အမိန့်ချတဲ့နေ့

0
3500

မေလ ၂၂ ရက် နံနက် ၉ နာရီခွဲ

ထားဝယ်မြို့ ရေးလမ်းပေါ်က တနင်္သာရီတိုင်းဒေသကြီး တရားလွှတ်တော် ရှေ့မှာ ရဲတပ်ဖွဲ့ဝင်တချို့ အသင့် ဖြစ်နေ ကြပြီ။ သတင်းသမားတွေကလည်း ကင်မရာတွေ အသင့်ပြင်ထားပြီးကြပြီ။

တရားလွှတ်တော်ဝင်းထဲမှာလည်း ဝန်ထမ်းတွေက အလုပ်ရှုပ်နေကြတယ်။ လာသမျှကို လက်မှတ်ထိုးခိုင်း၊ ဖောင် ဖြည့်ခိုင်းနေကြရတယ်။ တနင်္သာရီတိုင်း တရားလွှတ်တော် အမှုစီရင်ရေး သမိုင်း တစ်လျှောက်အတွက် သာမက တနင်္သာရီ တိုင်းရဲ့သမိုင်းအတွက် အထူးခြားဆုံးနေ့ လို့ ပြောနိုင်ပါတယ်။

ဝန်ကြီးချုပ်ဟောင်း ဒေါက်တာ လဲ့လဲ့မော်ကို အမိန့်ချမယ့် နေ့ပေကိုး။
ဒေါက်တာလဲ့လဲ့မော်ရဲ့ မိသားစု ဝင်တွေ၊ ဆွေမျိုးသားချင်းတွေ၊ မိတ်ဟောင်း ဆွေဟောင်းတွေလည်း တဖွဲဖွဲ ရောက်လာ ကြတယ်။

ဒေါက်တာလဲ့လဲ့မော်ရဲ့အမှုတွဲ GGS ကုမ္ပဏီ မန်နေဂျင်းဒါရိုက်တာ ဦးသိန်းထွေး နဲ့ ဒါရိုက်တာဦးအောင်မြတ်၊ မန်နေဂျာ ဦးသူရအုံတို့ရဲ့ မိသားစုဝင်တွေလည်း အိမ်စီးကားကြီးကားငယ် အသွယ်သွယ်နဲ့ ရောက်လာကြတယ်။

မိသားစုဝင်တွေ၊ ဆွေမျိုးသားချင်း တွေ၊ မိတ်ဟောင်းဆွေဟောင်းတွေမဟုတ ဘဲ ဒီအမှုကို စိတ်ဝင်စားလို့ လာကြသူ တွေလည်း တွေ့ရတယ်။

ရုံးတော် အမိန့်

မတွေ့ရတာကတော့ တရားလိုပြု တရားစွဲခဲ့တဲ့ အဂတိလိုက်စားမှု တိုက်ဖျက် ရေးကော်မရှင် ဘက်က တာဝန်ပေးထား သူတွေပါ။

၉ နာရီ ၄၃ မိနစ်

ရဲတပ်ဖွဲ့ဝင် တစ်ယောက်ရဲ့ခါးမှာ ချိတ်ထားတဲ့ စကားပြောစက်က ထူးခြားမာတောက်တဲ့ လူအသံတစ်ခု ထွက်လာတယ်။ အဲဒီရဲတပ်ဖွဲ့ဝင်က သူ့အဖော်ကို လှမ်းပြောလိုက်တယ်။

“ထွက်လာပြီ”

ဒေါက်တာလဲ့လဲ့မော်ကို တင်ဆောင် လာတဲ့ ယာဉ်တန်း ထောင်က ထွက်လာနေ ပြီဆိုတဲ့သဘော။ လမ်းရှင်းရင် ထောင်နဲ့ တရားရုံးက ဆယ်မိနစ် သာသာပါပဲ။

ရဲတွေအားလုံး မတ်မတ်ရပ် အသင့်ပြင်၊ လွှတ်တော်အတွင်းအပြင် အစိတ်အကြဲ ညီညီ နေရာယူကြတယ်။ မီဒီယာသမားတွေကလည်း ကင်မရာခလုတ် တွေ ဖွင့်ကြ၊ လမ်းဘက်လှည့်ပြီး အလင်း အမှောင်တွေ၊ အခြားနည်းနာတွေ အသင့် ဖြစ်အောင် လုပ်ကြတယ်။

