ကျွဲကူး ထွန်တုံး တိုက်ပွဲ

0
700

ထွန်တုံးတိုက်ပွဲ ဝင်ကြသည့် တောင်သူနှစ်ဦး တရားစွဲခံကြရသည်။

မေလ ၁၇ ရက်နေ့က မြိတ်မြို့နယ်၊ ကျွဲကူးကျေးရွာ၊ ချမ်းမြေ့သာရည် ရပ်ကွက်အတွင်းရှိ လယ်မြေများအတွင်း မူလပိုင်ရှင်များက ၎င်းတို့လယ်ယာ မြေအား ပြန်လည်စိုက်ပျိုးရန် ခြံတိုင် များအား နုတ်ပစ်ကာ ဝင်ရောက် ထွန်ယက်ခြင်းများ ပြုလုပ်ခဲ့ကြသည်။

ယင်းသို့ပြုလုပ်ပြီး သုံးရက်အကြာ တရားစွဲခံရသည်။

မြိတ်ခရိုင်ကိုဗစ်နိုင်တင်း ကာကွယ် တားဆီးထိန်းချုပ်ရေးအဖွဲ့မှ မြိတ်မြို့ နယ်ပြည်သူ့ကျန်းမာရေးမှူး (ကိုယ်စား) တာဝန်ခံ ဖြစ်သူ ဒေါက်တာဇင်ကိုအောင် က ဘေးအန္တရယ် ထိန်းချုပ်ကာကွယ်ရေး ဥပဒေ ပုဒ်မဖြင့် တရားစွဲခဲ့ကြောင်း ထွန်တုံးတိုက်ပွဲ ဦးဆောင်ပြုလုပ်သူ ဦးသန်းအောင်က ပြောသည်။

ဦးသန်းအောင်နှင့် အခြား တောင်သူ တစ်ဦးဖြစ်သူ ဦးမြင့်စိုးတို့ တရားစွဲဆို ခံရခြင်း ဖြစ်သည်။

ယင်းနောက် မေ ၂၇ ရက်နေ့ ရုံးချိန်းတွင် ထောင်ဒဏ် ၇ ရက် သို့မဟုတ် ဒဏ်ငွေ ငါးထောင် ပေးဆောင်ရန် မြို့နယ်တရားရုံးက အမိန့်ချခဲ့သည်။

“ကျွန်တော်တို့က ဒဏ်ငွေပဲ ဆောင်ခဲ့ ပါတယ်”ဟု ဦးသန်းအောင်က ပြောသည်။

ယင်းလယ်မြေများမှာ စန္ဒဝတ်ကျေး ရွာအုပ်စု၊ ကျွဲကူးကျေးရွာရှိ ဘိုးဘွား ပိုင်တောင်သူ ၁၄ ဦး၏ဓားမဦးချ လုပ်ကိုင် လာခဲ့သည်ဟုဆိုသည်။ ထိုလယ်ယာ မြေ ၁၂၅ ဧကအား ၂၀ဝ၁ ခုနှစ်ကစပြီး မြိတ်မြို့မှ မီးဘေးသင့် အိမ်ငှားနေထိုင်သူ များအား ချထားပေးရန် ကမ်းရိုးတန်းစစ် ဌာနချုပ်၊ တိုင်းမှူးဦးသာအေးက သိမ်းယူ ခဲ့ခြင်းဖြစ်သည်။

ယင်းသို့သိမ်းဆည်းခဲ့သည့် လယ်ယာ မြေများပေါ် အိမ်အကွက် တစ်ထောင့်သုံးရာ ကျော် ရိုက်ခဲ့သော်လည်း လက်ရှိအချိန် တွင် အိမ်သုံးရာကျော်သာဆောက်လုပ်နေ ထိုင်လျက်ရှိကြောင်း စန္ဒဝတ်ကျေးရွာ အုပ်စု၊ အုပ်ချုပ်ရေးမှူးနှင့် ရွာသားများ ထံမှ သိရသည်။

ချထားပေးသည့် နေရာတွင် မီးဘေး သင့်သူများသာမက စစ်မှုထမ်းဟောင်း များ၊ ဌာနဆိုင်ရာဝန်ထမ်းများလည်း ပါဝင်ကြောင်း ရွာသားများက ဆိုသည်။

