ကိုယ်တိုင် လေ့လာတတ်မှ ရတော့မည်

0
479
editorial

ယနေ့ခေတ် ကမ္ဘာကြီးကား အပြောင်းအလဲ မြန်လွန်းလှသည်။ တရုတ်နှင့် အမေရိကန်ပြည်ထောင်စုတို့၏ ကုန်သွယ်ရေးစစ်ပွဲ အဆုံးမသတ်မီမှာပင် ကိုဗစ် ကပ်ရောဂါဆိုး ပေါ်လာသည်။

ဆယ်စုနှစ်ပေါင်းများစွာ ပုံမှန်လည်ပတ်နေသော ကမ္ဘာ့အစီအစဉ်များ ကမောက်ကမ ဖြစ်သွားသည်။ ကိုဗစ်ကပ်ရောဂါမျှ မကြီးမားသော်လည်း ကမ္ဘာကြီး တွင် မထင်မှတ်ထားသည့် အဖြစ်အပျက်များ မကြာခဏ ဖြစ်လေ့ရှိသည်။

ပညာ၏ သဘောမှာ အကျိုးအကြောင်း ဆိုးကောင်းကို စဉ်းစားဆင်ခြင် တတ်ရန်၊ ကြုံလတ္တံ့သော ဘေးအန္တရာယ်၊ ဘဝစိန်ခေါ်မှု အခက်အခဲများကို ရင်ဆိုင် ကျော်လွှားတတ်ရန် ဖြစ်သည်။

ကျောင်းစာသင်ခန်းများတွင်မူ လတ်တလော ကြုံနေရသော၊ ကြုံရမည့် လူ့ဝန်းကျင်လောကအတွက် စိန်ခေါ်မှုများ၊ ယင်းတို့ကို ဖြစ်စေသော အကြောင်းရင်းများ၊ ယင်းတို့ကို မည်သို့ ကျော်လွှားမည် စသည်ဖြင့် တွက်ချက်တွေးတော စဉ်းစားသင်ယူကြလေ့ရှိသည်။

သို့သော် အလွန်လျင်မြန်ပြီး မမျှော်လင့်သော အပြောင်းအလဲများ ကြုံနေရ သည့် ကမ္ဘာ၏ အနာဂတ်ကို ကျောင်းစာသင်ခန်းများ၊ တက္ကသိုလ်များကပင် ခန့်မှန်းအဖြေရှာရ ခက်လာသည်။

ထိုကြောင့် ကျောင်းစာသင်ခန်းများတွင် အချိန်တစ်ခု ပေးကာ သင်ယူရုံမျှဖြင့် ယနေ့လောကကြီးကို ရင်ဆိုင်ရန် မပြည့်စုံတော့၊ အသင့်မဖြစ်တော့ပါ။

ထိုသို့ ညွှန်းဆိုသဖြင့် ကျောင်းများ၊ တက္ကသိုလ်များသည် မလိုအပ်တော့ဟု မဆိုလိုပါ။

သင်ကြားရေးနှင့် ပတ်သက်၍ပညာရှင်များ ယခုတလော မကြာခဏ ပြောဆိုလေ့ရှိသော စကားမှာ စာသင်ခန်းများသည် ဘာသာရပ်တစ်ခုခုကို အလုံးစုံ သိ၊ တတ်အောင်သင်ရန် မဖြစ်နိုင်တော့။ ထိုကြောင့် ကျောင်းစာသင်ခန်းများ ၏ အဓိကအလုပ်မှာ ကျောင်းသားကျောင်းသူများ စဉ်းစားတတ်ရေး၊ တစ်သက်တာ ကိုယ်တိုင်လေ့လာ သင်ယူတတ်ရေး ဦးတည်ချက်ထားရန် ဖြစ်သည်။

ထိုကြောင့် သင်အံရွတ်ဖတ်ရေးထက် စဉ်းစားတတ်၊ ကိုယ်တိုင်သင်ယူလေ့လာ တတ်သော စာသင်ခန်းများဆီ အသွင်ကူးပြောင်းနိုင်ရေး အရေးကြီးပါကြောင်း။

အယ်ဒီတာ (မေ ၂၂၊ ၂၀၂၀)