လျစ်လျူရှုမိသော

ကိုဗစ်ဒုတိယလှိုင်းကာကွယ်ရေး စည်းကမ်းတင်းကြပ်ချက်များ

ခေါင်းကိုတစ်ချက်သပ်လိုက်တာနဲ့ လက်ထဲမှာ ပါလာတဲ့ ဆံပင်တစ်ထွေး ကြီးကို ကျွန်မငေးကြောင်ပြီး ကြည့်နေမိတယ်။

ဘန်ကောက်မြို့ရဲ့ ဟိုတယ်အခန်း တစ်ခုထဲမှာ ကျွန်မတစ်ယောက်တည်း။ လက်တစ်ဖက်က ြွကပြွ်ကပ်အိတ် တစ်လုံး ကိုကိုင်ပြီး ကျန်လက်တစ်ဖက်က ခေါင်းပေါ်က ဆံပင်တွေကို သပ်ချနေ တယ်။ ြွကပြွ်ကပ်အိတ်ထဲမှာ ဆံပင်အကျွတ် တွေက အထွေးလိုက်။

ခေါင်းပေါ်မှာတော့ ဆံပင်တွေက ကျိုးတိုးကျဲတဲပဲ ကျန်တော့ တယ်။ လက်ထဲမှာပါလာတဲ့ ဆံပင် တစ်ထွေးကြီးကို ငေးကြည့်ရင်း အတွေး တွေက တိမ်မျှင်ပါးပါးတစ်စလို ဟိုသည် လွင့်ဝဲလို့။

ကျွန်မ ဒီဆံပင်တွေကို နှမြောနေတာ လား။ ဒါလည်း မဟုတ်သေးဘူး ထင် တယ်။ ကျွန်မက ဆံပင်ကို ဘယ်တုန်းကမှ မြတ်နိုးတန်ဖိုးထားခဲ့သူမှ မဟုတ်တာ။ တန်ဖိုးမထားရုံမက ဆံပင်ကို ရွံရှာတဲ့ နေရာမှာ တစ်ခြားသူတွေထက် ပိုပို ကဲကဲကို ဖြစ်နေတဲ့သူတစ်ယောက်။ အရင် တုန်းကဆို ခေါင်းပေါ်မှာ ရှိနေလို့သာ လှတပတဖြစ်အောင် ပြုပြင်ထားရပေမယ့် ကျွတ်နေတဲ့ ဆံပင်တွေဆို ကိုင်ဖို့မပြောနဲ့။ စေ့စေ့ပင် မကြည့်ရဲခဲ့။

ကျွန်မငယ်ငယ်တုန်းက ခေါင်း လျှော်ရင် လက်နဲ့ခေါင်းကိုပွတ်လိုက်လို့ ဆံပင်တွေ လက်ထဲပါလာတဲ့အခါ ရွံလွန်းလို့ ငိုမိတယ်။ နောက်တော့ ခေါင်း လျှော်ရင် ကိုယ့်ဘာသာကိုယ် မလျှော် တော့ပဲ လူကြီးတွေ လျှော်ပေးတာပဲ ခံတော့တယ်။ အသက်နည်းနည်းကြီးလာ တော့ ကိုယ့်ဘာသာကိုယ် ခေါင်းလျှော်ပေ မယ့် ကျွတ်ကျလာတဲ့ ဆံပင်တွေကြောင့် ခေါင်းလျှော်တိုင်း အမြဲတမ်း စိတ်အနှောင့် အယှက် ဖြစ်ရတယ်။ ဒါ့ကြောင့် ဆံပင် အရှည်ထားဖို့ ဘယ်တော့မှ စိတ်မကူး ခဲ့ပါ။

ကျွန်မဆံပင်တွေကို ရွံပုံက အိမ်က လူတွေ တအံ့တသြ ဖြစ်ကြရတဲ့အထိပါပဲ။
ကျွန်မရဲ့ကြီးမေက ဆံပင်နည်းတော့ ရှေးလူကြီးပီပီ ဆံထုံးထုံးရင် ဆံစုတပ်လေ့ ရှိတယ်။

