အခြေခံပညာ ကျောင်းများ ဘယ်လိုပြန်ဖွင့်ကြမလဲ

0
496

အခြေခံပညာအထက်တန်းအဆင့်ကို ဇူလိုင်လ ၂၁ ရက်တွင် ဖွင့်လှစ်မည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာနက ကြေညာသည်။


ကျန်အတန်းများဖွင့်မည့်အချိန်ကို တိတိကျကျပြောဆိုထားခြင်း မရှိသော်လည်း အထက်တန်းအဆင့်များဖွင့်ပြီးပါက ကျန်အတန်းများကိုလည်း အဆင့်ဆင့်ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးက ပြောဆိုထားသည်။


အခြေခံပညာကျောင်းများဖွင့်လှစ်ရာတွင် လုပ်ဆောင်ရမည့်ကိစ္စနှင့်ပတ်သက်ပြီး မေလ ၂၆ ရက်ကပြုလုပ်သော ပညာရေးဝန်ကြီးနှင့် အခြေခံပညာဦးစီးဌာန၊ တိုင်းနှင့်ပြည်နယ်မှ ပညာရေးမှူးများပါဝင်သည့် အစည်းအဝေးတွင် ယင်းသို့ပြောကြားထားခြင်း ဖြစ်သည်။


အခြေခံပညာဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာတင်မောင်ဝင်းကမူ အထက်အတန်းအဆင့်ကို နှစ်ပတ်အကြာစမ်းသပ်ဖွင့်လှစ်ပြီး အခြေအနေကောင်းပါက အလယ်တန်းကို ဖွင့်မည်ဖြစ်ကြောင်း၊ အလယ်တန်းဖွင့်ပြီး တစ်ပတ်အကြာတွင် မူလတန်းကို ဆက်ဖွင့်မည်ဖြစ်ကြောင်း မြန်မာနောင်းသတင်းဌာနကို ပြောဆိုထားသည်။

အခြေခံပညာကျောင်း ခြောက်ဆယ်နီးပါး အဆင့်တိုး

ကျောင်းအပ်နှံရာတွင်လည်း အသုတ်သုံးသုတ်ခွဲကာ အပ်နှံရမည်ဖြစ်ပြီး ဇူလိုင်လ ၁၃ မှ ၁၇ ရက်အထိကို အထက်တန်းကျောင်းအပ်နှံရေးကာလအဖြစ် သတ်မှတ်ထားကြောင်း မေလ ၂၆ ရက်က မြန်မာနောင်းသတင်းဌာနတွင် ဖော်ပြထားသည်။


တနင်္သာရီတိုင်းတွင်မူ ထိုင်းနိုင်ငံရှိ မိဘများရှိရာသို့ အလည်အပတ်သွားရောက်နေသော ကျောင်းသားများ ကျောင်းဖွင့်ရာသီအမီ နေရပ်ပြန်လာပါက ၂၁ ရက် အသွားအလာကန့်သတ်စောင့်ကြည့်ခံရမည့်ကိစ္စက ရှိနေသေးသည်။


ကျောင်းဖွင့်ပါက စာသင်ခန်းများအားလုံးတွင် ကျောင်းသားတစ်ဦးနှင့်တစ်ဦး ခြောက်ပေစီခြားပြီး စာသင်ခန်းတစ်ခန်းလျှင် အများဆုံးကျောင်းသားဦးရေ ၂၀ ဦးအတွက်သာလျှင် ခုံခင်းထားရန်လည်း ပညာရေးဝန်ကြီးက ပြောဆိုထားသည်။


အတန်းအားလုံးရှိ ဆရာအင်အားနှင့် ကျောင်းသားဦးရေအချိုးတို့ကို တွက်ချက်ပြီး နေ့စဉ် ပုံမှန်ဖွင့်လှစ်နိုင်မည့် ကျောင်း၊ နှစ်သုတ်ခွဲတက်နိုင်မည့် ကျောင်း၊ တစ်ပတ်ခြား တက်နိုင်မည့် ကျောင်းဟု သက်ဆိုင်ရာကျောင်းအုပ်များက စီမံချက်ရေးဆွဲပြီး ပညာရေး ဝန်ကြီးဌာနကို တင်ပြရမည်ဟုလည်း ပြောဆိုထားသည်။


တနင်္သာရီတိုင်းအတွင်းရှိ အထက်တန်းအဆင့်ရှိ အခြေခံကျောင်းများကိုလည်း ယင်းသို့ စီမံချက်ရေးဆွဲထားရန် ညွှန်ကြားထားပြီးဖြစ်ကြောင်း တိုင်းပညာရေးမှူး ဒေါ်မြင့်စိန်က ပြောသည်။


“တစ်ကျောင်းချင်းစီက ကိုဗစ်-၁၉ ထိန်းချုပ်ရေး လုပ်ထုံး၊ လုပ်နည်းအတိုင်း ကျောင်းဖွင့်နိုင်ဖို့အတွက် တစ်ကျောင်းချင်းစီက စီမံချက်ပြုစုပါလို့ ပြောလိုက် ပြီးပြီ” ဟု ဒေါ်မြင့်စိန်က ပြောသည်။


