မောတောင်နယ်စပ်မှတစ်ဆင့် ဝင်လာသူတစ်ဦး ကိုယ်အပူချိန်မြင့်နေ၍ ဆေးရုံတွင် စောင့်ကြည့်

0
237

မြန်မာ-ထိုင်းနယ်စပ်ဂိတ်တစ်ခုဖြစ်သည့် မြိတ်ခရိုင် တနင်္သာရီမြို့နယ် မောတောင်နယ်စပ်မှတစ်ဆင့်ဝင်ရောက်လာသည့် အမျိုးသားတစ်ဦး ကိုယ်အပူချိန်မြင့်နေသဖြင့် မောတောင်တိုက်နယ်ဆေးရုံတွင် အသွားအလာကန့်သတ်စောင့်ကြပ်ထားကြောင်း ယင်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်ဟိန်းထံမှ သိရသည်။


အဆိုပါ အမျိုးသားသည် မေလ ၁၂ ရက်က တရားမဝင်လမ်းကြောင်းမှ ဝင်ရောက်လာခြင်းဖြစ်ကြောင်း ဦးအောင်ကျော်ဟိန်းက ပြောသည်။


“ခိုးလမ်းကနေလာတာ။ တရားဝင် စစ်ဆေးမှု မလုပ်နိုင်ဘူး။ ခုတောင် သတင်းအရ စစ်ဆေးလို့ ပေါ်လာတာပါ” ဟု ၎င်းက ပြောသည်။


ထိုင်းနိုင်ငံတွင် သွားရောက်လုပ်ကိုင်နေကြသည့် မြန်မာရွှေ့ပြောင်း အလုပ်သမားအချို့သည် မောတောင်နယ်စပ်ရှိ တရားမဝင်လမ်းကြောင်းမှ နေရပ်သို့ ပြန်လည်ဝင်ရောက်နေကြကြောင်း မောတောင်နယ်စပ်နေသူတချို့မှ သိရသည်။

မြင့်မိုရ်(မြိတ်)