ထားဝယ်မြို့ရှောင်လမ်း လာမည့်နှစ် စဖောက်မည်

0
1134

ထားဝယ်မြို့ရှောင်လမ်းတစ်ဝက်ကို လာမည့်ဘဏ္ဍာနှစ်တွင် စဖောက်တော့မည်ဖြစ်ကြောင်း တနင်္သာရီတိုင်းဒေသကြီး လမ်းဦးစီးဌာနထံမှ သိရသည်။

မြို့ရှောင်လမ်းကို ထားဝယ်မြို့အဝင်ဝရှိ Welcome to Dawei ဆိုင်းဘုတ်ရှိရာ သဗြေချောင်းရွာအနီးမှစကာ ပေါက်တိုင်းတံတားအလွန် ထားဝယ်-မြိတ်ကားလမ်းပေါ်သို့ ဖောက်မည်ဖြစ်သည်။

အဆိုပါလမ်းတွင် သဗြေချောင်းရွာအနီးမှ မေတ္တာလမ်းအထိကို တစ်ပိုင်း၊ ယင်းမှ ထားဝယ်မြို့အထွက် ပေါက်တိုင်းတံတားအလွန်အထိကို တစ်ပိုင်းဟူ၍ လမ်းပိုင်းနှစ်ခု သတ်မှတ်ထားကြောင်း လမ်းဦးစီးဌာနတိုင်းဒေသကြီးဦးစီးမှူး ဦးသက်ဇော်ဝင်းက ဆိုသည်။

“လာမယ့်နှစ်ဖောက်မယ့်အပိုင်းက မေတ္တာလမ်းဖြတ်မယ့်အပိုင်းနဲ့ ကျောက်ရပ်အကြားပေါ့”ဟု ဦးသက်ဇော်ဝင်းက ပြောသည်။

အဆိုပါလမ်းပိုင်းအတွက် ငွေကျပ်သိန်းပေါင်း သုံးထောင်နှစ်ရာ (၃ ဒဿမ ၂ ဘီလီယံ)ခန့် သုံးစွဲရန်လျာထားကြောင်း ၎င်းက ဆိုသည်။

အဆိုပါလမ်းပိုင်းကို ၂၄ ပေ အကျယ် နိုင်လွန်ကတ္တရာ(AC) ခင်းမည်ဖြစ်ကြောင်း အထက်ပါဌာနထံမှ သိရသည်။

လက်ရှိတွင် လမ်းဖောက်လုပ်ရန်အတွက် မြေပြင်ကွင်းဆင်းတိုင်းတာရေး စလုပ်ရန် ပြင်ဆင်နေကြောင်း ဦးသက်ဇော်ဝင်းက ပြောသည်။

အထက်ပါမြို့ရှောင်လမ်း ဖောက်မည်ဆိုပါက လယ်ကွင်းများကို ဖြတ်သန်းဖောက်လုပ်ရမည် ဖြစ်သည်။

ကွင်းဆင်းတိုင်းတာပြီး လမ်းအတွက် သိမ်းဆည်းရမည့်လယ်ယာပမာဏကို တွက်ချက်ကာ လျော်ကြေးငွေကိစ္စအတွက် ဆက်လက်တင်ပြရမည်ဖြစ်ကြောင်း ဦးသက်ဇော်ဝင်းက ဆိုသည်။

လမ်းဖောက်လုပ်ရာတွင် လယ်မြေဧက ၁၀၀ ခန့် ပါသွားနိုင်သည်ဟုသိရပြီး လျော်ကြေးကိစ္စအတွက် တွက်ချက်မှုပုံစံများရှိသည်ဟု သိထားကြောင်း ထားဝယ်မဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်စိန်က ပြောသည်။

မြို့ရှောင်လမ်းဖောက်ပြီးပါက ကုန်တင်ယာဉ်များနှင့် ခရီးသည်တင်ယာဉ်များက ထားဝယ်မြို့အတွင်းသို့ ဝင်ရောက်ရန် မလိုအပ်တော့သည့်အတွက် လမ်းပိတ်ဆို့ခြင်း၊ လမ်းပျက်စီးခြင်းနှင့် ယာဉ်အန္တရာယ်ဖြစ်ပွားမှု နည်းပါးသွားမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

ယခုအခါ မြိတ်မြို့သို့ သွားရောက်မည့် ယာဉ်များမှာ မြို့တွင်းမှ ပတ်သွားနေရသည်။

ဦးအောင်စိန်က ထားဝယ်မြို့ရှောင်လမ်းဖောက်လုပ်ပေးရန် ၂၀၁၉ ခုနှစ်၊ မတ်လက ကျင်းပသည့် ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် မေးမြန်းခဲ့ပြီးနောက် လမ်းဖောက်ရန် စီစဉ်လာခြင်း ဖြစ်သည်။

ထားဝယ်မြို့ရှောင်လမ်းမှာ အရှည်အားဖြင့် ၆ ကီလိုမီတာ(၄ မိုင်ခန့်) ရှိမည်ဖြစ်ကြောင်း အထက်ပါဌာနထံမှ သိရသည်။