ရဲကားကြီးတစ်စီးကလည်း ရဲတွေ အပြည့်တင်ပြီး လွှတ်တော်ဝင်းကို ပတ်နေတယ်။
တရားခံရဲ့ ဆွေမျိုးသားချင်းတွေ လည်း လွှတ်တော်ဆင်ဝင်အောက် အသင့် နေရာယူကြတယ်။
မကြာမီ လွှတ်တော်ဝင်းထဲ နှစ်ခန်း တွဲ ရဲကားသုံးစီး အရှိန်ပြင်းပြင်းနဲ့ မောင်းဝင်လာတယ်။ နောက်ခန်းက ရဲတွေ ခုန်ဆင်းပြီးနေရာယူတယ်။

ပထမကားရဲ့ ရှေ့ခန်းတွဲထဲက GGS ကုမ္ပဏီက တာဝန်ရှိသူတွေ လက်ထိပ်ကိုယ်စီနဲ့ ဆင်းလာတယ်။ သူတို့ကို သူတို့ ဆွေမျိုးသားချင်းတွေက ပြေးကြိုတယ်။ တရားလိုတွေ မျက်နှာ ကတော့ မလျှော့လွန်းမတင်းလွန်း၊ မပျော့လွန်းမမာလွန်းတဲ့ပုံမျိုး။

အလယ်က ကားပေါ်မှာ ဒေါက်တာ လဲ့လဲ့မော် ဆင်းလာတယ်။ သူ့သမီးငယ် က ပြေးသွားပြီး လက်ဆွဲကြိုတယ်။

ပြီးတော့ တရားခံတွေကို ဆွေမျိုးသား ချင်းတွေဝန်းရံပြီး၊ သတင်းထောက်တွေရဲ့ ကင်မရာမြင်ကွင်းကို တတ်နိုင်သလောက် ကွယ်ပေးပြီး တရားခွင်ထဲ ဝင်ကြတယ်။

တရားခွင်ဝင်တဲ့ စင်္ကြန်လမ်းမှာ အမျိုးသမီးတစ်ယောက်က ဒေါက်တာ လဲ့လဲ့မော်ကို “နေကောင်းလားရှင်”လို့ နှုတ်ဆက်တယ်။

“ကောင်းပါတယ်ရှင့်”လို့ ဒေါက်တာ လဲ့လဲ့မော်က ပြုံးပြုံးလေး ပြန်ဖြေတယ်။

သူမပြုံးတာကို ဒီနေ့မှာ ပထမဆုံး နဲ့ နောက်ဆုံး မြင်လိုက်ရတာပါပဲ။

နံနက် ၁၀ နာရီ

“တရားသူကြီး ကြွလာပါပြီ…”

ပေ ၃၀ / ၂၅ ပေလောက် ကျယ်ဝန်း တဲ့ တိုင်းတရားလွှတ်တော် မဟော်ဂနီ အရောင် တရားခွင်ထဲ ရှိသမျှလူအားလုံး ထရပ်ကြပါတယ်။

တရားခွင်အတွင်းမှာ တရားသူကြီး ထိုင်တဲ့ စင်မြင့်ရှေ့မှာ ကော်ပိုက်လုံးငယ် တွေကို ဘောင်ခတ်အနားကွပ်ထားတဲ့ ပလပ်စတစ်အကြည် လိုက်ကာတစ်ခု ရှိနေတယ်။

နှစ်ပေသာသာမြင့်တော့ တကယ်လို့ သူက စင်ပေါ်က ပြောရင် ဖြစ်ဖြစ် အောက်က တခြားလူများတွေက ပြောရင်ဖြစ်ဖြစ် တံတွေး မစင်နိုင်။

