စနစ်ကို ဆန်းစစ်ကြရအောင်

0
361

အခန်း (၄)

“မီးလောင်နေတဲ့အခါ မီးသတ်သမား တွေကို လုံလောက် တဲ့လက်နက်ကိရိယာ ပေးရင် အတော်အတန် အပျက်အစီး လောက်နဲ့မီးငြိမ်းအောင်လုပ်လို့ ရတယ်။ ဒါပေမဲ့ အရှည်သဖြင့် အတွက်ကတော့ မီးဘေးကာ ကွယ်ရေးစည်းမျဉ်းစည်းကမ်း တွေချတာ။ အထိန်းအကွပ်တွေ လုပ်ရမှာ ပါ။ ပြည်သူက ဘေးထွက်ဆိုးကျိုးတွေကို ထမ်းနေရပြီး စီးပွားရေးလုပ်ငန်းကြီးတွေ က အမြတ်ရနေတဲ့စနစ်ကို မထိန်းနိုင်ရင် နောင်လာမယ့်အနာဂတ်မှာ ကြုံရမယ့် ကပ်ဘေးတွေကို ရှောင်လွှဲဖို့ ခက်ပါ လိမ့်မယ်”

ကပ်ဘေးနဲ့ပတ်သက်ပြီး ရေတို ရေရှည်ဘာတွေစဉ်းစားဖို့လို သလဲဆိုတာ နဲ့ ပတ်သက်ပြီး ရော့ဘ်ဝဲလေ့က အထက်ပါ အတိုင်း ပြောပါတယ်။ မကြာခင်က သူ့ရဲ့ဆောင်းပါးတစ်ပုဒ်ကိုလည်း ခုလို တည့်တည့်ခေါင်းစဉ်တပ်ပါတယ်။

“အရင်းရှင်စနစ်ဟာ ရောဂါ ဖြစ်ပေါ် ရာ အဓိကနေရာပဲ- Capitalism is a disease hotspot” ဆင့်ကဲပြောင်းလဲမှု ဆိုင်ရာ ဇီဝဗေဒပညာရှင်ဖြစ်တဲ့ ရော့ဘ် ရဲ့အဆိုအရတော့ ဆားစ်(SARS) လို၊H1N1 လို၊ ဝက်တုပ်ကွေးလို၊ အီဘိုလာ လို၊ အခုကိုဗစ်လို ကူးစက်ရောဂါဘေး တွေကို အကြမ်းဖျင်းနှစ်ခုခွဲကြရတယ်။ ဝေးလံ ခေါင်ဖျားဒေသတွေကနေ (Hinterland) လာတာနဲ့ စက်ရုံပုံစံ ထွက်နှုန်းမြင့် မွေးမြူရေးလုပ်ငန်း တွေက နေလာတာ။ ဒါပေမဲ့ ဒီနှစ်ခုဟာ သိပ်မကွဲ ပြားတာများတယ်။ ဝေးလံခေါင်ဖျား ဒေသက ပိုးမွှားဟာထွက်နှုန်းမြင့်မွေးမြူ ရေးလုပ်ငန်းမှာ ကြီးမားလာပြီး လူဆီ ရောက်လာတဲ့အကြောင်းတွေ ပြောခဲ့ကြ ပြီ။

အခေါင်အဖျား ဒေသတွေထဲကို လုပ်ငန်းကြီးတွေက ရောက်လာတာ၊ ဒေသခံအသေးစား တွေကိုလည်း သူတို့ ထုတ်လုပ်မှုကွင်းဆက်ထဲထည့် လိုက် တာ။ ဒါမှမဟုတ် သိမ်းပိုက် လိုက်တာ တွေဖြစ်နေခဲ့တယ်။ အရင်းရှင်ကုန်ထုတ် လုပ်မှုကွင်းဆက်မှာ ကျေးလက်၊ မြို့ပြ ဆိုတာ လည်း သိပ်မကွဲပြားတော့ဘူး။ သေချာတဲ့ရလဒ်တစ်ခုကတော့ အသစ် ထွက်ပေါ်လာတဲ့ကူးစက် ရောဂါလေးပုံ သုံးပုံဟာ တောရိုင်းတိရစ္ဆာန် (သို့မဟုတ်) မွေးမြူရေးတိရစ္ဆာန်တွေမှာ အစပြုနေ တယ်ဆိုတဲ့အချက်ပါပဲ။

