စံချိန်စံညွှန်းမပြည့်သော တည်ဆောက်ရေးလုပ်ငန်း ၃၀ ကျော်ကို လွှတ်တော်ကော်မတီ ဖော်ထုတ်

0
342

တနင်္သာရီတိုင်းအတွင်း တိုင်းအစိုးရစီမံကွပ်ကဲမှုဖြင့် ဆောက်လုပ်နေသော လမ်း၊ တံတား၊ အဆောက်အအုံများစသည့် တည်ဆောက်ရေးလုပ်ငန်းများ၏ လျော့ရဲနေသော အခြေအနေကို တိုင်းလွှတ်တော်ကော်မတီတစ်ခုက မြေပြင်ကွင်းဆင်းလေ့လာပြီး အစီရင်ခံစာတစ်စောင်ကို တိုင်းလွှတ်တော်ထံတင် သွင်းခဲ့သည်။


၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်နှင့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တို့တွင် ဆောင်ရွက်ခဲ့သည့် တည်ဆောက်ရေးလုပ်ငန်းများကို တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးရဲမြင့်ဆွေ ဦးဆောင် သည့် တိုင်းလွှတ်တော် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စီးပွားရေးကော်မတီက ရေးသားထားသော အစီရင်ခံစာ ဖြစ်သည်။


အဆိုပါကော်မတီသည် မြို့နယ်အလိုက် ဆောင်ရွက်နေသော တည်ဆောက်ရေးလုပ်ငန်း အတော်များများကို ကွင်းဆင်းစစ်ဆေးထားသည်ကို တွေ့ရသည်။


“တည်ဆောက်ရေးလုပ်ငန်းတွေနဲ့ ပတ်သက်ပြီး စီမံကိန်းတွေပေါ့။ ဒါက ပြည်သူ့ဘဏ္ဍာကနေ တည်ဆောက်ပြီးတော့ နိုင်ငံတော်ကနေပြီး အဆိုပြုထားတဲ့ စီမံကိန်းတွေက မြေပြင်မှာ လိုအပ်ချက်တွေ ကိုက်ညီမှု ရှိ/မရှိ။ ပြီးတော့ မြေပြင်မှာတည်ဆောက်နေတဲ့ လုပ်ငန်းတွေက သတ်မှတ်ထားတဲ့ စံချိန်၊ စံညွှန်းတွေနဲ့ ညီ/မညီဆိုတာတွေကို ကွင်းဆင်းစိစစ်ပြီးတော့ ကော်မတီအနေနဲ့ အစီရင်ခံစာပြန်ပြီး တင်သွင်းတာဖြစ်ပါတယ်” ဟု ဦးရဲမြင့်ဆွေက ပြောသည်။


ယင်းတို့အနက် လုပ်ငန်းသုံးဆယ်ကျော်တွင် သတ်မှတ်စံချိန်၊ စံညွှန်းမပြည့်သည့်ကိစ္စများရှိနေကြောင်း အသေးစိတ်ရေးသား ဖော်ပြထားသည်။

ဥပမာအနေဖြင့် အချို့ကို ထုတ်နုတ်ဖော်ပြရလျှင်-
တနင်္သာရီမြို့နယ် ဆင်ခြေဖုံးကျေးရွာအုပ်စု စတိန်သောင်ရွာနှင့် မမသောင်ကျေးရွာချင်းဆက်လမ်းအား ကျောက်စီလမ်းအဖြစ်ခင်းရာတွင် တင်ဒါအောင်စဉ်က တွက်ချက်မှုတွင် ပါဝင်သည့် အောက်ခံကျောက်အရွယ်အစားအတိုင်း ထည့်သွင်းမှုမရှိခြင်း၊ လမ်း၏ဒုတိယအလွှာတွင် ခင်းထားသောကျောက်မှာ ပုံမှန်ထည့်သွင်းရမည့်အရွယ်ထက် နှစ်ဆပိုကြီးနေခြင်းစသည်တို့ကို လုပ်ဆောင်ထားသည်ဟု ဆိုသည်။


