ကိုဗစ်ကြောင့် ဝေးလံခေါင်သီသည့်ဒေသတွင် စားနပ်ရိက္ခာ အခက်အခဲဖြစ်နေ

0
443

Covid-19 ကူးစက်ရောဂါကြောင့် မြန်မာနိုင်ငံအရှေ့တောင်ပိုင်း မွန်ပြည်သစ်ပါတီ ထိန်းချုပ်နယ်မြေအတွင်းက ဝေးလံခေါင်သီသည့်ဒေသရှိ ပြည်သူများ စားနပ်ရိက္ခာ အခက်အခဲဖြစ်နေကြောင်း မွန်ပြည်လူ့အခွင့်အရေးဖောင်ဒေးရှင်း (Human Rights Foundation of Monland) က ပြောသည်။


ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ဒေသန္တရအစိုးရနှင့် မွန်ပြည်သစ်ပါတီတို့၏ အသွားအလာကန့်သတ်မှုနှင့် သီးသန့်ပိတ်ပင်ထားမှု (lockdown) တို့ကြောင့် မြန်မာနိုင်ငံအရှေ့တောင်ပိုင်း ဒေသခံပြည်သူများ ကြုံတွေ့ခံစားနေရသည့် နေ့စဉ်လူမှု စီးပွားဘဝ ကျပ်တည်းမှုအခြေအနေကို မွန်ပြည်လူ့အခွင့်အရေးဖောင်ဒေးရှင်းက မြေပြင်ကွင်းဆင်း စစ်တမ်းကောက်ယူခဲ့ပြီး မကြာမီ အစီရင်ခံစာထုတ်ပြန်မည်ဖြစ်ကြောင်း သိရသည်။


ဒေသန္တရအစိုးရနှင့် မွန်ပြည်သစ်ပါတီတို့၏ တားမြစ်မှုများသည် ရောဂါပြန့်ပွားခြင်းကို တားဆီးနိုင်ခဲ့သော်လည်း အခြားတစ်ဖက်တွင် ဒေသခံပြည်သူလူထုများ၏ နေ့စဉ်လူမှုစီးပွားဘဝအပေါ် ရိုက်ခတ်မှုများစွာ ဖြစ်ပေါ်စေခဲ့သည်ဟု စမ်းတမ်းကောက်ယူခဲ့သည့် အချက်အလက်များအပေါ် အခြေခံပြီး မွန်ပြည်လူ့အခွင့်အရေးဖောင်ဒေးရှင်း တာဝန်ရှိသူများက ပြောသည်။


“အစိုးရအထောက်အပံ့နဲ့ လူသားချင်းစာနာထောက်ထားမှု အကူအညီတွေ မရောက်နိုင်တဲ့ ရေးမြို့နယ် တောင်ပိုင်းနဲ့ ရေဖြူမြို့နယ်မြောက်ပိုင်းမှာရှိတဲ့ IDP ရွာတွေနဲ့ ဝေးလံခေါင်သီတဲ့ ရွာတွေကတော့ အတော်လေး အခက်အခဲဖြစ်ပါတယ်” ဟု မွန်ပြည်လူ့အခွင့်အရေး ဖောင်ဒေးရှင်း၏ Program Director နိုင်အဲမွန်က ပြောသည်။


ရေးမြို့နယ် တောင်ပိုင်းနှင့် ရေဖြူမြို့နယ်မြောက်ပိုင်းဒေသက ဝေးလံခေါင်သီသည့် ကျေးရွာပေါင်း ၂၀ ကျော်၊ အိမ်ခြေ ၁၀ဝဝကျော် ၊ လူဦးရေ ၅၀ဝ၀ ကျော်ရှိသည်ဟု မွန်ပြည်လူ့အခွင့်အရေးဖောင်ဒေးရှင်း၏ စစ်တမ်းအရ သိရသည်။