အဲဒီဆံစုကို ဗီရိုထဲမှာ သိမ်းထား တာ။ တစ်နေ့မှာ ကျွန်မက ဗီရိုဖွင့်ပြီး အဲဒီဆံစုကို မတော်တဆ ကိုင်မိရော။ တစ်ကိုယ်လုံး ပူထူပြီး ကြောက်လန့်တကြား နဲ့ အကျယ်ကြီးအော်မိတယ်။ ဆံစုကို လည်း အဝေးကို လွှင့်ပစ်လိုက်တယ်။ အိမ်ကလူတွေက ဘာဖြစ်တာလဲဆိုပြီး စိုးရိမ်တကြီးနဲ့ ကျွန်မအနားကိုပြေးလာကြ တော့ ဆံစုကိုင်မိလို့ လန့်သွားတယ်ဆိုတာ လည်း သိရော ဝိုင်းရယ်ကြတော့တာ။

တခြားသူတွေရဲ့ ခေါင်းပေါ်က ဆံပင်တွေ ဘယ်လောက်ပဲဖြောင့်စင်းပြီး နူးညံ့ပျော့ပျောင်းနေပါစေ။ ဘယ်တုန်း ကမှ အားကျတဲ့စိတ် မဖြစ်မိသလို၊ ကိုင်ကြည့်ချင်စိတ်လည်း ဘယ်တုန်းကမှ မဖြစ်ခဲ့ဖူးဘူး။ အလှပြင်ဆိုင်ရောက်လို့ အရုပ်မတွေ ခေါင်းပေါ်မှာ စွပ်ထားတဲ့ ဆံပင်အတုတွေကိုတွေ့ရင် စေ့စေ့မကြည့် ရဲပဲ မျက်နှာလွှဲထားတတ်တယ်။

တစ်ခါက ကျွန်မ ညီမလေးနဲ့အတူ စူပါမားကတ်တစ်ခုကို ပတ်ကြရင်း ဆံပင်အတုရောင်းတဲ့ ဆိုင်တစ်ဆိုင်ရှေ့ ရောက်တော့ ညီမလေးက ကျွန်မကို စတယ်။

“တကယ်လို့ ငါဆံပင်အတုရောင်း တဲ့ဆိုင်ဖွင့်မယ်ဆိုရင်ရော”။

“နင်ဆံပင်အတုရောင်းဆိုင်ဖွင့် မယ့်နေ့က ငါနဲ့ သေခန်းပြတ်တဲ့နေ့ပဲ”လို့ ကျွန်မကလည်း ချက်ချင်းဖြေခဲ့တယ်။

အဲဒီလို ဆံပင်ကို ဘယ်တုန်းကမှ တန်ဖိုးမထားတဲ့အပြင် ရွံရှာထိတ်လန့် တတ်တဲ့ကျွန်မ။

အခုတော့ တိတ်ဆိတ်နေတဲ့ ဟိုတယ် တစ်ခုရဲ့ အခန်းတစ်ခန်းထဲမှာ ဆံပင် အကျွတ်တွေကို မရွံမရှာ လက်နဲ့တို့ထိ နေပါလား။ လက်ထဲမှာရှိတဲ့ ဆံပင် အကျွတ်တွေကို ရွံရှာဖို့ထက် မိန်းမ တစ်ယောက်ရဲ့ ဘဝမှာ ဆံပင်က ဘယ်လောက်အထိ အရေးပါသလဲလို့ ကျွန်မ စဉ်းစားနေမိတယ်။ ကျွန်မဘဝမှာ ရော ကျွန်မခေါင်းပေါ်က ဆံပင်တွေဟာ ဘယ်လောက်အထိ အရေးပါခဲ့သလဲ။ ဒီဆံပင်တွေက ကျွန်မဘဝရဲ့ ဖြစ်တည်မှုနဲ့ ဂုဏ်သိက္ခာရှိစွာ ရပ်တည်ရှင်သန်နိုင်မှု အတွက် ဘယ်လောက်အထိ အထောက် အပံ့ ဖြစ်စေခဲ့သလဲ။

တိကျတဲ့အဖြေ ထွက်မလာပါဘူး။ ဆံပင်အကျွတ်တွေကို ငေးကြောင်ကြည့်ရင်း လွန်ခဲ့တဲ့ လအနည်း ငယ်က အဖြစ်အပျက်ကို မျက်စိထဲ တစ် ကွက်စီ ပြန်လည်မြင်ယောင်လာမိတယ်။

