NLD ပါတီဆိုင်းဘုတ်နှင့် အလံဖျက်ဆီးသူကို ပုဒ်မသုံးခုဖြင့် အမှုဖွင့်

0
358

ဘုတ်ပြင်းမြို့နယ်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဆိုင်းဘုတ်နှင့် ပါတီအလံကိုဖျက်ဆီးသည့် အမျိုးသားကိုပုဒ်မသုံးခုဖြင့် အမှုဖွင့်ထားကြောင်း တနင်္သာရီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။


အထက်ပါမြို့နယ်၊ ဟန်ကပြုကျေးရွာအုပ်စုတွင် မေလ၂၆ ရက်ညက အသက် ၃၇ နှစ်အရွယ်အမျိုးသားက အရက်မူးပြီး ပါတီဆိုင်းဘုတ်နှင့် ပါတီအလံကို ဖျက်ဆီးခဲ့ကြောင်း ရဲမှတ်တမ်းအရ သိရသည်။


ပါတီဆိုင်းဘုတ်နှင့် ပါတီအလံကို ဖျက်ဆီးခဲ့သည်ဆိုသည့်အမျိုးသားကို ရာဇသတ်ကြီးပုဒ်မ- ၂၉၄ (ညစ်ညမ်းသောပြုလုပ်မှု)/ ၄၂၇ (အကျိုးဖျက်ဆီး မှု) / ၅၀၆ (ရာဇဝတ်မကင်းသောခြောက်လှန့်မှု) တို့ဖြင့် အမှုဖွင့်ထားကြောင်း ရဲမှတ်တမ်းအရ သိရသည်။


ရာဇသတ်ကြီးပုဒ်မ-၂၉၄ ကို ဖောက်ဖျက်က ၃ လအထိ ထောင်ဒဏ် တစ်မျိုးမျိုးဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်သည်။


ပုဒ်မ- ၄၂၇ ကို ဖောက်ဖျက်ပါက ၂ နှစ်အထိ ထောင်ဒဏ်တစ်မျိုးမျိုးဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်သည်။


ပုဒ်မ- ၅၀၆ ကို ဖောက်ဖျက်ပါက ၂ နှစ်အထိ ထောင်ဒဏ်တစ်မျိုးမျိုးဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်သည်။ ထို့အပြင် သေစေရန် သို့မဟုတ် အပြင်းအထန်နာကျင်စေရန် ခြိမ်းခြောက်ပါက ၇ နှစ်အထိ ထောင်ဒဏ် တစ်မျိုးမျိုးဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်သည်။


ဖြစ်စဉ်မှာ ကျေးရွာပါတီရုံးအသစ် မဆောက်ပေးသည့်ကိစ္စနှင့် ပတ်သက်၍ မကျေနပ်ရာမှ ပါတီကျေးရွာဥက္ကဋ္ဌနှင့် အခြားသူများကိုဆဲဆိုပြီးနောက် ယင်းကျေးရွာနေ မြို့နယ်အလုပ်အမှုဆောင်ဖြစ်သူ၏ နေအိမ်ရှေ့တွင်စိုက်ထူထားသည့် ပါတီဆိုင်းဘုတ်ကို ရိုက်ဖျက်ခြင်း၊ ပါတီကိုအလံကို ယူဆောင်သွားခဲ့ကြောင်း ရဲမှတ်တမ်းတွင် ဖော်ပြသည်။


ပါတီအလံကို ယူဆောင်ပြီးနောက် ကျေးရွာအုပ်ချုပ်ရေးမှူးရုံးအရှေ့တွင် တင်ထားခဲ့ကြောင်း ရဲမှတ်တမ်းအရ သိရသည်။


ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ မေလ ၂၇ ရက်နေ့တွင် ရပ်ကျေးအုပ်ချုပ်ရေးမှူး၊ ပါတီကျေးရွာဥက္ကဋ္ဌနှင့် အခြားသူများက ရပ်ကွက်အုပ်ချူပ်ရေးမှူးရုံးတွင် ဆွေးနွေးနေစဉ် အထက်ပါအမျိုးသားက ရဲဒင်းကိုင်ဆောင်ပြီးရောက်ရှိလာကာ ထုချေပစ်မည်ဟု ပြောဆိုကြောင်း ရဲမှတ်တမ်းတွင်ဖော်ပြသည်။


ဖြစ်စဉ်နှင့် ပတ်သက်၍ ကျေးရွာ တာဝန်ရှိသူများကို ဆဲဆိုခြင်း၊ ပါတီအလံနှင့် ပါတီဆိုင်းဘုတ်ကို ဖျက်ဆီးခဲ့သည့်အတွက် NLD ပါတီ ကျေးရွာဥက္ကဋ္ဌက တရားလိုလုပ်ကာ ကရသူရိနယ်မြေရဲစခန်းတွင် အမှုဖွင့်ထားကြောင်း တိုင်းရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။