ကမ္ဘာကို ဒီအခြေအနေ ရောက် အောင် မောင်းနှင်လာတာဟာ အမြတ်ပဓာန စီးပွားရေးစနစ်ပဲလို့ ရော့ဘ်ကဆိုတယ်။ သတ္တဝါဆီကနေ လူဆီကို ဗိုင်းရပ်စ် ပိုးမွှားလွင့်စဉ်လာတဲ့ ဖြစ်စဉ် (Spillover)တွေ ဘယ်ကပဲစစ ကပ်ရောဂါဖြစ်စေဖို့ တည်ခင်းပေးတဲ့အခြေအနေတစ်ခုက သိပ်သည်းမှု Density) ပါ။ ၁၉၁၈ စပိန် တုပ်ကွေး (Spanish Flu) လို့ ကျုပ်တို့ သိကြတာဟာ တကယ်တော့ အမည်မှား နေတာပါ။ စပိန်မှာ စတာမဟုတ်ပါဘူး။ အဲဒီကာလက လူတွေ၊ တိရစ္ဆာန်တွေ၊ ကြက်၊ ငှက်တွေ ကျပ်သိပ်နေထိုင် ကြတဲ့ ကန်ဆက်ပြည်နယ် (အမေရိကန်)မွေးမြူ ရေးခြံတွေက လာတာဖြစ်ဖို့ အများဆုံးပါ။

၁၉၄၀ ကနေ ၂၀ဝ၄ အထိ ဖြစ်ခဲ့တဲ့ ကူးစက်ရောဂါတွေကလည်း မွေးမြူရေး သိပ်သည်းထူထပ်တဲ့ အမေရိကန်အရှေ့ မြောက်ပိုင်း၊ အနောက်ဥရောပ၊ ဂျပန်၊ အရှေ့တောင်သြစတြေးလျ ဒေသတွေမှာ လို့ လေ့လာချက် တစ်ခုက ဆိုပါတယ်။ လွန်ခဲ့တဲ့ ဆယ်စုနှစ်တွေမှာတော့ ကုန် ထုတ်လုပ်ငန်းတွေ အာရှကို ပြောင်းရွှေ့ ကြတာကြောင့် လူတွေ၊ သတ္တဝါတွေ ပိုပြီးနီးနီးကပ် ကပ်နေလာကြရပါတယ်။ အစောပိုင်းတုပ်ကွေး (Avian Flu-1996) ၊ ဆားစ်တုပ်ကွေး(SARS -2002) တွေဟာ သမိုင်းတစ်လျှောက် လူတွေ၊ မွေးမြူရေး လုပ်ငန်းတွေ အထူထပ်ဆုံးနေထိုင်မှု လို့ မှတ်တမ်းပြုကြတဲ့ဂွမ်ဒေါင်းခရိုင် (Guang dong)က စပါတယ်။

ဝူဟန်မြို့တည်ရှိတဲ့ ဟူဘေး ခရိုင် (Hubei) ဟာ ဂွမ်ဒေါင်းရဲ့ မြောက်ဘက် မှာရှိပါတယ်။ လွန်ခဲ့တဲ့ ဆယ်စုနှစ် အတွင်းမှာ အဓိကကုန်ထုတ်လုပ်မှု ဗဟိုချက်တစ် ခုဖြစ်လာတဲ့ဒေသပါ။

