အိမ်ဆောက်ကြရာဝယ်

0
3860

“တန်ခူးလမှာ အိမ်ဆောက်ခါ ချမ်းသာပြညြွ့်ကယ်ဝ။ ကဆုန်လကား ဆန်စပါး ပေါများတတ်လှ။ ဝါခေါင် လမှာ အိမ်ဆောက်ခါ ဥစ္စာတိုးပွားရ။ နတ်တော်လတွင် အိမ်ဆောက်လျှင် ပေါ်ထင်ကျော်ဇောစွ။ ပြာသိုလမှာ လူတကာ များစွာချီးမွမ်းရ။ တပေါင်းလ ဝယ် ချမ်းသြွာကယ် ဆောင်ဖွယ်ဤ ခြောက်လ။”

ရှေးမူဟောင်း အိမ်ဆောက်လရွေး နည်း ဖြစ်ပါသည်။ အိမ်ဆောက်သည့် လက်သမားဆရာ အတော်များများ အလွတ်ရနေသော စာဆို ဖြစ်ပါသည်။

လက်သမားလုပ်သက် အနှစ် ၂၀ ကျော်ပြီဖြစ်သည့် ထားဝယ်မြို့ ဝဲကျွန်း ရပ်နေ ဦးလူပုကတော့ အိမ်ဆောက်အများ ဆုံးလမှာ တပေါင်းလဟု ဆိုပါသည်။ နေ့ကိုတော့ ရက်ရာဇာ ရွေးကြပြီး အထူး သဖြင့် တပေါင်းလပြည့်နေ့ကို ပိုရွေး ကြကြောင်း ဦးလူပုက ပြောသည်။

“တပေါင်းလပြည့်နေ့ကိုမှ သုံးနှစ် ကြာမှ တစ်ခါပဲရှိတဲ့ မြိတ္တစုတ်ရက်ဆိုတာ က ရှိသေးတယ်။ အဲဒီနေ့က အကောင်း ဆုံးနေ့လို့ ပြောကြတယ် ရှေးလူကြီးတွေ ကလေ”ဟု ဦးလူပုက ပြောသည်။

ဦးလူပုတို့က အိမ်တစ်အိမ် စဆောက် တော့မည်ဆိုပါက စဆောက်မည့် နေ့ မတိုင်မီ ညနေပိုင်းတွင် အိမ်ဆောက်မည့် မြေနေရာသို့ ဘုန်းကြီးပင့်ကာ မြေသန့် ပရိတ်နာကြသည်။ ထိုသို့ ပရိတ်နာရာ တွင် အိမ်ဆောက်မည့် အိမ်တိုင်များကို ရွေဖော်ထိုးထားလိုက်ကြသည်။

“ပရိတ်နာပြီးတယ်ဆိုရင် အဲဒီနေရာ ခွေးတွေ ကျော်မှာစိုးလို့ ပိုက်တွေတား ပြီးတော့ လူစောင့်အိပ်တယ်” ဟု ဦးလူပု က ပြောသည်။

ပရိတ်နာပြီးမနက် ကျီးမနိုးမီ အိမ်ဆောက်မည့်နေရာတွင် ပရိတ်ဆန် လိုက်ကြဲကြသည်။ ပြီးလျှင် ခေါခွက်လေး များထဲသို့ ငှက်ပျောသီး၊ မုန့် စသော စားစရာတွေထည့်ကာ အိမ်မြေ၏ ထောင့် လေးထောင့်တွင် ချထားကာ မြေစောင့် နတ်ကို ကျွေးမွေးကြသည်။

ထားဝယ်၊ ကျွန်းမွှေးရပ်ကွက်နေ ကန်ထရိုက်လုပ်ငန်းလုပ်ကိုင်သည့် လက်သမားဆရာ ကိုကျော်မင်းလတ်ကမူ အစ္စလာမ်ဘာသာကိုးကွယ်သည့်အိမ်တွင် ပင် မြေစောင့်နတ်ကို ပူဇော်ခဲ့ကြောင်း ပြောသည်။

“အဲဒါကတော့ အိမ်တိုင်းလိုလိုကို လက်သမားဆရာက လုပ်တယ်။ ကျွန်တော် ဆို မူဆလင်အိမ်ဆောက်ပေးတုန်းကဆို ကန်တော့ပွဲမပေးတောင် ကျွန်တော် မြေစာ တော့ကျွေးမှ ရမယ်လို့ အိမ်ရှင်ကိုပြောတာ ခွင့်ပြုတယ်”ဟု ကိုကျော်မင်းလတ်က ပြောသည်။

