အခမဲ့ရနိုင်သည့် ဆေးစာရင်း အများမြင်နိုင်သည့်နေရာတွင် ကပ်ထားရမည်

0
362

ဆေးရုံများတွင် အခမဲ့ရနိုင်သည့် ဆေးဝါးအမည်စာရင်းကို အများပြည်သူ မြင်သာသည့်နေရာတွင် ကပ်ထားရမည် ဖြစ်ကြောင်း တိုင်းဒေသကြီး ပြည်သူ့ ကျန်းမာရေးဦးစီးဌာနထံမှ သိရသည်။

ယင်းသို့ပြုလုပ်ရန် ယခင်ကတည်း က ညွှန်ကြားထားပြီးဖြစ်သော်လည်း ထပ်မံညွှန်ကြားထားကြောင်း အထက်ပါ ဌာနမှ တာဝန်ရှိသူက ပြောသည်။

“တချို့ကလည်း ဆေးတိုင်း အလကားရမယ်ထင်နေတာလေ၊ ဆေးရုံ မှာ ရှိတဲ့ဆေးတော့ အခမဲ့ရမှာပေါ့၊ မရှိတဲ့ဆေးကတော့ ဒါဝယ်ခိုင်းရမှာပေါ့၊ ဆေးအားလုံးက ဆေးအမျိုးပေါင်းက သိန်းနဲ့ချီ ရှိတယ်။ အကုန်လုံး ဘယ်လို လုပ် အလကားရမလဲ။ မဖြစ်မှ မဖြစ် နိုင်တာ။ ဘယ်နိုင်ငံမှာမှလည်း မပေးဘူး။ ရှိသမျှဆေး အလကား”ဟု အထက်ပါ တာဝန်ရှိသူက ဆိုသည်။

လက်ရှိတွင် အချို့ဆေးရုံများတွင် သာ ကပ်ထားနိုင်သေးကြောင်း ၎င်းက ပြောသည်။

သရက်ချောင်းမြို့မှ အသက် ၄၂ နှစ်အရွယ် အမျိုးသားက ၎င်းအနေဖြင့် ဆေးရုံတချို့သို့ တက်ရောက်ကုသချိန် တွင် ဆေးအချို့ အခမဲ့ရသော်လည်း ဆေးစာရင်း ကပ်ထားသည်ကိုမူ သတိ မထားမိဟု ပြောသည်။

အခမဲ့ပေးသည့် ဆေးနှင့် ဆေး ပစ္စည်းများစာရင်းနှင့် အဆိုပါ ဆေးနှင့် ဆေးပစ္စည်းများ ရှိ၊ မရှိကို အများပြည်သူ သိရှိနိုင်စေရန် ဆေးရုံများတွင် ရေးသား ဖော်ပြပေးရန် အစီအစဉ် ရှိ မရှိကို မင်းတပ်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးနေလင်းအောင်က မေလ ၁၈ ရက်တွင် ကျင်းပသည့် ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၆)ကြိမ်မြောက် ပုံမှန် အစည်းအဝေးတွင် မေးမြန်းခဲ့သည်။

ဆေးရုံများတွင် အခမဲ့ရနိုင်သည့် ဆေးဝါးများ အမည်စာရင်းအား အများ ပြည်သူ မြင်အောင် ကပ်ထားရန်၂၀၁၈ ခုနှစ် ဇန်နဝါရီ ၂၄ တွင် ညွှန်ကြားထားပြီး ဖြစ်ကာ ၂၀၂၀ မေလ ၈ ရက်နေ့တွင် လည်း ထပ်မံအကြောင်းကြား ထားပြီး ဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြန်လည် ဖြေကြား ခဲ့သည်။

မိုးမြင့်