ကိုဗစ်ကို ကျော်ကြည့် ကြရအောင်

0
470
editorial

ကပ်ကြီးမှာ တစ်ချိန်ချိန်တွင် ပြီးသွားနိုင်သည်။ သို့မဟုတ် ခေတ္တခဏ ရပ်ဆိုင်း သွားနိုင်သည်။ သို့မဟုတ် နောက်ထပ် ပုံစံတစ်မျိုးဖြင့်လည်း ထပ်လာနိုင်သည်။

ဝေဖန်စရာများစွာ ရှိလင့်ကစား အစိုးရတာဝန်ရှိသူများ အနေနှင့် ကပ်ကြီး ကြောင့် ဖြစ်လာသည့် ကျန်းမာရေး၊ စီးပွားရေး ပြဿနာများကို နိုင်သမျှ စိတ်အား၊ လူအား၊ ဉာဏ်အားဖြင့် ဖြေရှင်းနေသည်ကို တွေ့ရသည်။ ထိုသို့ ဖြေရှင်းရာတွင် အရပ်ဘက်အဖွဲ့အစည်းများ၊ ပုဂ္ဂလိလုပ်ငန်းများ၊ အလှူရှင်များ၏ အကူအညီ အထောက်အပံ့သည်လည်း များစွာ အရေးပါလှသည်။

ထိရောက်သည်လည်း ရှိသည်၊ ချွတ်ယွင်းချက် အားနည်းချက်များစွာလည်း ရှိပါသည်။

ကပ်ကြောင့်ဖြစ်လာသည့် ပြဿနာများကို နောက်မှ လိုက်ရှင်းရမည့် နည်းတူ ကိုဗစ်ကပ်ဘေးကို ကျော်လွန်၍ ဆင်ခြင်တွေးတောကာ ဖြစ်လာနိုင်ဖွယ် အရေးကိစ္စများကို ကြိုပြင်ထားရန် လိုပါသည်။

လယ်သမားများမှာ လယ်ယာလုပ်ငန်းခွင် ဝင်ကြတော့မည်။ ချေးငွေများတော့ ထုတ်ပေးနေပြီ။

သို့သော် ချေးငွေထုတ်ပေးရုံဖြင့် တာဝန်မကျေတော့ပါ။ လယ်သမား များမှာ သည်နှစ် မိုးရာသီတိုမည်လော၊ ရှည်မည်လော၊ မိုးများမည်လော၊ နည်းမည် လော ဆိုသည်ကို သိလိုနေကြသည်။ အပူဓာတ် ပိုလာမည်လော၊ ပုံမှန် အတိုင်းလော ဆိုသည်ကို သိလိုနေကြသည်။

ရာသီဥတုကို လိုက်၍ အကြမ်းစိုက်ရမည်လော၊ အချောစိုက်ရမည်လော၊ သက်နု စိုက်ရမည်လော၊ သက်ရင့် စိုက်ရမည်လောကို သိလိုနေကြသည်။

အခြားသီးနှံစိုက်ပျိုးသူများလည်း ထိုနည်းနှင်နှင်ဖြစ်သည်။

ကိုဗစ်အလွန် မည်သည့် သီးနှံဈေးကောင်းမည်နည်း သိလိုနေကြသည်။ မည်သည့် သီးနှံစိုက်က ပိုအောင်မည်နည်း သိလိုနေကြသည်။

အခြားသော ဟိုတယ်နှင့် ခရီး၊ အစားအသောက်ထုတ်လုပ်ဖြန့်ဖြူးရေး စသည့် လုပ်ငန်းများသည်လည်း ကိုဗစ်အလွန်တွင် ကောင်း၊ မကောင်း သိလိုနေရသည်။

အချုပ်အားဖြင့်ဆိုသော် ပြည်သူများမှာ မိမိတို့၏ အသက်မွေး ရှင်သန်မှု အတွက် အချိန်၊ ငွေ၊ ဉာဏ်၊ ဝိရိယ တို့ကို အနာဂတ်ကိုလိုက်ကာ တွက်ချက်ချင့်ချိန် မြှုပ်နှံရမည်ဖြစ်သည်။ ထိုကြောင့် ပြည်သူများ၊ လုပ်ငန်းများ အနေနှင့် မိမိတို့၏ ကံ၊ ဉာဏ်၊ ဝိရိယ၊ အချိန်၊ ငွေ တို့ကို မည်သည့်နေရာတွင် မည်သို့ ရင်းနှီးအားစိုက် ရမည်ကို အစိုးရနှင့် အများပြည်သူဆိုင်ရာ အသင်းအဖွဲ့များက လမ်းပြပေးရန် တာဝန်ရှိပါသည်။

ကိုဗစ်ကပ်ဘေးကြောင့် ဖြစ်လာသော ပြဿနာများကို နောက်မှ လိုက်ရှင်း ရမည့်နည်းတူ ကိုဗစ်ကိုကျော်၍ ဖြစ်လာနိုင်မည့် လူမှုစီးပွားအရေး အရာများအတွက် လည်း ကြိုပြင်ထားရန် လိုပါကြောင်း။

အယ်ဒီတာ (မေ ၃၀၊ ၂၀၂၀)