ဝူဟန်မြို့ကြီးမားလာတဲ့အခါ ဘေးပတ်ဝန်း ကျင်က သစ်တောတွေ၊ ကျေးလက်ဒေသ တွေဆီကို ချဲ့ထွင်လာပါတယ်။ ကျေးလက် က အသေးစားလယ်သမားတွေဟာ ကျယ်ပြန့်လှတဲ့ ဆင်းရဲသားရပ်ကွက် တွေကို ရောက်လာပါတယ်။ ဆင်းရဲသား ရပ်ကွက်တွေဟာ မြို့နဲ့တောရဲ့ကြားထဲက တံတားဖြစ် လာပါတယ်။ ရပ်တည်ဖို့ အတွက် အနီးအနားတောထဲမှာ အမဲ လိုက်ကြ၊ ထောင်ချောက်ဆင်ကြ၊ တောထဲက သင်းခွေချပ်၊ မိကျောင်း၊ လင်းနို့၊ တောကြောင်တွေကို အရှင်မွေး ဖို့ကြိုးစားကြနဲ့ အရိုင်းနဲ့အယဉ်ဆိုတာ တွေလည်း မကွဲမပြားဖြစ်လာပါတယ်။

တရုတ်သုတေသနပညာ ရှင်တွေ ရေးကြတဲ့ Chung မဂ္ဂဇင်းမှာ မကြာခင်က ဖော်ပြခဲ့တဲ့ “ကူးစက်ခြင်း (Social Contagion)”ဟာ ကပ်ရောဂါဘေးအ တွင်း တရုတ်ပြည်တွင်းအခြေအနေတွေ ကို နားလည်လိုတဲ့ပရိသတ်ကြောင့် ပျံ့နှံ့ သွားတဲ့ဆောင်းပါးပါ။

ဆောင်းပါးရှင်က အထက်မှာဖော်ပြခဲ့တဲ့ အခြေအနေတွေ ကို ရည်ညွှန်းပြီး ပူအိုက်မီးဖိုမြို့ ကြီးလေး မြို့ထဲကတစ်မြို့ (Four Furnaces) လို့ အရပ်စကားနဲ့ ပြောကြတဲ့ ဝူဟန်မြို့ရဲ့ အောက်မှာ နောက်ထပ်မီးဖိုရှိတယ်လို့ တင်စားပြောပါတယ်။ အဲဒါကတော့ အရင်းရှင် စိုက်မွေးစနစ်နဲ့ မြို့ပြဖြစ်တည်မှု ရောထည့်ထား တဲ့ဆင့်ကဲပြောင်းလဲမှု ဟင်းပေါင်းအိုးကြီး (Evolutionary pressure of capitalist agriculture and urbanization) ဖြစ်ပါတယ်တဲ့။ ကမ္ဘာ့ စီးပွားရေးစနစ်ရဲ့ ကျောရိုးက စက်မှုနဲ့ မြို့ပြဖြစ်တည်မှုပါ။ ယခုနောက်ဆုံး ရောက်လာတဲ့ ကိုရိုနာဗိုင်းရပ်စ်ဟာ တောရိုင်းဇာစ်မြစ်ကနေ စက်မှု၊ မြို့ပြ ကျောရိုးကို ပျံ့နှံ့သွားတာကြောင့် ကျုပ်တို့ ခေတ်ကာလရဲ့ နိုင်ငံရေး၊ စီးပွားရေး နှစ်ဖက်စလုံးကို ကိုယ်စားပြုတဲ့ပုလိပ် ရောဂါလို့ သူက ရည်ညွှန်းပါတယ်။

ဖြစ်နေတဲ့ ကပ်ဘေးဟာ တရုတ် ဗိုင်းရပ်စ်တို့၊ ယဉ်ကျေးမှုတို့ မဟုတ်ပါ ဘူး။ အရင်းရှင်စနစ်ရဲ့ စီးပွားရေးပထဝီ ပါ။ မြေသိမ်းမှု၊ တောတောင်ထဲအထိ ချဲ့ထွင် မှုတွေကို ငွေလုံးငွေရင်း (Capital) က ဦးဆောင်နေတာပါ။ ကပ်ဘေးဖြစ်စေ တဲ့ နေရာတွေကို လက်ညှိုးထိုးဆိုရင် နယူးယောက်တို့၊ လန်ဒန်တို့၊ ဟောင်ကောင် တို့၊ ဘေဂျင်းတို့ကိုလည်း ချန်ထားခဲ့လို့ မရပါဘူး။