နှစ်ဘက် ရှေ့နေတွေထိုင်တဲ့ စားပွဲ ခုံပေါ်မှာလည်း အဲလိုလုပ်ထားတယ်။ နှစ်ဘက် မျက်နှာမြင်ရပြီး ရပ်စကား ပြောရင် တံတွေး မစင်အောင် ၃ ပေ လောက်အမြင့်လုပ်ပြီး ခုံပေါ် ထောင်တင် ထားတယ်။ နောက်က တရားခံတွေနဲ့ အဲဒီရှေ့နေတွေကြားမှာလည်း ပလစ်စတစ် လိုက်ကာ ရှိတယ်။

အခန်းထဲမှာ တစ်ယောက် ၆ ပေကွာ မဟုတ်ပေမယ့် အတတ်နိုင်ဆုံးတော့ ခန့်ခွာခွာနေရာ ချထားတယ်။

ဒါပေမဲ့ အခန်းပြင် စင်္ကြန်မှာတော့ ရပ်သူရပ်၊ ထိုင်သူထိုင် လူတွေ တိုးဝှေ့ နေတာ လမ်းသွားရင်တောင် မနည်းဖယ် ပြီး သွားနေရတယ်။ အားလုံးကတော့ နှာခေါင်းစည်းတွေ ဝတ်ထားကြတယ်။

တနင်္သာရီတိုင်းမှာ ကိုရိုနာ ရောဂါပိုး ရှိလူနာတွေ့ပြီး လေးရက်မြောက်နေ့မှာ ပြုလုပ်တဲ့ တရားခွင်မြင်ကွင်း အကျဉ်းပါ။

စင်မြင့်ထက်မှာ တရားသူကြီးထိုင် တယ်။ အခန်းအလယ် စားပွဲရှည် တစ်ဘက်တစ်ချက်မှာ အနက်ရောင်ဝတ် နှစ်ဘက်ရှေ့နေ နှစ်ဦးစီ ထိုင်နေကြတယ်။

အဲဒီခုံတန်းရှည် တရားခံ လေးယောက် က သူတို့အတွက် သတ်မှတ်ထားတဲ့ ခုံတန်းရှည် ၂ ခုမှာ နှစ်ယောက်စီ ခွဲထိုင် ကြတယ်။

ဒေါက်တာလဲ့လဲ့မော်သမီးလေးက သူ့အမေဘေးမှာဝင်ထိုင်ပြီး ယပ်ခတ်ပေး တယ်။ အခြား ဒေါက်တာလဲ့လဲ့မော် ခင်ပွန်းနဲ့ တရားလိုမိသားစုဝင်တွေက နောက်က ခုံတန်းရှည်မှာထိုင်ကြပြီး သူတို့ရှေ့က တရားခံကို ယပ်တောင်နဲ့ ခတ်ပေးနေတယ်။

တရားခွင် မျက်နှာကြက်မှာတော့ ပန်ကာကြီး ၂ ခု တဝီဝီ လည်နေတယ်။

တရားသူကြီးက ပထမအမှုဖြစ်တဲ့ လမ်းဦးစီးကို ငွေ နှစ်ဘီလီယံနီးပါးတစ် လုံးတစ်ခဲတည်းချပေးပြီး ဒေါက်တာ လဲ့လဲ့မော်ခင်ပွန်းနာမည်နဲ့ဝယ်ထားတဲ့ မြေကွက်ကိုလမ်းဦးစီးကိုအုတ်ခြံစည်ရုံး ကာပေးဖို့ စေခိုင်းခဲ့တယ်ဆိုတဲ့အမှုရဲ့ စီရင်ချက်ကို စဖတ်တယ်။

စီရင်ချက်ဖတ်တော့ ဒေါက်တာ လဲ့လဲ့မော် နဲ့ သူ့ရှေ့နေတွေ ထရပ်တယ်။ တရားသူကြီးက စီရင်ချက်ကို ၃၅ မိနစ်လောက် အထိ ဖတ်ပြီးမှာ အမိန့်ကို ကြေညာတယ်။

“ထောင်ဒဏ် ၁၀ နှစ်”

ဒေါက်တာလဲ့လဲ့မော်က ဘေးမှာ ရှိတဲ့ သူ့သမီးကို မျက်လုံးပြူးပြူးလေး ကြည့်ယုံကလွဲပြီး မျက်နှာအမူအရာ သိပ်ပျက် မသွားဘူး။ အမိန့်မကြေညာ ခင်ကထက်တော့ မျက်နှာနည်းနည်း ညှိုးကျသွားယုံ။

