ပိတ်ထားသည့် စက်ရုံများ စစ်ဆေးပြီး ပြန်ဖွင့်

0
474

ကိုရိုနာဗိုင်းရပ်စ်ကြောင့် ယာယီပိတ်ထားရသည့် မွန်ပြည်နယ်အတွင်းရှိ စက်ရုံ အလုပ်များကိုစစ်ဆေးပြီး ပြန်လည်ဖွင့်ခွင့်ပေးနေသည်ဟု မွန်ပြည်နယ်အစိုးရအဖွဲ့ထံမှ သိရသည်။


ပြည်နယ်အတွင်း၌ စက်ရုံ အလုပ်ရုံ စုစုပေါင်း ၂၇၂၇ ရုံ ရှိပြီး ယင်းစက်ရုံများ ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် ပြည်နယ်အဆင့်၊ ခရိုင်အဆင့် ဖွဲ့စည်းထားသည့် ဌာနပေါင်းစုံပါ စက်ရုံအလုပ်ရုံကြီးကြပ် စစ်ဆေးရေးအဖွဲ့ဖြင့် စစ်ဆေးလျက်ရှိသည်။


လက်ရှိတွင် ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် အမိန့်ညွှန်ကြားချက်များနှင့်အညီ စီစဉ်ဆောင်ရွက်ထားသည့် စက်ရုံ အလုပ်ရုံ ၈၈ ရုံကို ပြန်လည်ဖွင့်ခွင့်ပြုပေးထားကြောင်း မွန်ပြည်နယ်အစိုးရအဖွဲ့ ညွှန်ကြားရေးမှူး ဦးမြင့်သန်းဝင်းက ပြောသည်။


“ကျန်တာတွေကတော့ စစ်နေဆဲပဲ စစ်နေတုန်းပဲ။ ဆက်ပြီးတော့ ဖွင့်လှစ်ပေးဖို့ရှိတယ်” ဟု ၎င်းက ပြောသည်။


ပြန်လည်ဖွင့်ခွင့်ပြုပေးထားသည့် စက်ရုံ အလုပ်ရုံအများစုသည် အဓိကဆေးဝါးလုပ်ငန်းလုပ်သည့်စက်ရုံ၊ ဆန်စက်နှင့် လူသုံးကုန်ပစ္စည်းထုတ်လုပ်သည့် စက်ရုံဖြစ်သည်ဟု ဦးမြင့်သန်းဝင်းက ဆက်ပြောသည်။


၎င်းအပြင် ပိတ်ထားရသည့် စည်ပင်သာယာဈေးများကိုလည်း မေလ ၁၆ ရက်နေ့မှစပြီး လိုက်နာရမည့်စည်း ကမ်းချက်များဖြင့် ခံဝန်ကတိထိုးခိုင်းစေပြီး ပြည်နယ်အစိုးရက ပြန်လည်ဖွင့် လှစ်ခွင့်ပေးခဲ့သည်။


စားသောက်ဆိုင်များ၊ လက်ဖက်ရည်ဆိုင်များ၊ အရက်ဘီယာဆိုင်များ ပါဆယ်စနစ်ဖြင့်သာ ရောင်းချရန်ကန့်သတ်ထားမှုကို ဖြေလျော့ပေးရန် လုပ်ငန်းရှင်တို့က လိုလားနေကြသည်။


“စားသောက်ဆိုင်တွေကိုလည်း ဖွင့်ခွင့်ပေးစေချင်တယ်။ ကျန်းမာရေးညွှန်ကြားချက် စည်းကမ်းချက်တွေနဲ့ အညီပေါ့။ တချို့ တိုင်းနဲ့ ပြည်နယ်မှာ စည်းကမ်းချက်တွေ ထုတ်ပြီးတော့ ဖွင့်ခွင့်ပေးနေပြီ။ ကျွန်တော်တို့လည်း ပြင်ဆင်ထားတယ်။ ကျန်းမာရေးညွှန်ကြားချက်နဲ့အညီပေါ။ ဒါကို ပြည်နယ်အစိုးရအနေနဲ့ စဉ်းစားပေးသင့်တယ်” ဟု မော်လမြိုင်မြို့ပေါ်၌ စားသောက်ဆိုင် ဖွင့်လှစ်ထားသူတစ်ဦးက ပြောသည်။