခဲ့ပြီး အဖြစ်အပျက်ပါ။

တိုက်နယ်တာဝန်ခံ ဆရာဝန် တစ်ယောက်ရဲ့ ဘဝမှာ ခွဲစိတ်ဆရာဝန် သည် လည်းကိုယ်၊ မေ့ဆေးဆရာဝန် သည် လည်းကိုယ် ကိုယ်တစ်ယောက် တည်း ဖြစ်တယ်။ ဆေးကုသမှုမှာရော အရာရာမှာ လူနာအပေါ်စေတနာထားပြီး အလုပ်လုပ်တဲ့အခါ ဆေးရုံရဲ့ လုပ်ငန်း ဆောင်တာတွေဟာ တိုးတက်လာသလို အလုပ်နဲ့ ဘေးထွက်ဆိုးကျိုးတွေရဲ့ အန္တရာယ်ကို ကြုံရတန်စွမ်းကလည်း များပါတယ်။ တစ်လကို ခွဲစိတ်မှု ၅၀ကျော် လုပ်ခဲ့ရတာမျိုးလည်း ရှိပါ တယ်။

တစ်နေ့မှာတော့ အဲသည် မြောက် မြားစွာသော ခွဲစိတ်ကုသမှုတွေထဲက တစ်ခုမှာ အခက်အခဲကြုံရပါတယ်။

ခါးရိုးထဲ ထိုးရတဲ့ ထုံဆေး(Spinal Anesthesia) ကြောင့် ဓာတ်မတည့်မှု ဖြစ်ပြီး လူနာဆုံးပါးခဲ့ရတဲ့ အဖြစ်ဆိုး တစ်ခု ကြုံရတယ်။

အရေးပေါ် အသက်ကယ်ဖို့ လုပ် ဆောင်သင့်တာ အမြန်လုပ်ပေမဲ့ လူနာ အသက်ကို မကယ်နိုင်ခဲ့ပါဘူး။ ကိုယ့်ခွဲစိတ် ခန်းအဖွဲ့ရဲ့ မျက်လုံးတွေက ကိုယ် ဘာလုပ်မလဲဆိုတာကို စူးစမ်းနေကြ တယ်။

လူနာနှလုံးခုန်ရပ်ပြီး သူ့ဝမ်းဗိုက်ထဲ က ကလေးရဲ့ နှလုံးခုန်သံ မရပ်သေးခင် ကလေးရဲ့ ဖခင်ကို ရှင်းပြပြီး ကလေးကို ခွဲစိတ်မွေးဖွားပေးပြီး အတော့်ကို အသက်ကယ်ဖို့ရာ ပြန်လုပ်ရပြန်တယ်။ တစ်နာရီနီးနီး အသက်ကယ်ဖို့ ကြိုးစား ပြီးချိန်မှာ ကလေးရဲ့ အသက်ကို ပြန်ရ ပေမဲ့ ကလေးအမေ ဆုံးသွားခဲ့တယ်။

သည်နောက် ကလေးရဲ့ အဖေ၊ သေဆုံးရှာတဲ့ လူနာရဲ့ မိသားစုကို ကျွန်တော် ခေါ်ပြီး ရှင်းပြပါတယ်။ ဖြစ်တတ်တဲ့ ဆေးဝါးအပေါ် တုံ့ပြန်မှု ကြောင့် လူနာ အသက်ဆုံးရှုံးခဲ့ရလို့ ကျွန်တော့်အနေနဲ့ များစွာ စိတ်မကောင်း ဖြစ်ရပါကြောင်း ပြောပြဖြစ်တယ်။ ကိုယ်နဲ့ အဖွဲ့တစ်ဖွဲ့လုံး ချွေးသံတရွှဲရွှဲနဲ့ လုပ်နေကိုင်နေတာ မြင်ရတဲ့ လူနာရဲ့ မိသားစုက နားလည်လက်ခံပါတယ်။

“ဆရာရယ်၊ သူ့ကံကိုက အဲသလို ဖြစ်လာဖို့ ပါလို့ဖြစ်မှာပါ။ ဆရာတို့ဆီမှာ ခွဲစိတ်နေတာ နေ့တိုင်း ဘာမှ မဖြစ်ခဲ့ဖူး တာ ကျွန်တော်တို့ မြင်နေတာပဲ ဆရာ။ သူ့ကျမှ. . . ဖြစ်ရတာ။ ကံပေါ့ဆရာ”လို့ လေးလေးပင်ပင် ဆိုတယ်။

