ရနောင်း-ကော့သောင်းလမ်းမှ ပြန်လိုသူများ သံအရာရှိထံ စာရင်းပေး ပြန်နိုင်

0
605

ရနောင်း-ကော့သောင်းလမ်းမှ နေရပ်ပြန်လိုသော ထိုင်းရောက်မြန်မာများနှင့် ရွှေ့ပြောင်း အလုပ်သမားများအနေဖြင့် ရနောင်းအခြေစိုက် မြန်မာအလုပ်သမားသံရုံးတွင် စာရင်းပေးသွင်းကာပြန်နိုင်ကြောင်း မြန်မာအလုပ်သမားသံအရာရှိ(ထိုင်းတောင်ပိုင်း) ဦးကျော်စိုးဝေက ပြောသည်။


ကိုဗစ်ကပ်ဘေးကာလအတွင်း ထိုင်း-မြန်မာနယ်ခြား ရနောင်း-ကော့သောင်းနယ်စပ်ဖြတ်ကျော်ဂိတ်ကို ယာယီပိတ်ထားရာ ယင်းလမ်းမှအိမ်ပြန်လိုသော မြန်မာများအနေဖြင့် ရနောင်းမြို့ရှိ မြန်မာအလုပ်သမားသံရုံးတွင်စာရင်းပေးကာ အိမ်ပြန်နိုင်မည် ဖြစ်သည်။


ရနောင်းသံရုံးနှင့် အလှမ်းဝေးကွာသူများအနေဖြင့် မိမိနေထိုင်ရာဒေသရှိ အလုပ်သမားအရေးကူအညီပေးသည့် အသင်းအဖွဲ့များနှင့် ဆက်သွယ်၍လည်းကောင်း၊ Myanmar Labour Attaché Office – ThailandFacebook စာမျက်နှာသို့အချက်အလက်များ ပေးပို့လျှောက်ထားနိုင်ကြောင်း ဦးကျော်စိုးဝေက ပြောသည်။


ပေးပို့ရမည့်အချက်အလက်များမှာ အမည်၊ နိုင်ငံကူးလက်မှတ်/မှတ်ပုံတင်အမှတ်၊ ထိုင်းတွင်လုပ်ကိုင်သည့် အလုပ်အမျိုးအစား၊ အလုပ်သမားအမျိုးအစား (MOU၊ CI၊ PJ၊ PV၊ Boder Pass၊ အထောက်အထားမဲ့)၊ ထိုင်းတွင် နေထိုင်သည့်လိပ်စာ၊ အလုပ်ရှင်အမည်၊ မြန်မာပြည်တွင် နေထိုင်သည့်လိပ်စာ၊ ပြန်လိုသည့်အကြောင်းအရာ၊ ထွက်ခွာလိုသည့် ရက်၊ ထိုင်းသို့ ပြန်လာ/မလာ၊ ဆက်သွယ်နိုင်သည့်ဖုန်းနံပါတ် စသည့်အချက်များ ဖြစ်သည်။


“ပြီးတော့ကိုယ်ထွက်ချင်တဲ့၊ ကိုယ်ဘယ်နယ်စပ်ဂိတ်ကထွက်မလဲ၊ လောလောဆယ်တော့အပေါက်သုံးပေါက်ပေါ့နော်။ မယ်ဆိုင်-တာချီလိတ်လမ်းကြောင်း ရယ်၊ မြဝတီ-မဲဆောက်ရယ်၊ ရနောင်း-ကော့သောင်းရယ်ပေါ့။ ကိုယ်ဘယ်ပေါက်ကထွက်မလဲပေါ့” ဟု ဦးကျော်စိုးဝေက ပြောသည်။


ကိုဗစ်ကာလအစတွင် ရနောင်း-ကော့သောင်းလမ်းကိုပိတ်လိုက်ပြီး မြဝတီ-မဲဆောက်လမ်းတစ်ခုသာဖွင့်တော့သဖြင့် ထိုင်းတောင်ပိုင်းရှိမြန်မာများ မြန်မာပြည်ပြန်ရေးမှာ မြဝတီ – မဲဆောက်လမ်းမှ ပြန်ပတ်ရမည်ဖြစ်၍ အခက်တွေ့ ခဲ့ကြရသည်။


နောက်ပိုင်းတွင်မှ ရနောင်း-ကော့သောင်းလမ်းမှပြန်လိုသူများ ယခုကဲ့သို့ စာရင်းပေးကာ ပြန်နိုင်ကြောင်း ထုတ်ပြန်ခဲ့သည်။ မေလ ၂၃၊ ၂၆ နှင့် ၂၉ ရက်နေ့တို့တွင် စုစုပေါင်း မြန်မာ ၃၀ဝ ကျော် ထိုလမ်းမှ အိမ်ပြန်ခွင့်ရခဲ့သည်။


လက်ရှိတွင်လည်း ယင်းလမ်းမှပြန်ရန် စာရင်းပေးထားသူများစွာရှိနေပြီး စိစစ်ဆောင်ရွက်နေကြောင်း ဦးကျော်စိုးဝေက ပြောသည်။


ထိုင်းရှိ မြန်မာရွှေ့ပြောင်းအလုပ်သမားအများစုမှာ ကိုဗစ်ကာလအတွင်း ထိုင်းတွင်အလုပ်ပိတ်လိုက်သောကြောင့် နေထိုင်စားသောက်ရန် အဆင်မပြေကြတော့သဖြင့် နေရပ်သို့ ဆောလျင်စွာပြန်လိုနေကြခြင်း ဖြစ်သည်။


ယင်းသို့ မြန်မာပြန်လိုသူများအား ပြန်ခွင့်ရရေးဆောင်ရွက်ရာတွင် ကြန့်ကြာမှုအချို့ရှိနေကြောင်း ရွှေ့ပြောင်းအလုပ်သမားအချို့က ဆိုကြသည်။