ချက်ချင်းအဖြေထုတ်နိုင်သည့်ကိရိယာဖြင့် သွေးလွန်တုပ်ကွေး စစ်နိုင်

0
535

သွေးလွန်တုပ်ကွေး သံသယရှိပါက နီးစပ်ရာကျေးလက်ကျန်းမာရေးဌာနများတွင် ချက်ချင်းအဖြေထုတ်ပေးနိုင်သည့် ကိရိယာဖြင့်သွားစစ်နိုင်ကြောင်း တနင်္သာရီတိုင်းဒေသကြီး ပြည်သူ့ ကျန်းမာရေးဦးစီးဌာန၊ ပိုးမွှားများမှတစ်ဆင့် ကူးစက်တတ်သော ရောဂါများ ကာကွယ်နှိမ်နှင်းရေးအဖွဲ့ (ရ.ပ.က.န)ထံမှ သိရသည်။


ယခုနှစ်တွင် တိုင်းအတွင်း သွေးလွန်တုပ်ကွေးဖြစ်ပွားသူ ၁၄ ဦးရှိနေပြီဖြစ်ပြီး မိုးဦးရာသီတွင် သွေးလွန်တုပ်ကွေးဖြစ်ပွားသူများလာလေ့ရှိသည်။

ထိုကြောင့် သွေးလွန်တုတ်ကွေးရှိ/ မရှိကို နာရီဝက်အတွင်းအဖြေသိနိုင်သည့် စစ်ဆေးရေးကိရိယာများကို ကျေးလက်ကျန်းမာရေးဌာနများသို့ ဖြန့်ဝေပေးထားပြီးဖြစ်ကြောင်း (ရပကန) အဖွဲ့ခေါင်းဆောင်ဖြစ်သူ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာနန္ဒဝင်းက ဆိုသည်။

ယခင်က သွေးလွန်တုပ်ကွေးသံသယရှိပါက ကျေးလက်ကျန်းမာရေးဌာနများတွင် သွေးပေါင်ချိန်တိုင်းကိရိယာဖြင့်သာ စစ်ဆေးနေရာမှ ယခုနှစ်မှစတင်ကာ ချက်ချင်းစစ်ဆေးနိုင်မည့် ကိရိယာ (Test Kit) များဖြန့်ဝေထား ကြောင်း ၎င်းက ပြောသည်။


ယမန်နှစ်က ချက်ချင်းစစ်ဆေးနိုင်မည့်ကိရိယာဖြင့် စစ်ဆေးခြင်းကို မြို့နယ်ဆေးရုံများတွင်သာ စစ်ပေးနေရာမှ ယခုနှစ်တွင် ကျေးလက်ကျန်းမာရေးဌာနအဆင့်တွင် စစ်ဆေးပေးနိုင်ရန် လုပ်ဆောင်လာခြင်းဖြစ်သည်။

“ကျေးလက်ကျန်းမာရေးဌာန Level (အဆင့်) မှာတောင်မှ ဒီကလေး သွေးလွန်တုပ်ကွေး ဟုတ် မဟုတ်ကို တစ်ခါတည်း Test Kit တန်းစစ်လို့ရအောင် လုပ်ပေးထားတယ်” ဟု ဒေါက်တာနန္ဒဝင်းက ပြောသည်။


ယင်းကဲ့သို့ ကျေးလက်ကျန်းမာရေးဌာနတွင်ပင် သွေးလွန်တုပ်ကွေးပိုးရှိ/ မရှိ စစ်ဆေးနိုင်သည့်အတွက် အချိန်မီကုသနိုင်ရေးအတွက် အထောက်အကူဖြစ်လာမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

တနင်္သာရီတိုင်းအတွင်း ကျေးလက်ကျန်းမာရေးဌာန ၅၀ ရှိပြီး ချက်ချင်းစစ်ဆေးနိုင်သည့် ကိရိယာ အခုရေ ၁၃၀ဝ ဝန်းကျင်ကို ဖြန့်ဝေပေးထားပြီးဖြစ်ကြောင်း ပြည်သူ့ကျန်းမာရေးဦးစီးဌာနထံမှ သိရသည်။
ထိုကိရိယာဖြင့် စစ်ဆေးရာတွင် ဖျားပြီးနှစ်ရက်ကြာမှသာ စစ်ဆေး၍ရကြောင်း ၎င်းက ရှင်းပြသည်။


“ပိုးမတွေ့ဘူးဆိုရင် မဟုတ်ဘူးပြောလို့မရသော်လည်း ပိုးတွေ့ရင် သေချာတယ်။ သူက ကိုးဆယ်ရာခိုင်နှုန်း အထက်မှာသေချာမှုရှိတယ်” ဟု ဒေါက်တာနန္ဒဝင်းက ပြောသည်။

ကျေးလက်ကျန်းမာရေးဌာများကို ပျမ်းမျှအားဖြင့် သွေးလွန်တုပ်ကွေး သံသယလူနာ ၂၀ ဦးခန့်အထိ စစ်ဆေးနိုင်ရန် ခွဲဝေပေးထားပြီး ထပ်မံထောက်ပံ့ပေးရန် လုပ်ဆောင်နေကြောင်း ၎င်းက ဆိုသည်။


သွေးလွန်တုပ်ကွေးဖြစ်စေသည့် ပိုးလောက်လန်းနှင့် ခြင်နှိမ်နင်းရေးလုပ်ငန်းများဖြစ်သည့် ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ဆောင်ခြင်းနှင့် အဘိတ်ဆေးခတ်ခြင်းများလည်း လုပ်ဆောင်နေကြောင်း အထက်ပါဌာနထံမှ သိရသည်။


ပြီးခဲ့သည့်နှစ်က တနင်္သာရီတိုင်းအတွင်း ပုလောမြို့နယ်က သွေးလွန်တုပ်ကွေးဖြစ်ပွားမှု အများဆုံးဖြစ်ခဲ့ပြီး ၂၂၂ ဦးအထိ ဖြစ်ပွားခဲ့သည်။

၂၀၁၉ ခုနှစ်တွင် တစ်တိုင်းလုံးအနေဖြင့် သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူ ၆၇၅ ဦး ရှိခဲ့ပြီး ၃ ဦး သေဆုံးခဲ့ကြောင်း တိုင်းဒေသကြီး ရ.ပ.က.န အဖွဲ့ထံမှ သိရသည်။