၂၀ဝ၈ စီးပွားပျက်ကပ်အ ပြီးမှာ အမေရိကန်က ဂိုးမန်းဆက် (Goldman Sach) လုပ်ငန်းကြီးဟာ ကမ္ဘာ့အကြီးဆုံး ဝက်မွေးမြူရေးလုပ်ငန်းကို ပိုင်တဲ့ရှန်ဟွေ (Shuanghui) ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီကြီး ရဲ့ ရှယ်ယာ ၆၀ ရာခိုင်နှုန်းကို ဝယ်ခဲ့ ပါတယ်။ ဖူဂျီယန်၊ ဟိုင်နန်စတဲ့ပြည်နယ် တွေက မွေးမြူရေးလုပ်ငန်းပိုင်ဆိုင်မှု တန်ဖိုးသန်းပေါင်းများစွာကို ဝယ်ယူခဲ့ ကြပါတယ်။

ဥစ္စာစုပြုံတိုးပွားလာဖို့ပဲ (Accumulation) ဦးတည်တဲ့ အရင်းရှင်ကုန်ထုတ် လုပ်မှုစနစ်ဟာ ပထမဆုံးလည်းမဟုတ်၊ နောက်ဆုံးလည်းမဖြစ်နိုင်တဲ့ ကပ်ဘေး ထဲကို ခေါ်လာခဲ့ပါပြီ။ နိုင်ငံရေး စနစ်က ထိန်းကျောင်းပေးမှာလား။ ကပ်ဘေး ဆိုင်ရာဖြစ်နိုင် ခြေအစီရင်ခံစာတွေကို ရနေတဲ့ အမေရိကန်လွှတ်တော်အမတ် တွေဟာ သန်းနဲ့ချီတဲ့ရှယ်ယာ တွေကို ၂၀၂၀ ဖေဖော်ဝါရီလလယ် က ထုတ်ရောင်း ခဲ့ပါတယ်။ သူတို့ထဲက တချို့ဟာ သတင်းဌာနတွေရှေ့ထွက်ပြီး ဘာမှ ပူပန် စရာမရှိပါဘူးဆိုတာမျိုး ပြောနေပါသေးတယ်။

စီးပွားရေးစနစ်နဲ့တွဲ ပါနေတဲ့ ကိုယ်ရဖို့ကိုယ်လုပ်၊ ကိုယ့်အတွက် ကိုယ် ကြည့်ဆိုတာ အလွန်အကျွံတစ်သီးပုဂ္ဂလ ဖြစ်မှု (Hyper individualism) ကလည်း နေရာတကာမြင်သာနေပြန်ပါတယ်။

အမွေးမပါတဲ့ကြက်မျိုးတစ် ခုကို မွေးမြူရေးလုပ်ငန်းတစ်ခုက စမ်းသပ်ခဲ့ဖူး ပါတယ်။ အမွေးဖယ် ရတဲ့အလုပ်သက်သာ ပြီး အမြတ်ပိုရဖို့ ရည်ရွယ်တာပါ။ ဂွမ်ဒေါင်းမှာဘဲတွေကို ရာသီပြောင်းပြန် မီးပေးပြီး အမြတ်နှစ်ဆရအောင် လုပ်ပါ တယ်။ ကုန်စည်ပစ္စည်းရဲ့ အသုံးဝင်မှု တန်ဖိုး Use Value) ကို အဓိကဦးတည် တာမဟုတ်ဘဲ ထပ်ပိုးအမြတ် (Surplus Value) ကို ဗဟိုပြု ထုတ်လုပ်မှုတွေ ကြောင့် ဆိုးကျိုးတွေများလှပါပြီ။ ထွက်နှုန်း မြင့် မွေးမြူရေးလုပ်ငန်း တွေကနေ အသား၊ ငါးနဲ့ကပ်ရောဂါတွေ တွဲထုတ်နေ တာကို ဘယ် လိုလုပ်ကြမလဲ။ အရာရာကို ကုန် စည်ပစ္စည်းအဖြစ် ဈေးကွက်တင် ဖို့၊ ဈေးသတ်မှတ်ဖို့၊ ထပ်ပိုးအ မြတ်ရဖို့ ဦးတည်တဲ့အရင်းရှင်ကုန် ထုတ်လုပ်မှု ပြဿနာကို ကပ်ဘေးအတွင်းမှာ ကျုပ်တို့ စဉ်းစားကြရပါမယ်။