နောက်တစ်ခုမှာ သရက်ချောင်းမြို့နယ် ရငဲကျေးရွာ ဘောလုံးကွင်းပြုပြင်ခြင်းလုပ်ငန်းအတွက် အသုံးပြုမည့်သံချောင်းများမှာ ဒီဇိုင်းတွင်ဖော်ပြထားသည့် အရွယ်အစားမဟုတ်ဘဲ ထည့်သွင်းဆောင်ရွက်နေကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။


ဆောက်လုပ်ပြီးစီးနေပြီဖြစ်သော ထားဝယ်မြို့ပညာရေးကောလိပ် သုံးထပ်စာသင်ဆောင်မှာလည်း သတ်မှတ်စံချိန်၊ စံညွှန်းမပြည့်သဖြင့် တံခါးရွက်များ ကွဲအက်နေခြင်း၊ တွန့်လိမ်နေခြင်းတို့ ဖြစ်ပေါ်နေသည်။ တံခါးပေါက်များကို ဒီဇိုင်းပါအတိုင်း သစ်အမာဖြင့် အရွယ် အစားအမှန် ပြန်လည်တပ်ဆင်ပေးရန် လိုအပ်နေကြောင်း ဖော်ပြထားသည်။


ယင်းသို့ တိုင်းအတွင်းက တည်ဆောက်ရေးလုပ်ငန်းများ လျော့တိလျော့ရဲဖြစ်နေရသော အကြောင်းအရင်းများကိုလည်း တိုင်းလွှတ်တော်ကော်မတီက သုံးသပ်တင်ပြထားသည်။
ယင်းသို့ သုံးသပ်ရာတွင် ကုမ္ပဏီများ၊ တည်ဆောက်ရေးလုပ်ငန်းကြီးကြပ်ရေး အဖွဲ့များ၊ ဌာနဆိုင်ရာများ၏ အားနည်းချက်နှင့် ၎င်းတို့ ရင်ဆိုင်နေရသောအခက်အခဲများဟု နှစ်ပိုင်းခွဲ ဖော်ပြထားသည်။


“ကုမ္ပဏီဘက်ကလည်း အားနည်းချက်တွေရှိတယ်။ ကုမ္ပဏီတိုင်းကိုတော့ မဆိုလိုဘူး။ အချို့သော ကုမ္ပဏီတွေမှာ နည်းပညာပိုင်းမှာ အားနည်းနေတာမျိုး တွေရှိတယ်။ အစိုးရဘက်ကလည်း တချို့အပိုင်းတွေမှာ ဆောင်ရွက်မပေးနိုင်တာတွေ ရှိတယ်” ဟု ဦးရဲမြင့်ဆွေက ပြောသည်။

ကုမ္ပဏီများ၏ အားနည်းချက်နှင့် အခက်အခဲများ
ကုမ္ပဏီများသည် ကျွမ်းကျင်ပြီးလုပ်ငန်းအတွေ့အကြုံရှိသော အလုပ်သမားမှာ ရာခိုင်နှုန်းအတော်နည်းနေခြင်း၊ ကျွမ်းကျင်အင်ဂျင်နီယာများမှာလည်း တာဝန်ယူမှု၊ တာဝန်ခံမှု ကြပ်မတ်ဆောင်ရွက်မှု အားနည်းခြင်း၊ အချို့တည်ဆောက်ရေး လုပ်ငန်းများတွင်မူ အင်ဂျင်နီယာများသည် အမည်ခံမျှသာရှိကြောင်း ဖော်ပြထားသည်။


တာဝန်ခံအင်ဂျင်နီယာများကို အမည်ခံမျှသာ ငှားရမ်းထားပြီး မြေပြင်တွင် အလုပ်သမားခေါင်း၊ မန်နေဂျာဆိုသူများကသာ လုပ်ငန်းခွင်ကို ကြီးကြပ်နေကြသည်ဟု အဆိုပါ အစီရင်ခံစာတွင် ထောက်ပြထားသည်။