ကျွန်တော့်အနေနဲ့ လူနာကိုက နောက်ကျမှ လာလို့ ဖြစ်ရတာ၊ အစော ကတည်းက ကိုယ်ဝန် လာမအပ်ဘူး၊ ဘာဘာညာညာ စသဖြင့် နစ်နာသူ လူနာအပေါ် အပြစ်မတင်ဘဲ ကိုယ့် ဘက်က လုပ်ခဲ့တာတွေနဲ့ ဖြစ်ပျက်ခဲ့တဲ့ အကြောင်းခြင်းရာအပေါ် ရိုးရိုးသားသား ရှင်းပြတယ်။ တစ်ဘက်သားနဲ့ကိုယ်နဲ့ အကြားမှာ ရှင်းလင်းတဲ့စိတ်နဲ့ ဆက်ဆံ တယ်။ တစ်ဘက်က လက်ခံတယ်။

အတော်တော့ စိတ် ထဲခံစားခဲ့ရတယ်။ မကြုံခဲ့ဖူးတာကြုံရ တာကိုး။

တစ်ပတ်အထိ ခွဲစိတ်ဓား မကိုင်နိုင်ဘူး။ ကျွန်တော့်အထက် တာဝန်ခံ ဖြစ်တဲ့ မြို့နယ် ဆရာဝန်ကြီးက ဖုန်းဆက် အား ပေးတယ်။ ညီငယ်ရေ၊ လဲကျရင် ပြန်ထ ပါ၊ ကိုယ့်ကိုကိုယ် ပြန်ထပါ။ အခက်အခဲ ဆိုတာ ဆေးကုနေသမျှ ကြုံရနိုင်တာပဲ။ လဲကျရင် ပြန်ထပါညီတဲ့။

မကြာပါဘူး။ ကိုယ့်ဘက်က အသက်မကယ်ရင် မဖြစ်တဲ့ မွေးလူနာ အရေးပေါ် ကြုံရတဲ့အခါ ဆရာဝန်စိတ်နဲ့ ခွဲစိတ်ခန်းပြန်ဖွင့်ပြီး ခွဲစိတ်ဓား ပြန်ကိုင် ဖြစ်ခဲ့ပါတယ်။

ငါးနှစ်နီးပါးအကြာ ကလေးတစ် ယောက် ဆေးခန်းလာပြလို့ ကျွန်တော် ကြည့်ပေးပြီး ပြန်ခါနီးမှာ အဒေါ်ဖြစ်သူက ကျွန်တော့်ကို နှုတ်ဆက်တယ်။

“ဒါ ဆရာ ကယ်ခဲ့တဲ့ ကလေးလေ ဆရာ။ ကလေးအမေ ဆုံးပြီးမှ ဆရာ အသည်းအသန် အသက်ကယ်ခဲ့တဲ့ ကလေး သည်အရွယ်ရောက်ပြီ ဆရာ”တဲ့။

ကျွန်တော် နှုတ်ဆိတ်ခဲ့ပေမဲ့ စိတ်ထဲ နောင်တ ရတာမျိုးတော့ မဟုတ်ဘူး။ သူတို့ဘက်ကလည်း စိတ်ထဲ ရှင်းရှင်း ပါပဲ။ ကိုယ့်ဘက်က ကိုယ်ချင်းစာ စိတ် အပြည့်နဲ့ လုပ်ခဲ့ကိုင်ခဲ့တာ သူတို့လည်း နားလည် ခံစားမိကြတော့ အခက်ခဲဆုံး ပြဿနာသော်မှ ပြေပြေလည်လည် ကျော်ဖြတ်နိုင်ခဲ့ပါတယ်။

ဖြစ်ရပ် (၂)

