မွန်တွင် သွေးလွန်တုပ်ကွေး ဖြစ်ပွားသူ ၉၇ ဦးရှိ၊ ၁ ဦး သေဆုံး

0
548

မွန်ပြည်နယ်အတွင်း သွေးလွန်တုပ်ကွေးရောဂါ ကူးစက်ဖြစ်ပွားသူ ၉၇ ဦးရှိပြီး သေဆုံးသူ ၁ ဦးရှိသည်ဟု မွန်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူး ဒေါက်တာ ထွန်းအောင်ကြည်က ပြောသည်။


ယခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှ မေလ ၁၉ ရက်နေ့ထိစာရင်းအရ ရောဂါကူးစက်ဖြစ်ပွားသူ ၉၇ ဦးရှိပြီး သေဆုံးသူ ၁ ဦးရှိသည်ဟု ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနရှိ စာရင်းအရ သိရသည်။


ယခုနှစ် သွေးလွန်တုပ်ကွေး ဖြစ်ပွားမှုအခြေအနေသည် လွန်ခဲ့သည့် ၂၀၁၉၊ ၂၀၁၈၊ ၂၀၁၇ ခုနှစ် ကာလတူများနှင့် နှိုင်းယှဉ်လျှင် ဖြစ်ပွားမှုနှုန်းနည်းသည်ဟု ပြည်နယ်ဦးစီးမှူးက ပြောသည်။
“ပြီးခဲ့တဲ့ ၄ နှစ်နဲ့ နှိုင်းယှဉ်ချက်အရပေါ့။ ဒီနှစ်က အနည်းဆုံးဖြစ်တယ်” ဟု ပြည်နယ်ဦးစီးမှူး ဒေါက်တာထွန်းအောင်ကြည်က ပြောသည်။


၂၀၁၉ ခုနှစ်ကာလတူတွင် ရောဂါဖြစ်ပွားသူ ၂၂၈ ဦးရှိပြီး ၁ ဦးသေဆုံးခဲ့ပြီး ၂၀၁၈ ခုနှစ် ကာလတူတွင် ရောဂါဖြစ်ပွားသူ ၁၇၂ ဦးရှိပြီး သေဆုံးသူမရှိကြောင်း သိရသည်။


၂၀၁၇ ခုနှစ် ကာလတူမှာ ရောဂါဖြစ်ပွားသူ ၂၉၅ ဦးပြီး သေဆုံးမှုမရှိဟု ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနရှိ စာရင်းအရ သိရသည်။


“သွေးလွန်တုပ်ကွေးက ခုချိန်ထိ အဖြစ်နည်းနေပေမယ့် ဒီလာမယ့် ဇွန်၊ ဇူလိုင်၊ ဩဂုတ်ထိပေါ့ အဲဒီလတွေမှာ များလာနိုင်တယ်။ ခါတိုင်းနှစ်တွေကလည်း ဇွန်၊ ဇူလိုင်ဆိုရင် အဖြစ်များခဲ့တယ်။ မိုးကလည်း များလာတော့မယ် ပိုပြီးတော့ သတိထားရမယ်” ဟု မုဒုံမြို့တွင် ဆေးခန်းဖွင့်ထားသည့် ဆရာဝန်တစ်ဦးက ပြောသည်။


ပြည်နယ်ကျန်းမာရေးဌာနအနေဖြင့် သွေးလွန်တုပ်ကွေးအတွက် နှစ်စကတည်းကပင် အစီအစဉ်ရေးဆွဲပြီး သွေးလွန်တုပ်ကွေး ကာကွယ်ရေးဖြစ်သည့် ဖုံး၊ သွန်၊ လဲ၊ စစ် ခြင်းနှင့် ပိုးလောက်လန်းသတ်ဆေးများ (Abate) ခပ်ခြင်းတို့ကို တစ်မြို့နယ်လျှင် အနည်းဆုံး ရပ်ကွက်/ ကျေးရွာ ၅ ခုတို့တွင် လုပ်ဆောင်လျက်ရှိသည်။


အထူးသဖြင့် ကြိုတင်ကာကွယ်တားဆီးရေးလုပ်ငန်းများ လုပ်ဆောင်ရာတွင် ပြည်သူလူထု ပူးပေါင်းပါဝင်မှုသည် အရေးကြီးပြီး ပြည်သူလူထုပါဝင်မှုရှိမှသာ ကြိုတင်ကာကွယ်တားဆီးရေးလုပ်ငန်းများ အောင်မြင်နိုင်မည်ဟု ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန မှ ပြည်နယ်ဦးစီးမှူး ဒေါက်တာထွန်းအောင်ကြည်က ပြောသည်။