“လိုတာထက် မြေကိုပိုပြီးသိမ်းထား သလိုဖြစ်နေတယ်။ အိမ်တွေကလာ မဆောက်ကြဘူး။ ဒါကြောင့်ကျန်တဲ့မြေ တချို့တစ်ဝက်က ဒီအတိုင်း ပစ်ထား ရတယ်”ဟု လယ်ခုနစ်ဧက သိမ်းဆည်း ခြင်းခံရသည့် ဦးသန်းအောင်က ပြော ပြသည်။

လယ်အသိမ်းခံရစဉ် မြေယာလျော် ကြေးရရှိခြင်းမရှိသလို မိမိလယ်မြေထဲမှ မြေသုံးကွက်အား တစ်ကွက်လျှင် နှစ်သောင်းနှုန်းဖြင့် ပြန်ဝယ်ယူခဲ့ရသည် ဟု ၎င်းက ပြောပြသည်။

လယ်မြေများအသိမ်းခံရပြီးနောက် ပြုပြင်ထိန်းသိမ်းသူမရှိသဖြင့် တာတမံ ကျိုးပေါက်ကာ မြစ်ကမ်းအနီးရှိလယ်မြေများအတွင်းသို့ ဆားငန်ရေများ ဝင်ရောက်ကာ လက်ရှိအချိန်တွင် ချုံနွယ် များပေါက်လျက်ရှိကြောင်း လယ်ပိုင်ရှင် များက ပြောပြသည်။

“သူတို့ကလည်း အိမ်လာမဆောက် ကိုယ်တွေကလည်း ဆင်းမလုပ်ရဲနဲ့ နောက်ဆုံးတော့ တောထသွားတယ် လူလည်း အလုပ်လက်မဲ့ဖြစ်သွားတယ်”ဟု လက်ရှိကြုံရာကျပန်း လုပ်ကိုင်နေရ သည့် လယ်ပိုင်ရှင် ဦးထွန်းမြက ပြော သည်။

သို့သော် ရေငန်ရောက်ရှိခြင်းမရှိ သည့် တောင်ခြေအနီး အသိမ်းဆည်းခံ လယ်များတွင် သက်ဆိုင်ရာ တာဝန်ရှိသူ များ နားလည်မှုဖြင့် မူလတောင်သူအချို့မှ နှစ်စဉ်ထွန်ယက်စိုက်ပျိုးခြင်းကို ၂၀၁၈ ခုနှစ်အထိ လုပ်ကိုင်ခွင့်ရခဲ့ကြောင်း ဦးသန်းအောင်ကရှင်းပြသည်။

ယခင်က လမ်း၊ လျှပ်စစ်မီး ကဲ့သို့ သော အနေအထားမကောင်းသဖြင့် နေအိမ်ဆောက်ရန် များစွာ စိတ်မဝင်စား လှသော်လည်း ယခုအခါ လမ်းကောင်း လာခြင်း၊ လျှပ်စစ်မီးရလာခြင်းတို့ကြောင့် နေထိုင်ရန် စိတ်ဝင်စားလာကြကြောင်း စန္ဒဝတ်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးမောင်ဌေး ကပြောကြားသည်။

“မကြာခင်မှာ ဈေးတစ်ခုလည်း ချပေးတော့မယ်ဆိုတော့ ဒီသတင်းကြား ပြီး သူတို့က အိမ်ပြန်ဆောက်ဖို့ ခြံတိုင် တွေ ပြန်လာစိုက်ကြတယ်။ ဒီဖက်က လည်း နုတ်ပစ်ပြီး လယ်ဆင်းထွန်တယ် ပြဿနာကအဲလိုဖြစ်နေတာ”ဟု ၎င်းက ရှင်းပြသည်။

၂၀၁၈ မေလတွင် စစ်မှုထမ်းဟောင်း အဖွဲ့၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူး အပါ အဝင် ရာအိမ်မှူးနှင့်အဖွဲ့မှ မြေတစ်ကွက် ကို ခုနစ်သောင်းခွဲယူခဲ့ပြီး လမ်းများအား မြေဖို့ခြင်း၊ ခြံခတ်ခြင်းများ ပြုလုပ်ခဲ့ကြ သည်ဟု ရွာသားများက ပြောပြသည်။