“အဓိကက မိုးတွင်းမှာ ရိက္ခာပြတ်လပ်သွားမှာကို ဒေသခံတွေက စိုးရိမ်နေကြတယ်။ အဲဒီဒေသတွေက မိုးတွင်းဆိုရင် လမ်းပန်းဆက်သွယ်ရေး မကောင်းတော့ဘူး။ သွားလာဖို့က ခက်ခဲတယ်” ဟု မွန်ပြည်လူ့အခွင့်အရေးဖောင်ဒေးရှင်းမှ Program Coordinator မင်းဗညားအက်ဗွန်က ပြောသည်။


လက်ရှိတွင် ကိုဗစ်ကပ်ရောဂါကြောင့် အသွားအလာပိတ်ထားသဖြင့် အလုပ်မလုပ်ရသည့်အတွက် ရိက္ခာလည်းမစုဆောင်းနိုင်ဘဲဖြစ်နေပြီး အကူအညီအထောက်အပံ့များလည်း မရောက်ဘဲဖြစ်နေသည်ဟု ၎င်းက ပြောသည်။


ရေဖြူမြို့နယ်အတွင်းရှိ ကျေးရွာ ၉ ရွာတွင် စားနပ်ရိက္ခာအတွက် အခက်အခဲဖြစ်နေသည့်အပြင် အဆိုပါဒေသ၌ မကြာခဏဖြစ်ပွားနေသည့် မြေမြှုပ်မိုင်းပေါက်ကွဲမှုအန္တရာယ်နှင့် နှစ်စဉ်ဖြစ်ပွားလေ့ရှိသည့် ငှက်ဖျားရောဂါအန္တရာယ်နှင့်လည်း ရင်ဆိုင်ကြုံတွေ့နေရသည်ဟု မွန်ပြည်သစ်ပါတီက ပြောသည်။


“အဓိကက ရေဖြူဒေသကကျေးရွာ ၉ ရွာက ဒေသခံတွေအတွက် အလှူရှင်အဖွဲ့အစည်းတွေ လူမှုအဖွဲ့ အစည်းတွေကနေ တတ်နိုင်သလောက် ဝိုင်းဝန်းကူညီ ပေးစေချင်ပါတယ်” ဟု မွန်ပြည်သစ်ပါတီ ပြည်တွင်းရေးရာတာဝန်ခံ နိုင်ဗညာလယ်က ပြောသည်။


မွန်ပြည်သစ်ပါတီအနေနှင့် ၎င်းတို့ ထိန်းချုပ်နယ်မြေဒေသအတွင်းရှိ ကျေးရွာများ ဝေးလံခေါင်သီသည့် ကျေးရွာများသို့ ကူညီထောက်ပံ့လိုသူများအနေနှင့် တိုက်ရိုက်သော်လည်းကောင်း မွန်ပြည်သစ်ပါတီ၏ Covid-19 အရေးပေါ်တုံ့ပြန်မှု ကော်မတီမှတစ်ဆင့်သော်လည်းကောင်း ထောက်ပံ့လှူဒါန်းနိုင်ကြောင်း တိုက်တွန်းနှိုးဆော်ထားသည်။


မွန်ပြည်လူ့အခွင့်အရေးဖောင်ဒေးရှင်းအနေနှင့် Covid-19 ကူးစက်ရောဂါကြောင့် မြန်မာနိုင်ငံအရှေ့တောင်ပိုင်း ဝေးလံခေါင်သီသည့်ဒေသမှ ပြည်သူများရွှေ့ပြောင်းအခြေချသူများ လူမှုစီးပွားကျပ်တည်းမှုအကြောင်းကို ရုပ်ရှင်မှတ်တမ်းတိုအနေနှင့် ဇွန်လ ၁ ရက်နေ့က ထုတ်လွှင့်ခဲ့ပြီး မကြာခင်မှာလည်း အစီရင်ခံစာအဖြစ် ထုတ်ပြန်သွားရန်ရှိသည်။