အပြင်စင်္ကြန်တစ်လျှောက်မှာ ထိုင် လိုက် ထလိုက်လုပ်နေကြတဲ့ ပရိသတ် ဗိုလ်ပါထုကတော့ တီးတိုး သဖန်းပိုး ဖြစ်သွားပါတယ်။

၁၀ နာရီ ၃၇ မိနစ်

ဒုတိယအမှုဖြစ်တဲ့ လူအများအကြား နာမည်ကျော်တဲ့ လေယာဉ်ကွင်း ခြုံရှင်း တဲ့အမှုရဲ့ စီရင်ချက်ကို ဖတ်တော့ ဒေါက်တာလဲ့လဲ့မော် ထရပ်ရပြန်တယ်။

သမီးလေးကတော့ သူ့အမေကို မပြတ်တမ်း ယပ်ခတ်ပေးနေတယ်။ ဒေါက်တာလဲ့လဲ့မော်ရဲ့ ခင်ပွန်းကတော့ နောက်မှာ ဒူးလေးဖွဖာလှုပ်ပြီး မျက်နှာ အိုအိုနဲ့ ထိုင်နေတယ်။
စီရင်ချက်ဖတ်ပြီး ၃ မိနစ်လောက် အကြာမှာ တရားခံဘက်က ရှေ့နေက တရားသူကြီးကို ခွင့်တောင်းတယ်။

သူ့အမှုသည် ဒေါက်တာလဲ့လဲ့မော် ကို ထိုင်ပြီး နားထောင်ခွင့်ပြုဖို့ပါ။

ဒေါက်တာလဲ့လဲ့မော် ဟန်နိုင်တော့ ပုံ မပေါ်ပါ။ ရောဂါအခံကြောင့်လား၊ အမှုအမိန့်ကြောင့်လား၊ နှစ်ခုစလုံး ကြောင့်လား မဝေခွဲနိုင်ပါ။

တရားသူကြီးက ထိုင်ပြီး နားထောင် ဖို့ ခွင့်ပြုလိုက်တော့ ဒေါက်တာလဲ့လဲ့မော် ခုံနောက်တန်းကို မှီပြီး မျက်လုံး မှိတ်ထား ပါတယ်။ နောက်တော့ မျက်လုံး ဖွင့်လိုက် ပိတ်လိုက် လုပ်နေပါတော့တယ်။

အမိန့် ကြေညာခါနီးမှာ ရှေ့နေက ဒေါက်တာလဲ့လဲ့မော်ကို ထရပ်ဖို့ ပြော တော့ သူမ ထရပ်ပါတယ်။

“ထောင်ဒဏ် ၁၀ နှစ်”

အမိန့်ကြေညာအပြီးမှာ သူမ မျက်နှာ က နှာခေါင်းစည်းကို လက်နဲ့ ဆွဲချ လိုက်ပါတယ်။
သူမမျက်နှာ တည်ငြိမ်နေပါတယ်။

နံနက် ၁၁ နာရီ

နာမည်ကျော် ထားဝယ်ခရိုင် လျှပ်စစ်ကွက်လပ်စာချုပ်နဲ့ GGS ကုမ္ပဏီက ပေးရမယ့် သဘာဝဓာတ်ငွေ့ဖိုး ပေးရမယ့် အကြွေးနဲ့ ပတ်သက်တဲ့အမှုကို စီရင်ချက် ဖတ်ကြားနေပါတယ်။
ဒေါက်တာလဲ့လဲ့မော်ကတော့ ခုံရှည် မှာ မှီထိုင်ပြီး မျက်လုံးလေး ပိတ်လိုက် ဖွင့်လိုက်။

အမှုတွဲ နှစ်ယောက်ဖြစ်တဲ့ ဦးသိန်းထွေးနဲ့ ဦးအောင်မြတ်တို့က လက်ထိပ်ကိုယ်စီနဲ့ မတ်တပ်ရပ်နေ ကြပါတယ်။

