သားရှိနွားမကြီးအား ခိုးယူသတ်စားသူများကို ဖမ်းမိ

0
1142

ရေဖြူမြို့နယ်တွင် သားပေါက်ရှိသည့်နွားမကြီးကို ခိုးယူပြီး သတ်ဖြတ်စားသောက်သူ လေးဦးကို ဖမ်းဆီးထားကြောင်း တနင်္သာရီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။


အထက်ပါမြို့နယ် ကျောက်ထောင့်ကျေးရွာ ဥယျာဉ်ခြံအတွင်းရှိ နွားတင်းကုပ်တွင် အသက် ၁ နှစ်အရွယ် နွားသားပေါက်နှင့် မိခင်နွားမကို ချည်နှောင်ထားခဲ့ကြောင်း ရဲမှတ်တမ်းအရ သိရသည်။
ထိုသို့ချည်ထားစဉ် မေလ ၁၅ ရက်တွင် မိခင်နွားမကြီးမှာ ပျောက်ဆုံးသွားခဲ့ကြောင်း ရဲမှတ်တမ်းတွင် ဖော်ပြသည်။


နွားမကြီး ပျောက်ဆုံးနေသဖြင့် ပိုင်ရှင်အမျိုးသားက လိုက်လံစုံစမ်းရာ ကျောက်ဝှက်ကုန်းကျေးရွာနေ အမျိုးသမီးတစ်ဦးထံ မေလ ၁၇ ရက်နေ့က နွားမဦးခေါင်းကို အမျိုးသားနှစ်ဦးက လာရောင်းခဲ့သည်ကိုသိရကြောင်း ရဲမှတ်တမ်းအရ သိရသည်။


နွားမဦးခေါင်း လာရောင်းသည့် အဆိုပါအမျိုးသားနှစ်ဦးမှာ ချခတ္တပင်အင်းကျေးရွာနေ အသက် ၂၅ နှစ်နှင့် ၂၇ နှစ်အရွယ်ရှိသူများဖြစ်ကြောင်း ရဲမှတ်တမ်းတွင် ဖော်ပြသည်။


ထိုသို့စုံစမ်းသိရသဖြင့် ဆက်လက်စုံစမ်းရာ အခြားအမျိုးသားနှစ်ဦးလည်း ပါဝင်သည်ကိုသိရကြောင်း ရဲမှတ်တမ်းအရ သိရသည်။


ဖြစ်စဉ်နှင့် ပတ်သက်၍ နွားခိုးကာ သတ်ဖြတ်စားသောက်သည့် အမျိုးသား ၄ ဦးကို ရာဇသတ်ကြီးပုဒ်မ- ၃၈၀(တ)ဖြင့် ရေဖြူမြို့မရဲစခန်းတွင်အမှုဖွင့်ထားကြောင်း တိုင်းရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။