ဒီနေ့ကမ္ဘာမှာ ကာကွယ်ရေးဝတ်စုံ တွေနဲ့ သွားလာနေကြတာ၊ မျက်နှာဖုံး တွေ၊ လက်အိတ်တွေ ဝတ်ထားကြရတာ ပုံမှန်မြင်ကွင်း တစ်ခုဖြစ်နေပါပြီ။ နည်းပညာတွေ ဘယ်လိုတိုးတက်လာပေ မယ့် ကမ္ဘာဟာလူသားကို ဖော်ရွေမှု နည်းနည်းလာပါလားလို့ တွေးမိပါတယ်။

ကပ်ရောဂါအတွင်းက ကျုပ်တို့ဟာ ဒီမတိုင်ခင်ကတည်းက ရှိနေတဲ့မြေ ကမ္ဘာရဲ့ အလွမ်းဇာတ်ကို တွေးကြဖို့လိုပါ မယ်။ မွေးမြူရေးလုပ်ငန်းတွေကနေ ပဋိဇီဝဆေးမတိုးတဲ့ မိုက်ခရုတ်ပိုးမွှား တွေနဲ့ အညစ်အကြေးတွေ စီးဝင်လာ တယ်။ ငှက်ပျောခင်းတွေက ပိုးသတ်ဆေး တွေ ရေရင်းမြစ်ထဲ တောက်လျှောက်စီးဝင် နေတယ်။ ရှူသွင်းလိုက်တဲ့ လေထဲမှာ အသက်တိုစေမယ့် အမှုန်တွေပါနေ တယ်။ နှစ်စဉ်သန်းနဲ့ချီသေနေတဲ့ ကင်ဆာ ရောဂါရဲ့ သုံးပုံနှစ်ပုံဟာ သဘာဝပတ်ဝန်း ကျင်အဆိပ်အတောက်တွေကြောင့် ဖြစ်ရတာ။

ညစ်ညမ်းမှုတွေ၊ ကုန်ထုတ်လုပ်မှု ရဲ့ ဘေးထွက်ဆိုးကျိုးတွေ တစ်နေရာရာ ရောက်သွားမှာပေါ့။ ကိုယ်နဲ့မဆိုင်လို့ တွေးရင်း နေစရာရှားလာခဲ့ကြပြီ။ မိုး အဆုံးမြေအဆုံး ချဲ့ထွင်ကြရင်း ကျုပ်တို့ ဘာသာထောင့်ထဲမှာ ပိတ်မိကြပြီ။

ကိုယ့်အိမ်ထဲမှာ ပိတ်မိနေကြရင်း လွတ်လပ်တဲ့ကုန်သွယ်ရေးတို့၊ ဂလိုဘယ် လိုက်ဇေးရှင်းတို့ရဲ့ ကတိကဝတ်တွေကို ယုံကြည်ခဲ့ကြ၊ လွဲချော်ခဲ့ကြတာတွေကို ပြန်ဆင်ခြင်ကြည့်ဖို့လိုပါမယ်။
ဟေတီနိုင်ငံရဲ့သဘာဝပတ်ဝန်းကျင် ပျက်စီးမှုက ပြင်သစ်ကိုလိုနီဘဝထဲက စပါတယ်။