ဦးသိန်းထွေးကတော့ ခေါင်းပေါ် တည့်တည့်မှာ ပန်းကာကြီးရှိပေမယ့် နဖူးကချွေးကို လက်ကိုင်ပုဝါနဲ့ ခဏခဏ သုတ်နေပါတယ်။ မျက်နှာမှာ အကောင်းစား နှာခေါင်းစည်းတစ်ခုလည်း တပ်ထား ပါတယ်။ မျက်နှာကတော့ အေးအေးသက်သက်ပါပဲ။

ဦးအောင်မြတ်မျက်နှာကတော့ တည်ငြိမ်ပြီး မျက်လုံးတွေက တစ်ခုခုကို ဖော်ပြနေတယ်။ လွန်ခဲ့တဲ့ ၂ နှစ်ခန့် မြို့တော်ခန်းမက သူကိုယ်တိုင်လုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ တွေ့ခဲ့ရဖူး ခပ်မာမာ မျက်နှာမျိုး မဟုတ်တာတော့ သေချာပါတယ်။

မကြာမီ တရားသူကြီးက ဒေါက်တာ လဲ့လဲ့မော်၊ ဦးသိန်းထွေး၊ ဦးအောင်မြတ် တို့အတွက် အမိန့်ချပါတယ်။

သုံးဦးစလုံးကို ထောင်ဒဏ် ဆယ် နှစ်စီ ဖြစ်ပါတယ်။

စတုတ္ထအမှုဖြစ်တဲ့ နောက်ဆုံး အမှုကို စီရင်ချက်ကို ချချိန်မှာတော့ ဦးသိန်းထွေး၊ ဦးအောင်မြတ်အပြင် မန်နေဂျာ ဦးသူရအုံပါ ထရပ်ပါတယ်။

ဒေါက်တာလဲ့လဲ့မော်မိသားစုပိုင် သရက်ချောင်းက အိမ်နဲ့မြေကို GGS ကုမ္ပဏီကို ရောင်းပြီး ကုမ္ပဏီကို ဆောက် လုပ်ရေးလုပ်ငန်းတွေချပေးတယ်ဆိုတဲ့အမှုပါ။

ဒေါက်တာလဲ့လဲ့မော်ကတော့ ထိုင်ပြီး မှေးနေခွင့်ရပါတယ်။

ဦးသူရအုံ မျက်နှာကတော့ ထုံးစံ အတိုင်း မုန်ကုပ်ကုပ်ပုံမျိုးပါ။ အမှု အမိန့်ချ တော့ ဦးသူရအုံက ထောင်ငါးနှစ်။

ကျန်သူ ၃ ဦးက ဆယ်နှစ်စီ။

ဒေါက်တာလဲ့လဲ့မော်၊ ဦးသိန်းထွေး၊ ဦးအောင်မြတ်တို့ကို တတိယအမှုနဲ့ စတုတ္ထအမှုအတွက် တစ်ပေါင်းတည်း ကျခံစေဖို့ တရားသူကြီး ကြေညာချိန်မှာ တရားသူကြီးအသံကို ကောင်းစွာ မကြား ရပါဘူး။

ဒီတော့ ပရိသတျအားလုံးက ဝဝေါး နကွေပါတယျ။

တချို့က ဒေါက်တာလဲ့လဲ့မော် အမှုအားလုံးပေါင်း ကျခံရမှာမို့ ထောင် ၁၀ နှစ်ပဲ ကျမှာလို့ ပြောကြပါတယ်။ တချို့က ၄ မှုအတွက် နှစ် ၄၀ လို့ ပြောသူ တောင် ရှိပါတယ်။

တချို့ကလည်း ဒေါက်တာလဲ့လဲ့မော် က ပထမနဲ့ ဒုတိယအမှုအတွက် ၁၀ နှစ်စီ အနှစ် ၂၀၊ တတိယအမှုနဲ့ စတုတ္ထ အမှုက အမှုပေါင်းကျခံခွင့်ရလို့ ၁၀ နှစ်၊ စုစုပေါင်း ၃၀ နှစ်၊ ဦးသိန်းထွေးနဲ့ ဦးအောင်မြတ်တို့က ၁၀ နှစ်စီလို့ အမှန် တိုင်း ကြားကြသိကြ ပြောကြပါတယ်။

