နိုင်ငံအဆင့် သန့်ရှင်းစိမ်းလန်း စိုပြည်ကျောင်းဆု ကျွန်းစု အ.ထ.က ဆွတ်ခူး

0
387

အမျိုးသားအဆင့် သန့်ရှင်း၍ စိမ်းလန်းစိုပြည်သောကျောင်း ပထမဆု ကို ကျွန်းစုမြို့ ပထက်ကျေးရွာရှိ အခြေခံ ပညာအထက်တန်းကျောင်းက ဆွတ်ခူးခဲ့ ကြောင်း ယင်းကျောင်းအုပ်ဆရာမကြီး ဒေါ်မေမြင့်လွင်ထံမှ သိရသည်။

၂၀၂၀ ပြည့်နှစ် ဇွန်လ ၅ ရက်နေ့ တွင် ကျရောက်မည့် ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ကို ကြိုဆိုဂုဏ်ပြုသော အားဖြင့် အမျိုးသားအဆင့် သန့်ရှင်း၍ စိမ်းလန်းစိုပြည်သောကျောင်းဆု (National Clean and Green School Award) အားချီးမြှင့်ခြင်း ဖြစ်သည်။

အဆိုပါဆုအတွက် ပါဝင်ယှဉ်ပြိုင် သော ကျောင်းပေါင်း ၂၉ ကျောင်းရှိ သည့်အနက် အခြေခံပညာမူလတန်း ကျောင်း လေး‌ကျောင်းနှင့် အခြေခံပညာ အထက်တန်းကျောင်း လေးကျောင်းတို့ မှာ ဆုရရှိခဲ့ကြကြောင်း ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန၏ လူမှုကွန် ရက်စာမျက်ပေါ်တွင် ဇွန်လ ၄ ရက်နေ့က ထုတ်ပြန်ထားသည်။

အဆိုပါ အထက်တန်းကျောင်းတွင် သစ်ပင်ပန်းမန်တို့အား စိမ်းလန်းစွာ စိုက်ပျိုးထားပြီး တစ်ကျောင်းလုံး အနေ ဖြင့် သန့်ရှင်းသပ်ရပ်စွာ စနစ်တကျ ပြုလုပ်ထားကာ ကျောင်းသားများ အတွက် ကျန်းမာရေးနှင့် ညီညွတ်စေမည့် သန့်စင်ခန်းသုံး စနစ်တို့အား အလေး ထားဆောင်ရွက်ထားသဖြင့် ဆုရရှိခြင်း ဖြစ်နိုင်ကြောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်မေမြင့်လွင်က ပြောပြသည်။

“ပြည့်ဖြိုးထွန်းကုမ္ပဏီဘက်က ရော မိဘဆရာတွေ ပူးပေါင်းပါဝင်လို့ ဒီလိုမျိုးအောင်မြင်ရတာပါ”ဟု ဆုရ သည့်အပေါ် ကျောင်းအုပ်ဆရာမကြီး ဒေါ်မေမြင့်လွင်က ပြောသည်။

ထို့ပြင် သဘာဝပတ်ဝန်းကျင်အား ထိန်းသိမ်းသည့်အနေဖြင့် ကားတာယာ အဟောင်းကဲ့သို့ စွန့်ပစ်ပစ္စည်းများအား အလှဆင်ထားခြင်း၊ စွန့်ပစ်ပစ္စည်းများမှာ ပတ်ဝန်းကျင်အား ထိခိုက်ရှိကြောင်းကို ကျောင်းသားများသိရှိ လိုက်နာစေရန် အသိပညာပေး နံရံကပ်စာ‌စောင်များ ကပ်ထားကြောင်း ကျောင်းအုပ် ဆရာမကြီးက ပြောပြသည်။

နိုင်ငံတော်အဆင့် ပထမဆုရသည့် အတွက် အာဆီယံအဆင့်တွင် ဝင်ရောက် ယှဉ်ပြိုင်ရမည်ဖြစ်ကြောင်း ကျောင်းအုပ် ဆရာမကြီး ဒေါ်မေမြင့်လွင်ထံမှ သိရသည်။

အဆိုပါကျောင်းတွင် ပြီးခဲ့သည့် ပညာသင်နှစ်က ကျောင်းသား/သူ တစ်ထောင့်နှစ်ရာနီးပါးနှင့် ဆရာ/မ ဦးရေ လေးဆယ်နီးပါးရှိကြောင်း ယင်း ကျောင်းမှ သိရသည်။

အထက်တန်းအဆင့်ဆုရ‌ကျောင်း များအနက် အခြေခံပညာအထက်တန်း ကျောင်း ပထက် ကျွန်းစုမြို့က ရရှိခဲ့ပြီး ဒုတိယဆုကို အမှတ် ၂၊ အခြေခံပညာ အထက်တန်းကျောင်း၊ စမ်းချောင်းမြို့ နယ်၊ ရန်ကုန်တိုင်းဒေသကြီး၊ တတိယ ဆုကို အမှတ် ၁၆၊ အထက၊ ချမ်းအေးသာ စံမြို့နယ်၊ မန္တလေးတိုင်းဒေကြီးနှင့် စတုတ္ထဆု ကို အထက၊ နမ့်လန်၊ သီပေါမြို့နယ်၊ ရှမ်းပြည်နယ်က အသီးသီးရရှိခဲ့‌ကြ ကြောင်း ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန၏ လူမှုကွန် ရက်စာမျက်တွင် ရေးသားထားသည်။

မြင့်မိုရ်(မြိတ်)