မြေစောင့်နတ် ပူဇော်ပြီးနောက် ဦးရင်တိုင်ခေါ် အိမ်တစ်ဆောင်လုံး၏ အထွတ်အမြတ်ထား ရဆုံးသော အိမ်တိုင် ဖြစ်လာမည့် တိုင်လုံးတွင် ကြံအပင်လိုက်၊ ငှက်ပျော်အပင်လိုက်တွေထားကာ ပိုက်ဆံ ချိတ်ထားလိုက်သည်။

ပိတ်နီ၊ ပိတ်ဖြူစည်းကြသည်။ တရော်ကင်ပွန်းဖြင့် ဆေးကြသည်။ ကန်တော့ပွဲကတော့ လက်သမားပွဲ၊ ဆရာကန်တော့ပွဲသဘောဖြင့် ကျင်တွယ်၊ ရေချိန်ပိုက် စသည့်အတွက် တစ်ပွဲပြင် ရသည်။

မြိတ်တွင်မူ ပွဲပေးသည့်ကိစ္စကို အထူးအလေးပေးခဲ့ကြကြောင်း မြိတ်မြို့ ဇေယျသီရိရပ်နေ လက်သမားဆရာ ဦးသက်နိုင်က ပြောသည်။

“ကွမ်းပွဲ၊ အုန်းပွဲ ဆရာပွဲပေးတာတို့ တော်တော်ဂရုတစိုက်နဲ့ လုပ်ကြတယ်။ လှေခါးထောင်တာတောင် ကွမ်းပွဲပေး ကြတယ်”ဟု ဦးသက်နိုင်က ပြောသည်။

ယင်းသို့ ပြင်ဆင်ပြီးလျှင် ဦးရင်တိုင် စထူးကြသည်။ ဦးရင်တိုင်ကို အရှေ့တောင် ထောင့်တွင် ထားကြသည်က များသည်။

အိမ်ရှင်တို့ကလည်း ဦးရင်တိုင်ကို ထူစဉ် ဆုအမျိုးမျိုး တောင်းကြသည်။

“ဒီနေ့ကစပြီး လုပ်ကိုင်ရတာအဆင် ပြေပါစေ။ စီးပွားလာဘ်လာဘတိုးတက် ပါစေ။ နတ်ကောင်းနတ်မြတ်တွေကို နေရာ ပေးပါ အစရှိသဖြင့် ကိုယ်လိုတဲ့ဆုကို တောင်းပြီး တိုင်ထူလိုက်ကြတယ်”ဟု မြိတ် မြို့သစ်ရပ်နေ အသက် ၈၆ နှစ်ရှိ ဒေါ်သန်းက ပြောသည်။

အချို့က ဦးရင်တိုင်ထိပ်တွင် ရွှေ/ ငွေတို့ ထည့်လေ့ ရှိသည်။

“တချို့ဆိုဦးရင်တိုင်တွေမှာ ပိုက်ဆံ ထည့်တာတွေရှိတယ်။ အြွေကလေးတွေ ပေါ့နော်။ ရွှေထည့်တဲ့သူလည်းရှိတယ်။ ရွှေအစစ်ကို ထည့်တာ။ အဲဆိုရင် ငါတို့ က ဦးရင်တိုင်ခြေရင်းကို လွန်နဲ့ဖောက် ပေးရတယ်။ ရွှေထည့်ဖို့။ ပြီးရင် ကတ္တာစေးနဲ့ ပိတ်ပေးလိုက်တယ်” ဟု ဦးလူပုက ပြောသည်။

ထိုသို့ အိမ်တိုင်ထူရာတွင် အိမ်ရှင် ဖြစ်သူတို့က ရွာထဲမှ ရွာသားများကို ဖိတ်ကြားထားကြရာ ရွာသားများက စုပေါင်းအားဖြင့် ဝိုင်းကူထူကြသည်။

ထိုနံနက်တွင် လက်သမားဆရာ လိုအပ်သည့် အိမ်တိုင်အချို့ထူပြီးပါက အိမ်ရှင်က ရွာသားများကို အစားအသောက် ဖြင့် ဧည့်ခံသည်။