ဆွေးနွေးကြ ငြင်းခုန်ကြ နီးစပ်ရာ သိနိုင်သူကို မေးကြ မြန်းကြပါတယ်။

စီရင်ချက်တွေ အပြီးမှာတော့ တိုင်းဒေသကြီး တရားလွှတ်တော် တရားသူ ကြီးက ထပ်ဖြည့်ပြောလိုက်ပါတယ်။

“တရားသူကြီးက တာဝန်အရ အမိန့်ချပြီးပြီ။ ဥပဒေ အရဆက်လုပ်နိုင်တယ်”

၁၂ နာရီ ၁၅ မိနစ်

တရားခံမှသည် နှစ်ကြီးထောင်သား တွေ ဖြစ်သွားပြီ ဖြစ်တဲ့ ဒေါက်တာ လဲ့လဲ့မော်နဲ့ အမှုတွဲ ၃ ဦးက တရားခွင် ထဲမှ ပြန်ထွက်လာကြပါတယ်။

သူတို့ခြေလှမ်းတွေက အလာတုန်း ကထက် သိသိသာသာ တုန့်ဆိုင်းတုန့် ဆိုင်း ဖြစ်နေပါတယ်။
သူတို့မျက်နှာတွေက တိုင်းလွှတ်တော်ကို အုပ်မိုးနေတဲ့ မိုးရွာလုလု တိမ်တွေနဲ့ အပြိုင်။

ဒီတရားခွင်ကို သူတို့ ပထမဆုံး ရောက်ခဲ့တာ ၂၀၁၉ မတ်လ ၂၅ ရက်ပါ။ ဒီအခေါက်က တရားခွင်လာရတာ နောက်ဆုံးအခေါက်ပါ။

ကုမ္ပဏီဘက်ကလူတွေ လက်ထိပ် ကိုယ်စီနဲ့ ပြန်ထွက်လာတော့ ဆွေမျိုး သားချင်းတွေက ကားပေါ်ရောက်တဲ့အထိ ကင်မရာမြင်ကွင်း ကွယ်အောင် ထီးနဲ့ ကာပေးကြပါတယ်။

ဒေါက်တာလဲ့လဲ့မော်ကိုတော့ ထီးကွယ်ပေးသူ မရှိပါဘူး။

သူမကို သားနဲ့ခင်ပွန်းက တစ်ဖက် တစ်ချက်စီ တွယ်ထွက်လာပြီး ရဲကား ပေါ်တင်ပေးလိုက်ကြပါတယ်။

ရဲကားက ထောင်ရှိရာဆီ ခပ်ကြမ်း ကြမ်းမောင်းသွားပါတော့တယ်။

တရားရုံးက အထွက်မှာတော့ မိုးက ခပ်အုံ့အုံ့ပါပဲ။

ဒါပေမဲ့ တိုက်တိုက်ဆိုင်ဆိုင်ပဲ ထားဝယ်အကျဉ်းထောင် အနားတစ်ဝိုက် မှာတော့ မိုးဖွဲဖွဲလေး ကျနေပါတော့တယ်။

Dawei Watch

ရုံးတော် အမိန့်

ဒေါက်တာလဲ့လဲ့မော် အမှု ထောင်ဒဏ် အသီးသီး ချမှတ် လိုက်ပါတယ်။ အမှု အကျဥ်းချုပ်နဲ့ ပြစ်ဒဏ်တွေကို အကျဉ်းချုပ်တင်ပြထားပါတယ်။

မေ ၂၂ အဆုံးအဖြတ်

တစ်နှစ်ကျော်အကြာ စစ်ဆေးပြီးနောက် ဒေါက်တာလဲ့လဲ့မော်အမှု အမိန့်ချခဲ့သည်။ စုစုပေါင်း အမှုလေးမှုဖြင့် တရားစွဲဆိုခဲ့သည်။ အမှုလေးမှု၏ နောက်ခံအကြောင်း အသေးစိတ်ကို ရှင်းလင်းတင်ပြထားပါသည်။