သန့်ရှင်း၊ စိမ်းလန်းစိုပြေဆုရ ကျောင်းများ

0
521

တနင်္သာရီတိုင်း ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာနမှ ရွေးချယ်ထားသည့် သန့်ရှင်းပြီး စိမ်းလန်း စိုပြေသော ကျောင်းဆုရအခြေခံပညာကျောင်း ခြောက်ကျောင်း ရှိသည်။

အထက်တန်းအဆင့် ပထမဆုရကျောင်းမှာ ကျွန်းစုမြို့နယ်က ပထက်အထက်တန်းကျောင်း ဖြစ်ပြီး ဒုတိယဆုကို လောင်းလုံး အထက်တန်းကျောင်းနှင့် တတိယဆုကို ရေဖြူမြို့နယ် ဇာဒီအထက်တန်းကျောင်းတို့က ရရှိခဲ့ကြောင်း တိုင်းပညာရေးမှူးရုံးထံမှ သိရသည်။

မူလတန်းအဆင့် ပထမဆုရကျောင်းမှာ သရက်ချောင်းမြို့နယ် ရွှေဥချောင်း မူလတန်းကျောင်း၊ ဒုတိယ ဆုကို ရေဖြူမြို့ (ခ) ရပ်ကွက် မူလတန်းကျောင်း၊ တတိယဆုကို ထားဝယ်မြို့ ကျွန်းမွှေးရပ်ကွက် မူလတန်း ကျောင်းတို့က ရရှိခဲ့ကြောင်း အထက်ပါရုံးထံမှ သိရသည်။

ယင်းကျောင်းများကို ပတ်ဝန်းကျင် စိမ်းလန်းစိုပြေရေးနှင့်ပတ်သက်ပြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာနက သတ်မှတ်ထားသည့် စံသတ်မှတ်ချက် ၁၇ ခုနှင့် အများဆုံး ကိုက်ညီသည့် ကျောင်းများကို ရွေးချယ်ထားခြင်းဖြစ်ကြောင်း တိုင်းပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနတာဝန်ခံ ဦးထွန်းထွန်းဦးက ပြောသည်။

ယင်းစံသတ်မှတ်ချက် ၁၇ ချက်မှာ ကျောင်းပတ်ဝန်းကျင် စိမ်းလန်းစိုပြေရေးအတွက် ကျောင်းမူဝါဒနှင့် လုပ်ငန်းပိုင်းဆိုင်ရာ စီမံအုပ်ချုပ်မူ သတ်မှတ်ချက် ၄ ချက်၊ သင်ကြား၊ သင်ယူမှုဆိုင်ရာ သတ်မှတ်ချက် ၄ ချက်၊ ကျောင်းအဆောက်အအုံနှင့် အသုံးဆောင်ပစ္စည်းများနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းမှုဆိုင်ရာ အလေ့ အကျင့်ကောင်းများ သတ်မှတ်ချက် ၅ ချက် ပါဝင်သည်။

မိတ်ဖက်အဖွဲ့များနှင့် လူထုအခြေပြု ပတ်ဝန်းကျင်ထိန်းသိမ်းရေး လှုပ်ရှားဆောင်ရွက်မှု စံသတ်မှတ် ချက် ၄ ချက် စုစုပေါင်း ၁၇ ချက် ဖြစ်သည်။

“ကလေးတွေရဲ့ ငယ်စဉ်ဘဝကတည်းကိုက ပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာတွေကို စွဲမြဲနေ အောင်ဆိုပြီး ဒီရည်ရွယ်ချက်နဲ့လုပ်တာ”ဟု ဦးထွန်းထွန်းဦးက ဆိုသည်။

ဇွန်လ ၅ ရက်နေ့သည် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ ဖြစ်သည်။

ယင်းနေ့ ဆုပေးမည်ဟု ရည်မှန်းထားသော်လည်း ကိုဗစ်ရောဂါဂယက်ကြောင့် မလုပ်ဖြစ်တော့ဘဲ သက်ဆိုင်ရာကျောင်းအုပ်များကိုခေါ်ယူကာ ဆုပေးပွဲကို အကျဉ်းရုံးလုပ်ဆောင်မည်ဖြစ်ကြောင်း တိုင်းပတ်ဝန်းကျင် ထိန်းသိမ်းရေး ဦးစီးဌာနထံမှ သိရသည်။

ကျော်သူစိုး