ထိုသို့ ဧည့်ခံရာတွင် ထူးခြားသည် မှာ အိမ်ရှင်းအားလုံးနီးပါးက လက်ဖက်ရည် နှင့် ကောက်ညှင်းပေါင်းဖြင့် ဧည့်ခံကြ ခြင်း ဖြစ်သည်။

“ရှေးကတည်းက ဒါပဲကျွေးနေကြ လို့ပါ။ တကယ်က တခြားဟာတွေလည်း ကျွေးလို့ရပါတယ်။ တော်တော်များများ ကတော့ ကောက်ညှင်းပေါင်းနဲ့ လက်ဖက်ရည်ပဲ စားလာရတယ်”ဟု ဦးလူပုက ပြောသည်။

နယ်ဘက်ရွာ အချို့တွင်မူ အထက်ပါ ဓလေ့များ ယခုထိ မပျောက်မပျက် ကျင့်သုံးနေကြဆဲ ဖြစ်ပါသည်။

သို့သော် ရွာအချို့နှင့် ရပ်ကွက်အချို့ တွင်မူ ထိုဓလေ့များ အတော်လျော့ရဲ လာပြီ ဖြစ်သည်။

“တိုက်ဆောက်တဲ့သူတွေမှာတော့ ပရိတ်ရွတ်တဲ့အိမ်လည်းရှိတယ်။ မရွတ်တဲ့ အိမ်လည်းရှိတယ်။ ဝတ်ကျေတန်းကျေ သဘောလောက်ပဲ လုပ်ကြတော့တယ်။ အခု တိုက်အိမ်ဆောက်တဲ့သူတွေ ကတော့ ကန်တော့ပွဲပေးတာလောက်ပဲ လုပ်ကြတာ များတယ်”ဟု ဦးလူပုက ပြောသည်။

နောင်ရိုးမြန်မာ ဆောက်လုပ်ရေး လုပ်ငန်းကုမ္ပဏီမှ ကိုတင်စိုးလည်း လက်ရှိ ခေတ် လူနေအိမ်၊ ရုံးနှင့် အဆောက်အအုံ များဆောက်ရာတွင် မဆောက်မီရက်တွင် ဘုန်းကြီးပင့်ကာ မြေသန့်ပရိတ် တရားနာရုံကလွဲ၍ ကျန်တာမလုပ်ဖြစ် တော့ဟု ပြောသည်။

ကန်တော့ပွဲပေးသည့်ကိစ္စမှာ သက် ဆိုင်ရာ ပိုင်ရှင်၊ အလုပ်သမားအဖွဲ့တို့မှ ပေးလေ့ရှိပြီး အချို့က ယင်းသို့ ပွဲပေး ခြင်းမျိုး မရှိကြဟု ကိုတင်စိုးက ပြောသည်။ အဆောက်အအုံကြီးများတွင် ဦးရင်တိုင် ကိစ္စလည်း မရှိတော့။

“လုပ်ငန်းခွင်က ကြီးတော့ လုပ်ငန်း နဲ့ အဆင်ပြေတဲ့နေရာကပဲ စရတာပေါ့။ ကောင်းညှင်းပေါင်းကျွေးတဲ့ခေတ်က ကျွန်တော်တို့ မမီဘူး။ မြေသန့်ပရိတ် နာတဲ့အချိန်တော့ ကျွန်တော်တို့က အခု စပွန်ဆာနဲ့ ပေါင်မုန့်နဲ့ ဖြစ်သွားပြီ”ဟု ကိုတင်စိုးက ရယ်ကျဲကျဲဖြင့် ပြောပါ သည်။

အချို့ကမူ တိုက်အိမ်ဆောက် ဆောက် သစ်အိမ်ဆောက်ဆောက် ရှေးရိုး ကို မပယ်ကြသေးပေ။
ထိုထဲတွင် မြိတ်မြို့သစ်နေ ဒေါ်လေး လည်း အပါအဝင် ဖြစ်သည်။

“မိဘဘိုးဘွားအဆက်ဆက်လုပ်လာ တယ်ဆိုတော့ ကိုယ်တွေလည်း လိုက် လုပ်ပေးတာပေါ့။ ဘာပဲဖြစ်ဖြစ် မလုပ် တာနဲ့စာရင် လုပ်ပေးလိုက်တာက စိတ်ထဲ ရှင်းသွားတာပေါ့”

တနင်္သာရီသတင်းအဖွဲ့