“အစိုးရစီမံချက်လည်း မဟုတ်ဘူး။ လုပ် ပိုင်ခွင့်ကို အလွဲသုံးစားလုပ်ပြီး ဆောင်ရွက်ခဲ့ ကြတယ်။ လယ်ယာမြေ ဥပဒေအရ လယ်ယာမြေကို တစ်နှစ်ထက် ပိုပြီး ပလပ်ထားလို့မရဘူး မီးလောင်ခံရ သူတွေလိုပဲ ကျွန်တော်တို့ဘိုးဘွားပိုင်မြေ ကို ပြန်ဝယ်ထားရတယ်”ဟု ဦးသန်းအောင် က ပြောသည်။

ယင်းလယ်ယာမြေအရေး တောင်သူ နစ်နာမှုကို ၂၀၁၇ ခုနှစ်မှစပြီး တိုင်း အစိုးရအဖွဲ့ကို တင်ပြခဲ့သော်လည်း ယနေ့အထိ ဖြေရှင်းဆောင်ရွက်ပေးခြင်း မရှိကြောင်း မြိတ်မြို့နယ်တောင်သူ လယ်သမားသမဂ္ဂဥက္ကဋ္ဌ ဦးမျိုးဆွေက ပြောသည်။

“အရင်သိမ်းတဲ့ အစိုးရရော ခုဆက်ခံ တဲ့ အစိုးရပါ စီမံခန့်ခွဲမှုညံ့ဖျင်းတဲ့အတွက် ဒီလိုမျိုးပြဿနာတွေ ပေါ်နေရတယ်။ တစ်ခြားနည်း အသုံးကျခွင့် ကျပြီး ဒီအတိုင်းပစ်ထားလို့ တောင်သူတွေမှာ နစ်နာမှုအများကြီး ဖြစ်ခဲ့ရတယ် ခုထိ လည်းမဖြေရှင်း ပေးနိုင်သေးဘူး”ဟု ၎င်းက ပြောသည်။

လယ်ယာမြေပေါ် လ/န ၃၉ ပြုလုပ် ၍ ချပေးခဲ့သည့် မြေချလက်မှတ်တွင် လက်မှတ်ရရှိပြီး ခြောက်လမှ ၂ နှစ် အတွင်း အကောင်အထည်ဖော် ဆောင် ရွက်ရမည်ဟု ပါရှိသော်လည်း မြေချ လက်မှတ်ပိုင်ဆိုင်သူတို့သည် တစ်ဆယ့် ရှစ်နှစ်တိုင်အောင် လာရောက်ဆောက်ထား ခြင်းမရှိဟု ကိုသန်းအောင် အပါအဝင် မူလလယ်ပိုင်ရှင်များက ပြောဆိုသည်။

ယင်းကိစ္စနှင့်ပတ်သက်ပြီး သိမ်း ထားပြီး အိမ်လာမဆောက်ကြသည့် မြေများတွင် တရားဝင်လယ်ပြန်လုပ်ခွင့် ရရှိရေး ၂၀၁၄ ခုနှစ်ကစတင်ပြီး ယခု နောက်ဆုံး ၂၀၁၈ အထိ တိုင်းဒေသကြီး အစိုးရ၊ နိုင်ငံတော်သမ္မတ၊ နိုင်ငံတော် အတိုင်ပင်ခံအထိ တင်ပြတောင်းဆိုခဲ့ သော်လည်း ထူးခြားမှုမရှိခဲ့ကြောင်း ဦးသန်းအောင် ကပြောပြသည်။

“စီမံကိန်းမြေနဲ့ပတ်သက်ပြီးလေးနှစ်အတွင်း အကောင်အထည်မဖော်ရင် မူလတောင်သူတွေကို ပြန်ပေးရမယ်။ မပေးနိုင်ရင် လျော်ကြေး သတ်မှတ်ကြေး ပါ။ ပေးရမယ်လို့ ၂၀၁၄ ဇန်နဝါရီက သမ္မတ ဦးသိန်းစိန်လက်မှတ်ထိုး ထုတ်ပြန်ထားတယ် အဲဒါတွေရှိလျက်နဲ့ ဘာကြောင့် ကြန့်ကြာအောင် လုပ်နေရ တာလည်း”ဟု ၎င်းကအစိုးရအဖွဲ့ကို မေးခွန်းထုတ်သည်။