သည်အတွေ့အကြုံနဲ့ ခပ်ဆင်ဆင် ရင်ဆိုင်ရတဲ့ မျက်နှာပူစရာ ခံရခက်ခက် အဖြစ်မျိုး လက်ထောက်ဆရာဝန် ဘဝမှာ လည်း ကျွန်တော် ရင်ဆိုင်ရဖူးပါတယ်။ အမျိုးသမီးကို ကိုယ်ဝန်ထပ်မဆောင်နိုင် ဖို့ရာ ပြုလုပ်ရတဲ့ သားကြောဖြတ် ခွဲစိတ် ကုသမှုဆိုတာ ကျွန်တော်တို့ ဆေးရုံကြီး တွေအနေနဲ့ကတော့ သာမန်ခွဲစိတ်မှုမျိုး လို့သော်မှ ဆိုကြပါတယ်။ အလုပ်ဝင်ပြီး ၂နှစ်နီးပါး ကြာပြီဆိုတော့ စီနီယာ (အကြီးတန်း) လက်ထောက် ဆရာဝန် အဖြစ်နဲ့ ဂျုနီယာ လက်ထောက် ဆရာဝန် အငယ်ရဲ့ ခွဲစိတ်မှုမှာ လက်ထောက် ခွဲစိတ်ဆရာဝန် (Assistant Surgeon) အဖြစ် ပါဝင်ရင်း ဂျူနီယာကို ကူရတယ်။ ကံမကောင်းချင်တော့ ဂျူနီယာ ဆရာဝန် လေးက လူနာရဲ့ ဆီးအိမ်ကို ဖောက်မိပါ လေရော။ ကျွန်တော်တို့ရဲ့ သားဖွားမီးယပ် အထူးကု ဆရာဝန်ကြီး အစ်မအိုဂျီ ချက်ချင်း ဝင်လာပြီး ပြန်လည်ခွဲစိတ် ကုသမှု လုပ်ပေးခဲ့ပါတယ်။

နောက်နေ့ လူနာခန်းလှည့်တဲ့အခါ အစ်မကြီးက လူနာ့ဘေး ကျွန်တော်တို့ နှစ်ယောက်ကို ထိုင်ခိုင်းပြီး ရှင်းပြတယ်။

“ရှင့်ကို သည်ဆရာနှစ်ယောက်က ခွဲစိတ်ကုသမှုပြုလုပ်ပေးရာမှာ မတော် တဆ ဆီးအိမ်ကို ထိခိုက်တာမျိုး ဖြစ်သွားခဲ့တယ်။ ချက်ချင်းပဲ ကျွန်မတို့ ပြန်လည် ခွဲစိတ်ပြုပြင်ပေးနိုင်ခဲ့ပါတယ်။ တစ်ခုပါပဲ။ အခြားလူနာတွေထက်တော့ ဆေးရုံမှာ လေးငါးရက် ကြာအောင် ရှင့်အနေနဲ့ ပိုနေရမပေါ့”တဲ့။

ကျွန်တော်တို့အဖို့ သည်ခဏမှာ အတော် မျက်နှာမထားတတ်အောင်ဖြစ်ရ ပေမဲ့ ပြဿနာကို အမှန်အတိုင်း အရှိအတိုင်း ရှင်းပြတာဖြစ်တဲ့အပြင် အရာရာ ကိုယ်ကျိုးစွန့်အလုပ်လုပ်တဲ့ အစ်မ သားဖွား မီးယပ် အထူးကု ဆရာဝန်မကြီးအပေါ် လူနာနဲ့ လူနာရှင် တွေရဲ့ ယုံကြည်မှုကြောင့် ကျွန်တော်တို့ အပေါ် အပြစ်မမြင်ကြပါဘူး။

ကျွန်တော်တို့အဖို့လည်း ကိုယ့် အမှားကို ပွင့်ပွင့်လင်းလင်း ဝန်ခံလိုက်ကြ ရတဲ့ အတွက် စိတ်ထဲ အပြစ်လို့ တနုံ့နုံ့ မခံစားရပါဘူး။ လူနာဘက်ကလည်း အပြစ်မယူပါဘူး။ အစ်မကြီးရဲ့ ပွင့်လင်း ပြီး ရိုးရှင်းတဲ့ ဖြေရှင်းမှုမျိုးကို ကျွန်တော် သဘောကျပါတယ်။

။ ။။ ။

အပေါ်မှာ ပြောခဲ့သလိုပဲ အဖြောင့် အတိုင်း နေထိုင်ခြင်းနဲ့ပတ်သက်လို့ ကျွန်တော့်ဘဝမှာ နောင်တ မရဖူးပါဘူး။ အခုထိလည်း အဲဒီအတိုင်းပဲ နေထိုင် ရှင်သန်နေဆဲပါပဲ။

သည်လို နေထိုင်မှုနဲ့ပတ်သက်လို့ ဘဝမှာ အခက်အခဲ အကျပ်အတည်းတွေ တော့ ရှိတာပဲပေါ့။

ကိုရိုးဆေး