ယင်းအပြင် ကုမ္ပဏီများသည် လုပ်ငန်းအကောင်အထည် မဖော်မီ၊ ဖော်ဆဲ၊ ဖော်ပြီး အချိန်များတွင် ဒေသခံများ၊ သက်ဆိုင်ရာမြို့နယ် တည်ဆောက်ရေးကြီးကြပ်အဖွဲ့များနှင့် ဆွေးနွေးတိုင်ပင်မှုအားနည်းခြင်းတို့လည်း ဖြစ်ပေါ် နေသည်ဟု ဆိုသည်။


ဒေသခံနှင့် ကုမ္ပဏီမတည့်ခြင်း၊ ဒေသခံများနှင့် မတည့်သည့်အပြင် လမ်း၊ တံတားဆောက်ရာတွင် အရည်အသွေးမမီသည့် ကုမ္ပဏီများကပင် ထပ်ထပ်ခါခါ တင်ဒါအောင်မြင်နေခြင်း၊ လုပ်ငန်းအတွက် ငွေအားလုံးကို ကုမ္ပဏီက ထုတ်ယူသွားပြီးနောက် ပြန်လည်ပြင်ဆင် ဆောင်ရွက်ရန် လိုအပ်သည့်အချိန်တွင် ဆက်သွယ်မရတော့သည့် ကုမ္ပဏီအချို့လည်းရှိသည်ဟု ဆိုသည်။


ကျင့်ဝတ်ပိုင်းဆိုင်ရာဖြစ်သော ကုမ္ပဏီ ကိုယ်ရေးရာဇဝင် (Profile)၊ နည်းပညာဆိုင်ရာ အဆိုပြုလွှာ (Technical Proposal) တွင် ဖော်ပြထားသည့် လုပ်ငန်းသုံး စက်ယန္တရားများမှာလည်း အမှန်တကယ်မြေပြင်တွင် ဖော်ပြထားသကဲ့သို့ ဆောင်ရွက်နိုင်ခြင်းမရှိကြောင်းလည်း အစီရင်ခံစာတွင် ဖော်ပြသည်။


“ကုမ္ပဏီဘက်ကလာတင်တဲ့ Proposal (အဆိုပြုလွှာ) နဲ့မကိုက်ညီဘဲ မြေပြင်မှာလုပ်ထားတာတွေရှိတယ်” ဟု ဦးရဲမြင့်ဆွေက ပြောသည်။


ကုမ္ပဏီမှ တာဝန်ခံအင်ဂျင်နီယာများသည် မြေပြင်ကွင်းဆင်း လေ့လာခြင်းမရှိဘဲ ဆောက်လုပ်ရေးဒီဇိုင်းတွင် လက်မှတ်ထိုးပေးနေကြကြောင်းလည်း ဖော်ပြထားသည်။


အချို့အင်ဂျင်နီယာတို့မှာ ဆောက်လုပ်ရေးလုပ်ငန်းများ၏ အရည်အသွေးထက် ကိုယ်ပိုင်အကျိုးအမြတ်ကိုသာ ဦးစားပေးကြပြီး ကျွမ်းကျင်သည့်ဘာသာရပ်နှင့် ကိုက်ညီခြင်းမရှိဘဲ လုပ်ငန်းခွင်ဝင် နေကြရသည်။ ဥပမာ- လမ်း၊ တံတား ကျွမ်းကျင်အင်ဂျင်နီယာက လျှပ်စစ်နှင့် အဆောက်အအုံကဲ့သို့ ဆောက်လုပ်ရေးလုပ်ငန်းတို့ကို တာဝန်ယူနေကြခြင်းဖြစ်သည်။


အစိုးရက အမည်ပျက်စာရင်း ထည့်သွင်းခြင်းခံထားရသော လုပ်ငန်းရှင်တစ်ဦးသည် အခြားကုမ္ပဏီအမည်များဖြင့် အခြားနာမည်ပျက်မရှိသော ကုမ္ပဏီများနှင့် တင်ဒါယှဉ်ပြိုင်ကာ အနိုင်ရသွားသည်များလည်းရှိကြောင်း အစီရင်ခံစာတွင် ထည့်သွင်းဖော်ပြထားသည်။