ဒေသတော်တော်များများက လွင်တီးခေါင်ဖြစ်ကျန်ခဲ့ပါတယ်။ လွတ်လပ် ရေးရပြီး အိမ်နီးချင်းအမေရိ ကန်သြဇာ အောက်ရောက်သွားတော့လည်း သယံ ဇာတထုတ်ယူ ခံရတာ၊ အမေရိကန်အား ကိုးနဲ့ တန်ခိုးပြတဲ့အာဏာရှင်တွေကို ပြည်သူက ဘာမှလုပ်မရတာနဲ့ပဲ နိဂုံးချုပ် ပါတယ်။ အမေရိကန်နဲ့ ကနေဒါကော်ပို ရေးရှင်းတွေက ဒေါ်လာဘီလီယံ ၂၀ လောက် တန်ဖိုးရှိတဲ့ သတ္တုသိုက်တွေကို တူးသွားတာပါ။

မှတ်မှတ်ရရကတော့ အမေရိကန် သမ္မတကလင်တန်လက် ထက်မှာဖြစ်ခဲ့ တာပါ။

ဟေတီတောင်သူတွေကို ကာကွယ် ဖို့ အစိုးရကပြည်ပဆန်တင်သွင်းမှုကို အခွန် ၃၀ ရာခိုင်နှုန်းကောက်ပါတယ်။ နီယိုလစ်ဘရယ်အရင်း ရှင်ဝါဒအဆိုမှာ တော့ လွတ်လပ်တဲ့ ကုန်သွယ်ရေးကို ပိတ်ဆို့တယ်ပေါ့။ ရာသီဘေးစတာတွေ ကြောင့် ဟေတီက ကမ္ဘာ့ငွေကြေး ရန်ပုံငွေ အဖွဲ့ကနေ ငွေချေးတဲ့အခါ ကလင်တန်က (ငွေလိုချင်ရင် အမေရိကန်ကသွင်းလာတဲ့ ဆန်စပါးအတွက် အခွန်ကိုလျှော့ ပေးရ မယ်လို့ တောင်းဆိုပါတယ်။) ဟေတီက သုညရာခိုင် နှုန်းအထိ အခွန်လျှော့ချပေး လိုက်တဲ့အခါ အမေရိကန်က တင်သွင်း တဲ့ဈေးပေါတဲ့ဆန်တွေဟာ တစ်နိုင်ငံလုံး ပြန့်သွားပါတယ်။ အမြတ်ထွက်သွားတာ ကတော့ စပါးစိုက်တဲ့ သမ္မတကလင်တန် ရဲ့ အာကန်ဆပ် ပြည်နယ် ပါပဲ။ ဟေတီမှာတော့ နိုင်ငံရဲ့စားနပ် ရိက္ခာ ၅၂ ရာခိုင်နှုန်းကို ပြည်ပက တင်သွင်းရတဲ့ဘဝ ရောက်သွားတယ်။ ဟေတီ တောင်သူတွေဟာ မြေယာစွန့်ခွာ ပြီး မြို့ပြဆင်းရဲသားတွေအဖြစ် ပျံကျ ရပ်ကွက်တွေမှာ နေကြရတယ်။

၂၀၁၀ ဟေတီငလျင်ကြီး ဖြစ်တဲ့ အခါ ကျေးလက်က ရွှေ့လာတဲ့သူတွေ အများကြီး သေကြရပါတယ်။ လက်ရှိ ကမ္ဘာရဲ့ လူမှုစီးပွားလည်ပတ်မှုမှာ ဆင်းရဲ တဲ့ နိုင်ငံတွေရဲ့ သဘာဝရင်းမြစ်ကို ချမ်းသာတဲ့နိုင်ငံတွေက စုပ်ယူ၊ ဘေးထွက် ဆိုးကျိုးတွေကို ဆင်းရဲသားတွေထံ တင်ပို့ခံရမှုက ဖြစ်ရိုးဖြစ်စဉ်လိုပဲ သဘော ထားခဲ့ကြတာပါ။