ထွန်တုံးတိုက်ပြီး ပြဿနာစတက် သည့် နေ့ကတည်းက မြေရာဇဝင်ပြန်ရှာ ပြီးနောက် လ/န ၃၉ ကျပြီး မူလမြေပိုင်ရှင် စာရင်းများ ပြုစုကာ မြိတ်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသို့ တင်ပြပေးထားကြောင်း မြိတ်မြို့နယ်၊ လယ်ယာမြေစီမံခနိ့ခွဲရေးနှင့် စာရင်းအင်း ဌာန၊ မြို့နယ်ဦးစီးမှူး ဦးအောင်ဗိုလ်ဝင်း က ပြောသည်။

“ကျန်တဲ့ဟာတော့ အဲဒီအပေါ်မှာ ဘာဆက်လုပ်မလဲဆိုတာတော့ မသိ ရသေးဘူး။ ရှေ့ဆက် ဆောင်ရွက်ရမယ့် အပိုင်းကိုလည်း ညွှန်ကြားလာတာမျိုး မရှိသေးပါဘူး”၎င်းက ပြောသည်။

ယခုအချိန် ကိုဗစ်နိုင်တင်း ကာလ အတွင်း အလုပ်အကိုင် မရှိသည့်အတွက် စားဝတ်နေရေး ကျပ်တည်းသဖြင့် အိမ် မဆောက်ဘဲ ပစ်ထားသည့် မိမိတို့မူလ ပိုင် လယ်မြေအပေါ် အရဲစွန့်ကာ ထွန်ယက် ကြခြင်းဖြစ်ကြောင်း တောင်သူများက ပြောဆိုသည်။

ကိုဗစ်နိုင်တင်းကာလအတွင်း အလုပ် အကိုင်မရှိသည့်အတွက် နှစ်ပေါင်းများ စွာ ပစ်ထားကြသည့် လယ်မြေအပေါ် ဝင်ရောက်ထွန်မှုဖြင့် တရားစွဲခံရကာငွေ ဒဏ်အရိုက်ခံရသည့် ဦးသန်းအောင်က လက်ရှိအချိန်တွင် ထွန်ယက်စိုက်ပျိုး ခြင်းကို ရပ်နားထားရကြောင်းပြော ပြသည်။

ယခုတော့ လွှတ်တော်ကိုယ်စား လှယ် ဦးစိုးပိုင်ဌေး၊ တရားဥပဒေစိုးမိုးမှု ပေါင်းစပ်ညှိနှိုင်းအဖွဲ့ခေါင်းဆောင် ဦးအောင်နိုင်ဦးနှင့် တိုင်းမြေစစ်အဖွဲ့တ က နှစ်ဖက်စလုံးကို သုံးလရပ်နားထားရန် ပြောဆိုထားသည်ဟု ဆိုသည်။

“ဒီသုံးလအတွင်း ပြီးဆုံးအောင် ဆောင်ရွက်ပေးပါ့မယ်လို့ ကျွန်တော်တို့နဲ့ တွေ့ဆုံပြီးပြောကြား သွားပါတယ်”ဟု ဦးသန်းအောင် ကနောက်ဆုံးအခြေ အနေကို ပြောပြသည်။

၎င်းက လယ်ကွင်းများကို လက် ညိုးထိုးပြရင်း အောက်ပါအတိုင်း တောင်းဆိုသည်။

“နိုင်ငံတော်က ချထားတဲ့ မူဝါဒ လမ်းစဉ်အတိုင်း တရားမျှတမှန်ကန်စွာ ဆောင်ရွက်ပေးဖို့၊ တောင်သူလယ်သမား အကျိုးစီးပွားအတွက် စိုက်ပျိုးမြေတွေပြန် ရဖို့၊ တိကျမှန်ကန်တဲ့ အဖြေတစ်ခု ဆုံးဖြတ်ပေးစေချင်ပါတယ်”

ကိုဆန်း