ယင်းသည် ကျင့်ဝတ်နှင့်အညီ ဆောင်ရွက်နေသော ကုမ္ပဏီများအတွက် ထိုးနှက်ချက်တစ်ခုလည်းဖြစ်နေကြောင်း ဖော်ပြထားသည်။


ယင်းကဲ့သို့ အားနည်းချက်အများအပြားရှိသော်လည်း တစ်ဖက်တွင် ဆောက်လုပ်ရေး ကုမ္ပဏီများသည် အခက်အခဲအပေါင်းစုံကို ရင်ဆိုင်နေရသည်။ စီးပွားရေးအရ တွက်ခြေမကိုက်သော အခြေအနေများကိုလည်း ရင်ဆိုင်နေကြရသည်။


တင်ဒါအောင်ပြီးသော ဆောက်လုပ်ရေးကုမ္ပဏီအချို့သည် တိုင်းအဆင့်တည်ဆောက်ရေး၊ လုပ်ငန်းစိစစ်ရေး ကော်မတီ၏အတည်ပြုချက် မရသေးပါက လုပ်ငန်းအတွက်သုံးစွဲမည့် ငွေကြေး အချို့( ၂၅ ရာနှုန်း၊ ၅၀ ရာနှုန်း) ကို သက်ဆိုင်ရာဌာနများတွင် ထုတ်ယူခွင့် မရကြပေ။


ယင်းအတွက်ကြောင့် အလုပ်သမားများအား ပေးချေရမည့် လုပ်အားခများကို အချိန်မီ မပေးနိုင်သည့်အပြင် ဘိလပ်မြေ၊ သံ၊ သဲ၊ ကျောက် စသည့် လုပ်ငန်းသုံးပစ္စည်းများ ဝယ်ယူရာတွင် အကြွေးစနစ်ဖြင့် ဝယ်ယူဆောင်ရွက်နေကြရသည်ဟု အစီရင်ခံစာက ဆိုသည်။


တည်ဆောက်ရေးလုပ်ငန်းကြီးကြပ်အဖွဲ့၏ မြေပြင်ကွင်းဆင်းစစ်ဆေးခြင်းအတွက် ခရီးစရိတ်တို့ကို ကျခံနေရသည်။ လုပ်ငန်းတစ်ခုလျှင် ရှစ်ကြိမ်ခန့်ကုမ္ပဏီဘက်က အကုန်ကျခံစိုက်ထုတ် သုံးစွဲနေရကြောင်း ဆိုထားသည်။


“တချို့ဝေးလံခေါင်းဖျားတဲ့ဒေသတွေမှာ တည်၊ ကော် ကလုပ်ငန်းသွားစစ် ရတဲ့အခါကျတော့ ကုမ္ပဏီရဲ့အကူအညီတွေ ပြန်ယူနေရတဲ့ပုံစံမျိုးတွေရှိတယ်။ ဒီအပိုင်းကိုတော့ အစိုးရအနေနဲ့ ဖြည့်ဆည်းဆောင်ရွက်ပေးသင့်တယ်ပေါ့” ဟု ဦးရဲမြင့်ဆွေက ဆိုသည်။


ကျေးရွာအချို့တွင် တင်ဒါအောင်စဉ်က မပါဝင်သောလုပ်ငန်းများကို ကုမ္ပဏီဘက်က ကုန်ကျခံကာ အပိုထပ်ဆောင်းလုပ်ဆောင်ပေးနေရခြင်း၊ ကိုယ်ကျိုးစီးပွားအတွက် ဒေသခံအမည်ခံကာ ကုမ္ပဏီများတွင် ငွေကြေးကဲ့သို့သော မလိုလားအပ်သည့် တောင်းဆိုမှုမျိုးကို လည်း ကုမ္ပဏီများက ပေးဆောင်နေကြရသည်။