။ ။ ။

ကင်ဆာဆိုတဲ့ အဖြေကြောင့် ကင်ဆာကုသတဲ့လမ်းကြောင်းအတိုင်း ဆေးကုသမှုခံယူဖို့ ကျွန်မ ပြင်ဆင်ရတော့ တယ်။ ကင်ဆာဆေးတစ်မျိုးဖြစ်တဲ့ ခီမိုဆေးသွင်းကုသတဲ့အခါ ဆေးရဲ့ ဘေးထွက်ဆိုးကျိုးအနေနဲ့ ဆံပင်တွေ ကျွတ်ကုန်မယ်လို့ ဆရာဝန်က ရှင်းပြ တော့ ကျွန်မခေါင်းကို ယောင်ယမ်းပြီး ကိုင်မိတယ် ထင်ပါတယ်။

ပထမဆုံး စဉ်းစားမိတာက ဆံပင် တွေမရှိလို့ ကတုံးဖြစ်သွားတဲ့အခါ ကျွန်မ တစ်ယောက်ထဲ ခရီးသွားရဲပါ့မလား။ ဘယ်လိုပုံစံနဲ့ နေမလဲ။ ဘယ်လို အဝတ်အစားတွေကို ဝတ်ပြီး၊ ဘယ်လို ဖိနပ်မျိုးကို စီးရမလဲ – စသဖြင့်—

“အို— ကျွန်မ ဘာတွေ လျှောက်တွေးနေတာလဲ။ ဒီအချိန်မှာ အသက်ဆက်ရှင်ဖို့က အရေးကြီးဆုံး မဟုတ်လား။ ဆံပင်ကျွတ်တာလောက်ကို စာဖွဲ့နေစရာအကြောင်းကို မရှိဘူး”လို့ အသိဉာဏ်က သတိပေးပေမယ့် ဆံပင် မရှိတော့တဲ့အချိန်မှာ ဘယ်လို နေထိုင်သွား လာမလဲဆိုတဲ့ စိုးရိမ်စိတ်တွေက လျော့ပါး မသွားခဲ့ပါ။

ကျွန်မရဲ့ စိုးရိမ်စိတ်ကို နားလည် ရှာလို့ ထင်တယ်။ ဘန်ကောက်ကို ဆေးသွားမသွင်းခင်မှာ ညီမလေးက ကျွန်မကို ရန်ကုန်က ဆံပင်တုရောင်းတဲ့ ဆိုင်ကို ခေါ်သွားပြီး ကိုင်ကြည့်ဖို့ ပြော တယ်။ ကိုင်ရဲရင် ဆံပင်တုတပ်ဖို့ ဝယ်မယ် ပေါ့လေ။ ကျွန်မက အရုပ်မခေါင်းပေါ်မှာ တပ်ထားတဲ့ ဆံပင်တုကို လက်နဲ့ရွယ် လိုက်ရုံနဲ့ အန်ချင်သလိုလို ဖြစ်လာလို့ ဆံပင်တုတပ်မယ့် အစီအစဉ်ကို အဲဒီ နေရာမှာပဲ စွန့်လွှတ်လိုက်ရတော့တယ်။

အဲဒါနဲ့ ကျွန်မဆောင်းရမယ့် ဦးထုပ်ကို ဈေးဝယ်စင်တာတွေပတ်ပြီး ရှာပုံတော်ကြီး ဖွင့်တော့တာပါပဲ။ ဦးထုပ် ဆောင်းတဲ့ အလေ့အကျင့် မရှိတဲ့ ကျွန်မက ဘယ်လိုဦးထုပ်မျိုးနဲ့ လိုက်ဖက် တာပါလိမ့်။ ကျွန်မနဲ့ ညီမလေးတို့ ဈေးဝယ်စင်တာ သုံးလေးခုလောက် ပတ်ပြီး တဲ့အခါ ကျွန်မနဲ့ အဆင်ပြေမယ်ထင်တဲ့ ဦးထုပ်လေးတစ်လုံး ဝယ်လိုက်ပါတယ်။