ကျောင်းများအားလုံးတွင် လက်ဆေးရန်နေရာ၊ ဆပ်ပြာ၊ လက်ဆေးရည်၊ ကိုယ်အပူချိန်တိုင်းကိရိယာတို့ကို ကျောင်းဘက်က ဖြည့်ဆည်းထားရှိရမည်ဖြစ်ပြီး ဆရာနှင့် ကျောင်းသားများအား ပြန်အသုံးပြုနိုင်သော နှာခေါင်းစည်းနှစ်ခု၊ မျက်နှာကာတစ်ခုစီကိုမူ ပညာရေးဝန်ကြီးဌာနက အခမဲ့ဖြန့်ဝေပေးမည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးက အစည်း အဝေးတွင် ပြောဆိုခဲ့သည်။


ယင်းအပြင် ရောဂါကာကွယ်ရေး တကိုယ်ရည်သုံး ဝတ်စုံ(PPE) ဝတ်စုံကိုလည်း ကျောင်းတိုင်းအတွက် ကြိုတင်ဖြည့်ဆည်းထားရမည်ဖြစ်ပြီး၊ ဆေးရုံသို့ဆက်သွယ်ရမည့် ဖုန်းနံပါတ်များကိုလည်း ထားရှိပေးထားရမည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးက ပြောသည်။


တိုင်းပညာရေးမှူးဒေါ်မြင့်စိန်ကမူ အထက်တန်းအဆင့်မှလွဲပြီး ကျန်အတန်းများပြန်ဖွင့်ရေးအတွက် လုပ်ဆောင်ရမည့်ကိစ္စများဖြစ်သည့် မစစ်ဆေးရသေးသော အဖြေလွှာစစ်ဆေးမည့်ကိစ္စ၊ ကျောင်းအပ်လက်ခံရေးကိစ္စတို့ကို မည်သို့လုပ်ဆောင်ပါဟု အခြေခံပညာ ဦးစီးဌာနမှ တရားဝင်ညွှန်ကြားလာခြင်းမရှိသေးကြောင်း မေလ ၂၆ ရက်က ပြောသည်။


“အခြေခံပညာဦးစီးဌာနက ညွှန်ကြားချက်ကို စောင့်နေတယ်” ဟု ၎င်းက ပြောသည်။


ပညာရေးဝန်ကြီးဌာနကမူ သူငယ်တန်းမှ နဝမတန်းအထိ အောင်စာရင်းများကို ဇွန်လ ၁၃ ရက်တွင် ထုတ်ပြန်ရန်စီစဉ်ထားသည်ဟု မြန်မာနောင်းသတင်းဌာနတွင် ဖော်ပြထားသည်။


မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါကို ထိန်းချုပ်နိုင်ပြီဟု ကြေညာသည့်နေ့မှစပြီး ကျောင်းအားလုံးပြန်ဖွင့်ရေးကိစ္စအား နေ့အလိုက်ဆောင်ရွက်ရမည့် စဉ်းစားချက်အစီအစဉ်များ ရှိထားပြီးဖြစ်ကြောင်း ဒေါ်မြင့်စိန်က ပြောသည်။


ယင်းအကြောင်းအရာမှာ ရေဖြူမြို့နယ် ပညာရေးမှူးရုံးမှထုတ်ထားသည့် ညွှန်ကြားစာဟု ထားဝယ်ရှိ ဖေ့စ်ဘုတ်အသုံးပြုသူများအကြားတွင် ပျံ့နှံ့နေသည့် အကြောင်းအရာ ဖြစ်သည်။


အဆိုပါ ရေဖြူမြို့နယ် ပညာရေးမှူးရုံးညွှန်ကြားစာသည် အခြေခံကျောင်းများပြန်ဖွင့်ရေးအတွက် ညွှန်ကြားချက်မဟုတ်ဘဲ အခြေခံပညာဦးစီးဌာန၏ ကနဦးလျာထားချက်သာဖြစ်ကြောင်း တိုင်းပညာရေးမှူး ဒေါ်မြင့်စိန်က တနင်္သာရီအပတ်စဉ်အား ရှင်းပြသည်။


ကိုယ်ပိုင်ကျောင်းနှင့် ဘုန်းတော်ကြီးသင်ကျောင်းများရှိ အထက်တန်းအဆင့်ကျောင်းများကိုလည်း ဇူလိုင်လ ၂၁ ရက်တွင်ပင်ဖွင့်လှစ်မည်ဟု အခြေခံပညာရေးဦးစီးဌာ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာတင်မောင်ဝင်းက ပြောဆိုထားကြောင်း မေလ ၂၇ ထုတ် 7Day သတင်းစာတွင် ဖော်ပြထားသည်။


ကိုယ်ပိုင်ကျောင်းနှင့် ဘုန်းတော်ကြီးသင်ကျောင်းများသည်လည်း ကျောင်းဖွင့်ပါက အစိုးရကျောင်းကဲ့သို့ပင် ကိုဗစ်ထိန်းချုပ်ရေးလုပ်ငန်းများဖြစ်သည့် ခြောက်ပေခွာခြင်း၊ အသုတ်ခွဲ ကျောင်းတက်စေခြင်း စသည့်တို့ကို လုပ်ဆောင်ရမည် ဖြစ်သည်။


ကျော်သူစိုး