တိုင်းအတွင်းတည်ဆောက်ရေးလုပ်ငန်းများ လျော့ရဲနေရခြင်းသည် ကုမ္ပဏီများ၏ အားနည်းချက် တစ်ခုတည်းကြောင့်မဟုတ်ဘဲ တည်ဆောက်ရေးလုပ်ငန်း ကြီးကြပ်ရေးအဖွဲ့များကြောင့်လည်းပါဝင်ကြောင်း အစီရင်ခံစာတွင်ထောက်ပြထားသည်ကို တွေ့ရသည်။

ကြီးကြပ်အဖွဲ့၏ အားနည်းချက်နှင့် အခက်အခဲများ
လမ်း၊ တံတား၊ အဆောက်အအုံ စသည့် ဆောက်လုပ်ရေးလုပ်ငန်းများအလိုက် ကြီးကြပ်မည့် အရည်အချင်းရှိ အင်ဂျင်နီယာများ တည်ဆောက်ရေးလုပ်ငန်း ကြီးကြပ်အဖွဲ့ထဲတွင် ပါဝင်မှု ရာနှုန်းနည်းပါးနေခြင်း၊ ဆောက်လုပ်ရေးလုပ်ငန်းများအား စိစစ်ရာတွင် မျက်မြင် အနေအထားအရသာ စိစစ်နေရခြင်းစသည့် အားနည်းချက်တို့ရှိနေကြောင်း ဖော်ပြထားသည်။


ကြီးကြပ်အဖွဲ့ အဆင့်ဆင့်တွင်ပါဝင်သော အင်ဂျင်နီယာများသည် မိခင်ဌာနက ဆောက်လုပ်ရေးလုပ်ငန်းနှင့် ရုံးလုပ်ငန်းများကိုသာ ဦးစားပေးနေရပြီး အခြားဌာနက ဆောက်လုပ်ရေးလုပ်ငန်းများကို အချိန်ပြည့် ခြေဦးမလှည့်နိုင်ကြပေ။


“တည်ကော်ထဲမှာ ထည့်ထားတဲ့ အားလုံးက ဌာနဆိုင်ရာတွေဖြစ်တဲ့အတွက်ကြောင့် သူတို့ မိခင်ဌာနရဲ့ မူလအလုပ်တွေကို လုပ်ပြီးမှပဲ ရက်တစ်ရက်ကို အချိန်ပေးပြီး သွားစစ်နေရတာဖြစ်တဲ့အတွက် အချိန်နဲ့တပြေးညီ စစ်ဆေးမနိုင်တဲ့အပိုင်းတွေ ဖြစ်လာတဲ့အခါကျတော့ တည်ဆောက်ရေးနဲ့ ပတ်သက်တဲ့ အရည်းအသွေးပိုင်းတွေ ကျဆင်းလာမှာကို စိုးရိမ်ရတယ်” ဟု ဦးရဲမြင့်ဆွေက ပြောသည်။


သွားလာရခက်ခဲသောဒေသ၊ ရာသီဥတုဆိုးရွားသည့်အချိန်ဆိုလျှင် ကြီးကြပ်အဖွဲ့ပါ အင်ဂျင်နီယာများသည် ဆောက်လုပ်ရေးလုပ်ငန်းများကို ဓာတ်ပုံမှတ်တမ်းများကိုသာ ကြည့်ပြီး ကြီးကြပ်ဆောင်ရွက်နေကြရကြောင်းစသည်ဖြင့် အားနည်းချက် ၇ ချက်ကို အစီရင်ခံထားသည်။


ကြီးကြပ်အဖွဲ့၏ အခက်အခဲကိုလည်း အချက် ၇ ချက်ဖြင့်ပင် အစီရင်ခံစာတွင် ဖော်ပြထားသည်။
ယင်းတို့မှာ ကြီးကြပ်အဖွဲ့ ခရီးစရိတ်၊ နေ့တွက်စရိတ်နှင့် အခြား အထွေထွေကုန်ကျစရိတ်ကို အစိုးရက သီးခြားသတ်မှတ်ပေးနိုင်ခြင်း မရှိသဖြင့် ဌာနရန်ပုံငွေဖြင့် သုံးစွဲရန်မှာလည်း မလုံလောက်သည့် အခက်အခဲနှင့် ရင်ဆိုင်နေကြရသည်ဟု ဆိုသည်။