ပထမအကြိမ်ဆေးသွင်းပြီး နှစ်ပတ် လောက်အကြာမှာ ဆံပင်တွေ စကျွတ် လာခဲ့ပြီ။ မနက်အိပ်ရာထရင် ခေါင်းအုံး မှာ ပြန့်ကျဲနေတဲ့ ဆံပင်တွေကို ကောက်သိမ်းရတာ အလုပ်တစ်ခု ဖြစ်လာ ခဲ့တယ်။ ဆေးက သုံးပတ်ခြားတစ်ခါ သွင်းရတာမို့ သုံးပတ်ပြည့်လို့ ဒုတိယ အကြိမ်ဆေးသွင်းဖို့အတွက် တည်းခိုတဲ့ ဟိုတယ်မှာ နားနေတုန်း ဆံပင်အကျွတ် တွေကို အထွေးလိုက် ဆွဲထုတ်ရင်း ဆံပင် ကို အမြတ်တနိုးတန်ဖိုးထားတဲ့ အမျိုးသမီး တွေ ဒီလိုအဖြစ်မျိုးကြုံရရင် ဘယ်လိုနေ မလဲလို့လဲ တွေးမိပြန်တယ်။ ငေးကြောင် နေတဲ့ မျက်ဝန်းတွေနောက်မှာ အတွေး တွေက ဟိုရောက်ဒီရောက်။

ကျွန်မရဲ့မိသားစုနဲ့ မိတ်ဆွေတွေ ကတော့ ဆံပင်ကျွတ်တဲ့ကိစ္စထက် ကျွန်မရဲ့သေရေးရှင်ရေးကိုပဲ ပိုအလေး ထားကြပါတယ်။ ဆံပင်ဆိုတာ သက်ရှိမှ မဟုတ်တာလေနော်။ ပြီးတော့ ဆေးအရှိန် ကုန်ရင် ပြန်ပေါက်မှာပဲမို့ သူတို့အနေနဲ့ ဘယ်လိုမှ အလေးအနက်ထားစရာ မဟုတ်တာ မထူးဆန်းပါဘူး။ သူတို့ အတွက် အရေးကြီးတာက ကျွန်မ အသက် ဆက်ရှင်နိုင်ဖို့။ ကျွန်မလည်း ဆံပင်နဲ့ အသက်ရှင်ခြင်း တစ်ခုခုကို ရွေးရမယ် ဆိုရင် အသက်ရှင်ခြင်းကိုပဲ ရွေးတာပါပဲ။

ဒါပေမယ့် ကင်ဆာအထူးကု တစ်ယောက်ရေးထားတဲ့ ဆောင်းပါး တစ်ပိုဒ်မှာ သူ့လူနာအမျိုးသမီးတစ်ယောက် က ဆံပင်ကျွတ်မှာကြောက်လို့ ခီမိုဆေး မသွင်းဘဲ အသက်အသေခံသွားရှာသတဲ့။ တကယ်လို့ အဲဒီဆောင်းပါးကို ကျွန်မ ကင်ဆာ မဖြစ်ခင်အချိန်မှာ ဖတ်ဖြစ်မယ် ဆိုရင် အဲဒီအမျိုးသမီးကို အပြစ်တင်လို့ ဆုံးမယ်မထင်ဘူး။ အခုတော့ ကျွန်မသူ့ကို အပြစ်လည်း မတင်သလို အပြစ်လည်း မမြင်တော့ပါ။ တခြားသူတွေရဲ့အမြင်မှာ သူ့လုပ်ရပ်ဟာ မှားနေပါတယ် ဆိုရင် တောင် သူ့အတွက်တော့ အမှန်ဖြစ်မှာပါ။ ဒါသူ့ရဲ့ရွေးချယ်မှုပဲလေ။

လူတိုင်းမှာ ကိုယ့်ဘဝကို ဘယ်လိုဖြတ်သန်းရှင်သန် သလဲဆိုတာ ကိုယ့်ရွေးချယ်မှုနဲ့ကိုယ်ပဲ မဟုတ်လား။

အသက်ဆက်ရှင်သန်ဖို့ ရွေးချယ် လိုက်တဲ့ ကျွန်မက တခြားဘေးထွက် ဆိုးကျိုးနဲ့ စိတ်ဆင်းရဲ၊ ကိုယ်ဆင်းရဲ ဖြစ်ရတာတွေကို ခံနိုင်ရည်ရှိအောင် ကြိုးစားရမှာပေါ့လေ။ ဒါပေမယ့် တဖွဲဖွဲ ကျွတ်ကျလာတဲ့ ဆံပင်တွေကို မြင်လိုက် ရတဲ့အချိန်၊ လက်ထဲမှာ ဆံပင်အကျွတ် တွေ ကိုင်ထားရတဲ့အချိန်တွေက တကယ်ကို တုန်လှုပ်ချောက်ချားစရာ ကောင်းလှ ပါတယ်။

