ဆယ်တန်းအဖြေလွှာ စစ်ဆေးတော့မည်

0
446

ကိုရိုနာဂယက်ကြောင့် ရွှေ့ဆိုင်း ထားသော ဆယ်တန်းအဖြေလွှာများကို ဇွန်လ ၃ ရက်တွင် စတင်စစ်ဆေးရန် အခြေခံပညာ ဦးစီးဌာနက ညွှန်ကြား ထားကြောင်း တနင်္သာရီတိုင်း ပညာရေးမှူး ရုံးထံမှ သိရသည်။

တနင်္သာရီတိုင်းမှ ဆယ်တန်းအဖြေ လွှာများကို မော်လမြိုင်တက္ကသိုလ်တွင် စစ်ဆေးမည် ဖြစ်သည်။

မော်လမြိုင်တက္ကသိုလ်ဘက်ကမူ မေလ ၂၂ ရက်အထိ အဖြေလွှာစစ်ဆေး မည့်ကိစ္စကို အကြောင်းကြားလာခြင်းမရှိသေးကြောင်း တိုင်းပညာရေးမှူး ဒေါ်မြင့်စိန်က ပြောသည်။

“ရုံးချုပ်ကတော့ ဆရာ၊ ဆရာမတွေ အကုန်လုံးကို သတင်းပို့ ခိုင်းထားတယ်။ ဒါပေမယ့် မော်လမြိုင်တက္ကသိုလ်ကတော့ သီးခြားဘာမှမပြောသေးဘူး”ဟု ဒေါ်မြင့်စိန်က ပြောသည်။

တနင်္သာရီတိုင်းမှ ဆယ်တန်းအဖြေ လွှာစစ်ဆေးမည့် ဆရာ၊ ဆရာမ စုစုပေါင်း ခြောက်ရာကျော်(၆၂၉) ဦးရှိပြီး ယင်း ဆရာ၊ ဆရာမ များကို ကြိုတင်ပြင်ဆင် ထားနိုင်ရန်အတွက် ဆယ်တန်းအဖြေလွှာစစ်ဆေးရတော့မည့်ကိစ္စ ကြိုတင် အကြောင်းကြား ထားပြီးဖြစ် ကြောင်း ၎င်းက ပြောသည်။

လက်ရှိတွင် ထားဝယ်-မော်လမြိုင် အဝေးပြေးယာဉ်လိုင်းများမှာ ပြေးဆွဲမှု ရပ်နားထားသဖြင့် အဖြေလွှာစစ်ဆေး သွားမည့် ဆရာ၊ ဆရာမ သွားလာရေး ကိစ္စကို ပညာရေးဝန်းကြီးထံ မေလ ၂၃ ရက် အစည်းအဝေးတွင် တင်ပြသွားမည် ဖြစ်ကြောင်း ၎င်းက ပြောသည်။

ယင်းနေ့တွင် အခြေခံပညာကျောင်း များ ပြန်ဖွင့်မည့်ကိစ္စနှင့်ပတ်သက်ပြီး ပညာရေးဝန်ကြီးနှင့် တိုင်းပညာရေးမှူး များ အွန်လိုင်းမှ တဆင့် အစည်းအဝေး ပြုလုပ်ကြမည်ဖြစ်ကြောင်း ၎င်းက ပြော သည်။

ပုံမှန်အားဖြင့် ဆယ်တန်းစာမေးပွဲ ကို ဧပြီလ ၁ ရက်တွင် စတင်စစ်ဆေးလေ့ ရှိသည်။
တနင်္သာရီတိုင်းတွင် ဆယ်တန်း စာမေးပွဲဖြေဆိုထားသူ နှစ်သောင်းကျော် ရှိသည်။

ကျော်သူစိုး