ဗိုက်ပူ အဝလွန် ရဲတပ်ဖွဲ့ဝင်များ ဝိတ်လျှော့ရမည်

0
633

ကိုယ်အလေးချိန်လွန်နေသည့်၊ ဗိုက်ပူနေသည့် ရဲတပ်ဖွဲ့ဝင်များ အချိန် လေးလအတွင်း ကိုယ်အလေး ချိန်လျှော့ရန် ဝန်ကြီးဌာနက ညွှန်ကြားထားကြောင်း တနင်္သာရီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး ထံမှ သိရ သည်။

ယင်းကဲ့သို့ ကိုယ်အလေးချိန်လျှော့ ရန် မေလ အလယ်ပိုင်းက ညွှန်ကြားထား ပြီး အချိန်လေးလအတွင်း ဝိတ်မလျှော့ ပါက ရဲစည်းကမ်းအရ အရေးယူမည်ဟု ညွှန်ကြားထားကြောင်း တိုင်းရဲတပ်ဖွဲ့မှူး ရုံးမှ ဒုတိယရဲမှူးကြီးစိန်ဝင်းက ဆို သည်။

ကိုယ်အလေးချိန် စံသတ်မှတ်ရာ တွင် Body Mass Index (BMI) ခန္ဓာ (ကိုယ်အလေးချိန်နှင့် အရပ်အမြင့် အချိုး အစား) တွက်ချက်နည်းဖြင့် အဝလွန်/ မလွန် သတ်မှတ်ခြင်းဖြစ်ကြောင်း သိရ သည်။

ဥပမာ အရပ်အမြင့် ငါးပေ လေး လက်မရှိသူသည် ကိုယ်အလေးချိန် ၁၄၀ ပေါင်ရှိပါက BMI24 ရှိပြီး အဝမလွန်ဘဲ သာမန် အနေအထားပင်ဖြစ်သည်။

“လေးလအချိန်ပေးထားတာ မလုပ်ရင် ရဲစည်းကမ်းအရ အရေးယူ မယ်လို့ ညွှန်ကြားထားတယ်”ဟု ဒုရဲမှူးကြီးစိန်ဝင်းက ပြောသည်။

ယင်းညွှန်ကြားချက်အတိုင်းလိုက် နာရန် သက်ဆိုင်ရာ ခရိုင်၊ မြို့နယ်များကို ထပ်ဆင့်ညွှန်ကြားထားကြောင်း ၎င်းက ဆိုသည်။

ရဲတပ်ဖွဲ့ဝင်များ နိုင်ငံတကာရဲ တပ်ဖွဲ့ကဲ့သို့ စမတ်ကျစေရန်နှင့် ကျန်းမာရေးနှင့် ညီညွတ်စေရန် နိုင်ငံတ ကာစံနှုန်းအတိုင်း ဝိတ်လျော့ရန် ပြည်ထဲ ရေးဝန်ကြီးဌာန၏ ညွှန်ကြားချက်တွင် ပါဝင်ကြောင်း အမှတ် ၁၁ ယာဉ်ထိန်းရဲဒုတိယတပ်ဖွဲ့ခွဲမှူးရုံး (တနင်္သာရီ)မှ ရဲမှူးမိုးကျော်က ဆိုသည်။

ထိုကြောင့် အဝလွန်၊ ဗိုက်ပူသည့် တပ်ဖွဲ့ဝင်များကို ညနေပိုင်းတွင် အားက စားလုပ်ရန် အချိန်ပေးထားကြောင်း ၎င်းက ပြောသည်။

“ကျွန်တော်တို့က ညနေ လေးနာရီ ဆိုရင် တပ်ဖွဲ့ဝင်တွေ စုပေါင်းပြီးတော့ အဝလွန်၊ ဗိုက်ပူတဲ့တပ်ဖွဲ့ဝင်တွေဆို ကိုယ်လက် ကြံ့ခိုင်ရေးပေါ့။ ပြေးတာတို့ ဒိုက်ထိုးတာတို့၊ ခြင်းခတ်တာတို့၊ ဒါလေးတွေကို ဆောင်ရွက်နေတယ်”ဟု ရဲမှူး မိုးကျော်က ဆိုသည်။

ယာဉ်ထိန်းတပ်ဖွဲ့ဝင်များက အားကစားလုပ်ရန် အချိန်ရသော်လည်း နယ်မြေရဲအများစုကမူ ရဲလုပ်ငန်းများ လုပ်နေရသည့် အတွက်အားကစားလုပ် ရန် အချိန်မရကြဟု ပြောဆိုကြသည်။

ယင်းသို့ ဝိတ်လျှော့နိုင်ရေးအတွက် တစ်ရက်လျှင် နှစ်နာရီ သို့မဟုတ် သုံးနာရီခန့် အချိန်ပေးစေလိုကြောင်း ထားဝယ်ခရိုင်အတွင်း တာဝန်ထမ်း ဆောင်နေသည့် ရဲတပ်ဖွဲ့ဝင်တစ်ဦးက ဆိုသည်။

“အချိန်ပေးဖို့လိုတာပေါ့။ မပေးဘဲ နဲ့ ဘယ်လိုဝိတ်ချရမှာလဲ”ဟု အဆိုပါ တပ်ဖွဲ့ဝင်က ပြောသည်။

ယင်းသို့ အဝလွန်၊ ဗိုက်ပူ တပ်ဖွဲ့ ဝင်များဝိတ်လျော့ရန် ပြည်ထဲရေးဝန်ကြီး ဌာန လက်အောက်ရှိ ရဲတပ်ဖွဲ့အပြင် အကျဉ်းဦးစီးဌာန၊ မီးသတ်တပ်ဖွဲ့ အစရှိ သည့် ဌာနများကိုလည်း ညွှန်ကြားထား ကြောင်း တိုင်းရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။

Dawei Watch