မြေပြိုနိုင်သည့်နေရာတွင် နေထိုင်သူများကို ကြိုတင် သတိပေးမည်

0
329

မွန်ပြည်နယ် ပေါင်မြို့နယ်အတွင်းက မြေပြိုမှုဖြစ်နိုင်သည့်နေရာများတွင် နေထိုင်သူများကို မြေပြိုခြင်းနှင့် ပတ်သက်သည့် ကြိုတင်သတိပေးမှုများ လုပ်ဆောင်သွားမည်ဟု မွန်ပြည်နယ်အစိုးရအဖွဲ့ထံမှ သိရသည်။


ပေါင်မြို့နယ် သဲဖြူကုန်းကျေးရွာရှိ မလတ်တောင်ပြိုကျမှုဖြစ်ပွားပြီးနောက် ပေါင်မြို့နယ်အတွင်းရှိ တောင်တန်းများအား သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနမှ ဖွဲ့စည်းတာဝန်ပေးထားသည့် ဘူမိဗေဒကျွမ်းကျင်ပညာရှင်အဖွဲ့က ကွင်းဆင်းစစ်ဆေးခဲ့ရာ မြေပြိုမှုဖြစ်နိုင်သည့်နေရာ ၂၁ နေရာ တွေ့ရှိထားသည်။


အဆိုပါ နေရာများအနက် ၁၄ နေရာသည် ယခင်က မြေပြိုခဲ့ဖူးသည့်နေရာများဖြစ်ပြီး နောက်ထပ်မြေပြိုရန် အလားအလာပိုများသည့်နေရာများဖြစ်သည်ဟု မွန်ပြည်နယ်အစိုးရအဖွဲ့ မွန်ပြည်နယ်အစိုးရအဖွဲ့ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီး ဒေါက်တာမင်းကြည်ဝင်းက ဆက်ပြောသည်။


“မြေပြိုနိုင်တဲ့နေရာက ပြည်သူတွေကို သတိပေးနိုင်တဲ့အဆင့်လောက်ပဲ ပေးလို့ရမှာ။ ပတ်ဝန်းကျင် အားလုံးအကုန်လုံး ရွှေ့ပြောင်းဖို့ ဘာဖို့က လွယ်တဲ့ကိစ္စတော့ မဟုတ်ဘူးလေ” ဟု ဒေါက်တာမင်းကြည်ဝင်းက ပြောသည်။


သို့သော် အဆိုပါနေရာ ၂၁ ခုတွင် လူနေအိမ်ခြေ မည်မျှရှိသည်ဟူသည့် အသေးစိတ်အချက်အလက်များကိုမူ မသိရသေးဟု ဝန်ကြီးက ပြောသည်။


ကွင်းဆင်းလေ့လာထားသည့် ဘူမိဗေဒကျွမ်းကျင်ပညာရှင်အဖွဲ့က မြင့်မား မတ်စောက်သော တောင်စောင်းများပေါ်တွင် လူနေအိမ်များ တည်ဆောက်ထားခြင်း၊ တောင်ခြေတွင်ကပ်၍ နေထိုင်ခြင်းနှင့် တောင်ခြေအားမြေတူးဖော်၍ နေရာချဲ့ခြင်းတို့အား ထိန်းချုပ်ရန်နှင့် မြေပြိုခဲ့ဖူးသည့် နေရာများအနီးတွင် နေထိုင်ရန်မသင့်တော်ကြောင်း အကြံပြု ထားသည်။


၎င်းပြင် မြေပြိုခြင်းနှင့် ပတ်သက်၍ အသိပညာဗဟုသုတများ ဆောင်ရန်ရှောင်ရန်နှင့် သတိပြုသင့်သည်များအား ရပ်ရွာအုပ်ချုပ်ရေးမှူးများမှတဆင့် အသိပညာပေးသင့်ပါကြောင်းလည်း ပညာရှင်အဖွဲ့က အကြံပြုထားသည်။


ပြည်နယ်အစိုးရအနေနှင့် မြေပြိုနိုင်သည့်နေရာတွင် နေထိုင်သူများအား ကြိုတင်သတိပေးခြင်းအပြင် သဘာဝဘေးကြုံတွေ့လာခဲ့လျှင်လည်း ရွှေ့ပြောင်းနိုင်ရန်အတွက် အစီအစဉ်များ ကြိုတင်ဆောင်ရွက်ထားရန်လည်း လိုအပ်သည်ဟု သထုံမြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ကျော်သူက ပြောသည်။


“ဖြစ်လာမှ ဆောင်ရွက်တာထက်စာရင် ကြိုတင်ဆောင်ရွက်တဲ့အပိုင်းကို ပိုပြီး အလေးထားစေချင်တယ်” ဟု ဦးအောင်ကျော်သူက ပြောသည်။


မွန်ပြည်နယ်တွင် မိုးသည်းထန်ရွာသွန်းမှုကြောင့် ၂၀၁၉ ခုနှစ် ဩဂုတ်လ ၉ ရက်နေ့က ပေါင်မြို့နယ် သဲဖြူကုန်းကျေးရွာရှိ မလတ်တောင်ပြိုကျမှုဖြစ်ပွားခဲ့ပြီး လူ ၇၀ ဦးအထိ သေဆုံးခဲ့ရသည်။

ယဉ်စနိုင်း