ယင်းအပြင် အရည်အသွေးစစ်ဆေးမည့် စက်ကိရိယာလည်း မလုံလောက်။ ကုန်းလမ်းမပေါက်၊ ရေကြောင်းဖြင့်သာသွားရမည့် ခရီးဆိုက ရေယာဉ်က မရှိ။ မရှိသဖြင့် အရည်အသွေးသွားမစစ်နိုင်။ ယင်းအတွက်ကြောင့် တည်ဆောက်ရေးလုပ်ငန်းအတွက် သုံးသော နိုင်ငံတော်ဘဏ္ဍာအချို့ အဟောသိကံဖြစ်လာနိုင်ကြောင်း ထောက်ပြထားသည်။


ကျပ်သန်းတစ်ရာမှ သန်းသုံးရာအထိ တည်ဆောက်ရေးလုပ်ငန်းများကိုမူ မြို့နယ်အဆင့် ကြီးကြပ်အဖွဲ့က စိစစ်ခွင့် မရှိ။ ခရိုင်ကသာ စိစစ်သည်။ ယင်းရန်ပုံ ငွေပမာဏဖြင့် ဆောက်မည့် တည်ဆောက်ရေးလုပ်ငန်းတွင် အခြေခံအကျဆုံး မြို့နယ်ကြီးကြပ်အဖွဲ့ အခန်းကဏ္ဍမှာ ပျောက်ဆုံးနေကြောင်း ဖော်ပြပါရှိသည်။


တည်ဆောက်ရေးလုပ်ငန်းများကို ကြီးကြပ်ရန်မှာ ဌာနဆိုင်ရာများသာပါဝင်သည့် ကြီးကြပ်အဖွဲ့တစ်ခုတည်းဖြစ် မလုံလောက်ဘဲ သီးခြားလွတ်လပ်သည့် တတိယအဖွဲ့အစည်းတစ်ခုဖြင့် ကြီးကြပ်ရန်လိုအပ်နေကြောင်း ဦးရဲမြင့်ဆွေက ထောက်ပြသည်။


“ကုမ္ပဏီတစ်ခုကနေပြီးတော့ သူတို့လုပ်ငန်းကို စစ်ပေးပါလို့ပြောမှ သွားစစ်နိုင်တဲ့ပုံစံမျိုးဖြစ်နေတယ်။ ထုံစံအတိုင်းဆို ဒီလုပ်ငန်းက တတိယအဖွဲ့အစည်းက အချိန်နဲ့တပြေးညီပေါ့။ ဘယ်အချိန်မဆို ရှောင်တခင်ဝင်ရောက် စစ်ဆေးနေရမှာ” ဟု ဦးရဲမြင့်ဆွေက ပြောသည်။


တည်ဆောက်ရေးလုပ်ငန်းများ လျော့ရဲနေသော နောက်ဆုံးအကြောင်းအရင်းတစ်ခုမှာ တင်ဒါခေါ်ယူခဲ့သည့်ဌာနများ ဖြစ်သည်။

ဌာနများ၏ အားနည်းချက်နှင့် အခက်အခဲများ
သက်ဆိုင်ရာဌာနက ဆောက်လုပ်မည့် တည်ဆောက်ရေးလုပ်ငန်းဒီဇိုင်းများသည် မြေပြင်ကွင်းဆင်းရေးဆွဲထားခြင်းမဟုတ်ဘဲ ဌာနတွင်အသင့်ရှိနေသော ဒီဇိုင်းများဖြင့်သာ ဆောက်လုပ်နေ ကြသည်။