ဒီလိုတဖွဲဖွဲနဲ့ တစ်ခေါင်းလုံးကုန်အောင်ကျွတ်တာမျိုးက စိတ်ပိုင်း ဆိုင်ရာ ထိခိုက်မှုကို ဖြစ်စေတာတော့ အမှန်ပါပဲ။

။ ။ ။

ဘဝမှာ တစ်ခါတလေ ကိုယ်ရွံမုန်း ပါတယ်ဆိုတဲ့အရာက ကိုယ့်ဘဝထဲက ရုတ်တရက်ပျောက်ကွယ်သွားတဲ့အခါ နှမျောတသ ဖြစ်နေတတ်တဲ့အဖြစ်မျိုးတွေ။

အနီးမှာရှိတဲ့အချိန် တန်ဖိုးမထား ဖြစ်ပေမယ့် ဝေးသွားတဲ့အခါမှ တန်ဖိုး တွေကို သိလိုက်ရတဲ့ အရာတွေ။ ပိုင်ဆိုင် ထားရတဲ့အချိန် ဝန်ထုပ်ဝန်ပိုးအဖြစ် စိတ်အနှောင့်အယှက်ဖြစ်မိပေမယ့် ဆုံးရှုံး သွားရတဲ့အခါကျမှ ယူကြုံးမရ တသသ ဖြစ်နေမိတဲ့ အဖြစ်မျိုးတွေ။ လောကမှာ အဲဒီလိုအဖြစ်မျိုးတွေနဲ့ ရင်ဆိုင်ကြုံတွေ့ နေရသူတွေ ဘယ်လောက်များ ရှိမှာပါလိမ့်။

ကိုယ့်ခေါင်းပေါ်မှာ ရှိနေတဲ့အချိန်က အပိုပစ္စည်းလို့ ထင်ခဲ့တဲ့အရာတစ်ခုဟာ ပျက်စီးဆုံးရှုံးသွားတဲ့အခါမှ သူ့ရဲ့အသုံး ဝင်မှု တန်ဖိုးက ကျွန်မအတွက် များနေပါ လား။

ဒီတန်ဖိုးတွေကို ကျွန်မအခုမှ သိလာရတာလား။ ဒီဆံပင်တွေလိုပဲ ကျွန်မ တို့ဘဝမှာ သက်မဲ့မဟုတ်တဲ့ သက်ရှိ တစ်ယောက်ယောက်ရဲ့ တန်ဖိုးကို မသိ နားမလည်ဘဲ လျစ်လျူရှုခဲ့ဖူးတာတွေရော ရှိခဲ့ဖူးသလား။

ဆုံးရှုံးလိုက်ရတဲ့ အရာတွေက သက်ရှိဖြစ်ချင်ဖြစ်မယ်။ သက်မဲ့ဖြစ်ချင် ဖြစ်မယ်။ ဘယ်လိုဖြစ်ဖြစ် အနီးမှာရှိတဲ့ အချိန် တန်ဖိုးမထားဘဲ ပျောက်ကွယ်သွား တဲ့အခါကျမှ ကိုယ့်အတွက် အဖိုးတန်မှန်း သိလိုက်ရတဲ့ ခံစားချက်က ဆိုးဝါး တာတော့ အမှန်ပါပဲ။ ဒါပေမယ့် အဲဒီ ခံစားချက်တွေရဲ့အလွန်မှာတော့ ကိုယ့်အနား မှာရှိတဲ့ ဘယ်လိုသက်ရှိသက်မဲ့ကိုပဲ ဖြစ်ဖြစ် သူတို့ရဲ့တန်ဖိုးနဲ့ ဖြစ်တည်မှုကို ပိုပြီးအလေးထား မြင်တတ်လာခဲ့တော့တယ်။

လူတိုင်း လူတိုင်း ကိုယ့်အနားမှာ ရှိနေတဲ့ အရာတွေရဲ့ တန်ဖိုးကို သိနား လည်ပြီး တန်ဖိုးထားနိုင်ကြပါစေ။

နီမာဦး(အံဒင်)