အချို့ဌာနများက လုပ်ငန်းတင်ဒါခေါ်ယူချိန် နောက်ကျခြင်းကြောင့် ကုမ္ပဏီများက ဘဏ္ဍာနှစ်အလိုက် လုပ်ငန်းများပြီးစီးအောင် ဆောင်ရွက်နိုင်ခြင်းမရှိသဖြင့် လုပ်ငန်းများ ပြန်လည်အပ်နှံ၊ နောက်ဘဏ္ဍာနှစ် ပြန်ထုတ်၊ ပြန်ဆောက်လုပ်ဆောင်နေကြရကြောင်း အစီရင်ခံစာက ဆိုသည်။
အချို့ဌာနများက စီမံကိန်းရေးဆွဲ စဉ်ကတည်းက ပြည့်စုံအောင်ရေးဆွဲခြင်း မရှိကြပေ။ ဥပမာ တံတားပြီးနေသော်လည်း တံတာချဉ်းကပ်လမ်းက ရှိမနေ။ ထိုကြောင့် ဒေသခံများက တံတားပြီးနေသော်လည်း အသုံးပြုနိုင်ခြင်းမရှိကြကြောင်း ဆိုထားသည်။


မြို့ပြ၊ ကျေးလက်လမ်းဟု တိတိကျကျ ကြိုတင်သတ်မှတ်ထားခြင်း မရှိသောကြောင့် ယင်းနေရာများတွင် ဒေသခံများက ဝင်ရောက်နေထိုင်လာကြသည်။ နောက်တွင် ထိုနေရာကို တည်ဆောက်ရေးလုပ်ငန်းလုပ်ပါက မြေယာပိုင်ဆိုင်မှုပြဿနာများ ဖြစ်ပေါ်လေ့ရှိလာသည်။ ယင်းအတွက်လျော်ကြေးကို နိုင်ငံတော်မှပေးရသည့် ကိစ္စများစသည့် နောက်ဆက်တွဲပြဿနာများဖြစ်ပေါ်နိုင်ကြောင်း ထောက်ပြထားသည်။


ဌာနများရင်ဆိုင်နေရသည့် အခက်အခဲများမှာ ဌာနတိုင်းတွင် အင်ဂျင်နီယာရှိမနေဘဲ၊ ရှိသည့်ဌာနမှာလည်း မလုံလောက်၊ မရှိသည့်ဌာနများက အခြားဝန်ထမ်းများကို ရက်တို အင်ဂျင်နီယာ သင်တန်းပေးပြီး တည်ဆောက်ရေးလုပ်ငန်းကို ကြီးကြပ်ကြသည်ဟု ဆိုသည်။


ဦးစီးဌာနရုံးချုပ်က တိုက်ရိုက်တင်ဒါခေါ် ဆောင်ရွက်သည့် လုပ်ငန်းများတွင် တိုင်းအတွင်းရှိဌာနများကတာဝန်ခံပြီး ကြီးကြပ်မှုအားနည်းကြကြောင်းလည်း တင်ပြထားသည်။


ယင်းအပြင် ပြည်ထောင်စုတွင် တိုက်ရိုက်တင်ဒါအောင်လာသော ကုမ္ပဏီများအား တိုင်းအတွင်း ဌာနများနှင့် ကိုယ်စားလှယ်များကို ရှင်းလင်းပြောကြားခြင်းမရှိသဖြင့် မကြီးကြပ်နိုင်ခြင်း၊ ဌာန အစီအစဉ်ဖြင့် ဆောက်လုပ်သည့် လုပ်ငန်းများအတွက် လုံလောက်သော စက်ယန္တရားများ ရှိမနေခြင်း၊ တန်ဖိုးနည်း အိမ်ရာအချို့မှာ လုပ်ငန်းသုံးပစ္စည်းများကို အရည်အသွေးမပြည့်ဘဲ ဆောက်လုပ်ထားကြောင်းလည်းရှိသည် ဟုဆိုသည်။


ယင်းကဲ့သို့ ကုမ္ပဏီ၊ ကြီးကြပ်အဖွဲ့၊ ဌာနဆိုင်ရာများ၏ အားနည်းချက်နှင့် အခက်အခဲများကြောင့် တိုင်းအတွင်းလျော့ရဲနေသော ဆောက်လုပ်ရေးလုပ်ငန်းများကို တိုင်းအစိုးရမှ စနစ်တကျ ကြီးကြပ်ဆောင်ရွက်နိုင်ရန် ကော်မတီကကွင်းဆင်းစစ်ဆေးပြီး တင်ပြရခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။


တိုင်းလွှတ်တော် စီမံကိန်းနှင့် ဘဏ္ဍာရေးနှင့် စီးပွားရေးကော်မတီ အစီရင်ခံစာကို ပြန်လည်သုံးသပ်ပြီး လျော့ရဲနေသော တည်ဆောက်ရေးလုပ်ငန်းများကို ပိုကောင်းအောင်ဆောင် ရွက်သွားမည်ဟု တိုင်းအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမြင့်မောင်က ပြောသည်။


“တည်ဆောက်ရေးလုပ်ငန်းတွေနဲ့ ပတ်သက်ပြီး အားနည်းချက်အပါအဝင် ကတိ၊ ကဝတ်နဲ့ပတ်သက်ပြီး အစီရင်ခံစာမှာ ဖော်ပြထားတာတွေရှိတယ်။ အဲဒါတွေကို ပြန်ပြီးစိစစ်ရမှာပေါ့။ ပြန်စိစစ်၊ သုံးသပ်ပြီးရင် နောက်ပိုင်းကိုအတတ်နိုင်ဆုံး အားနည်းချက်နည်းအောင် ဆောင်ရွက်ရမှာပေါ့” ဟု ဦးမြင့်မောင်က ပြောသည်။


တိုင်းလွှတ်တော် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စီးပွားရေးကော်မတီဥက္ကဋ္ဌ ဦးရဲမြင့်ဆွေကလည်း လက်ရှိဆောက်လုပ်နေဆဲ တည်ဆောက်ရေးလုပ်ငန်းများ၏ အားနည်းချက်များကို အချိန်မီပြန်ပြင်ဆင်နိုင်သည့် အခြေအနေတွင်ရှိနေကြောင်း ပြောသည်။


“အားနည်းချက်တွေကို ပြန်ပြင်ဖို့ အခွင့်အလမ်းတွေ အများကြီးရှိသေး တယ်။ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်ဆိုရင် အခုမှ ဆောက်ဆဲအခြေအနေပဲရှိသေးတယ်ဆိုတော့ တချို့အားနည်းတဲ့အပိုင်းတွေ ပြန်ပြင်မယ်ဆိုရင်တော့ ပြင်လို့ရသေးတာပေါ့နော်” ဟု ၎င်းက ပြောသည်။


ယခင်နှစ်က တင်သွင်းခဲ့သည့် အစီရင်ခံစာများကိုလည်း အစိုးရဘက်က လုပ်ဆောင်ထားချက်များရှိသည်ကိုလည်း တွေ့ရကြောင်း ဦးရဲမြင့်ဆွေက ပြောသည်။


လက်ရှိတည်ဆောက်ရေး ကိစ္စများကိုမူ အစီရင်ခံစာတင်သွင်းထားပြီးဖြစ်သည့်အပြင် လုပ်ဆောင်ရမည့်အချက်များကိုလည်း ပြောထားပြီးဖြစ်သောကြောင့် အစိုးရ၏ ဆောင်ရွက်မှုများကို စောင့်ကြည့်နေမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။


“တိုးတက်လာမူမရှိဘူးဆိုရင်တော့ အစီရင်ခံစာပြန်တင်ပြီးတော့ လွှတ်တော်ဘက်ကနေပြီးတော့ ပြည်သူလူထုကိုယ်စား ပြောသင့်ပြောထိုက်တာကိုတော့ ပြတ်ပြတ်သားသား ပြောရ မှာပေါ့” ဟု ဦးရဲမြင့်ဆွေက ပြောသည်။

ကျော်သူစိုး