ဒီကပ်ဘေးထဲမှာ အားလုံးအတူတူပဲ ဆိုတဲ့ယူဆချက်ဟာလည်း အပြည့်အဝ တော့ မမှန်ဘူးလို့ မိုက်ကယူဆပါတယ်။ သူက “တိုင်တန်းနစ်သင်္ဘောကြီးပေါ်က အသက်ကယ်လှေများ” ဆိုတာနဲ့ ဥပမာ ပေးပါတယ်။ ဆင်းရဲချမ်းသာကွာဟမှု ကြီးတဲ့ ကမ္ဘာမှာ အသက်ကယ်လှေတွေ ဟာ ဓနနဲ့ အာဏာချုပ်ကိုင်သူတစ်စုရဲ့ လက်ထဲမှာလို့ သူကဆိုပါတယ်။

နယူးယောက်ကာမဂ္ဂဇင်းမှာ”ကပ်ဘေးသည် သဘာဝဘေးဒဏ်မဟုတ်-The pandemic is not a natural disaster” ဆိုတဲ့ ဆောင်းပါးတစ်ပုဒ်ကို ဧပြီ ၁၃ က ဖော်ပြခဲ့ပါတယ်။ ဆောင်းပါးရှင် ကိတ် ဘရောင်းက ကပ်ဘေးကို ဖြစ်စေတဲ့စီးပွား ရေးစနစ်ရဲ့ လက်ချက်တွေကို ဝေဖန်ပြ တာပါ။ ကိတ်ဘရောင်းဟာ မကြာသေးမီ (ကပ်ဘေးမတိုင်မီ) ရက်တွေအထိ သူနဲ့ အိမ်နီးချင်းဝက်စလေတို့ရဲ့ မနက်ခင်း လုပ်ငန်းကို ရေးပြပါတယ်။

“မနက်တိုင်းမှာ နှစ်ယောက်သား ပွေ့ဖက်နှုတ်ဆက်ကြတယ်။ ရပ်ကွက်ထဲ က မြေကွက်လေးမှာ တူးကြဆွကြ စိုက်ကြပျိုးကြတယ်။ မြေသြဇာလုပ်တယ်။ ရလာတဲ့အသီးအနှံလေးတွေကို စားဖို့ အိမ်ပြန်သယ်ကြတယ်” ကိတ်က သူ့ရဲ့ ဆောင်းပါးကို ခုလိုနိဂုံးချုပ်ပါတယ်။

“ကပ်ဘေးမှာ အထီးကျန် နေရတဲ့ အခါ ကမ္ဘာပေါ်မှာ အကျိုးဆက်တွေဟာ နက်နက်ရှိုင်း ရှိုင်းချိတ်ဆက်နေပါလားလို့ ပို တွေးမိတယ်။ တစ်လောကလုံးကို ရောက်တဲ့ဂေဟစနစ်ကွင်း ဆက်ကြီးက အားလုံးကို ချည် နှောင်ထားပါလားဆိုတာ ဆင်ခြင် ကြရအောင်ပါ။ ကပ်ဘေးကြီးပြီး သွားရင် ဝက်စလေနဲ့ကျွန်မပြန် စိုက်ကြပျိုး ကြမယ်။ တခြားလူတွေ ပါလာဖို့ မျှော်လင့် တယ်။ တစ်ကမ္ဘာလုံးလည်း မြေကမ္ဘာဆို တဲ့ ကိုယ့်ဥယျာဉ်ခြံလေးကို ပြန်ဂရုစိုက် မယ်လို့ မျှော်လင့်ပါတယ်”

ဒေါက်တာ မြင့်ဇော်

ဒေါက်တာမြင့်ဇော်ရေးသားသည့် “ကိုဗစ်နောက်ကြောင်းပြန် – ဂေဟဗေဒနှင့် လူမှုစီးပွားအမြင်မှလေ့လာခြင်း” စာအုပ်ကို အသံဖြင့်လည်း နားထောင်နိုင်ပါသည်။

အခန်း (၁) ကျုပ်တို့ ဖန်တီးတဲ့ ကပ်ရောဂေါ

အခန်း (၂) ကြိုမြင်ခဲ့တဲ့ ကပ်ဘေး

အခန်း (၃) ထွက်နှုန်းမြင့်မွေးမြူရေး (သို့) ရောဂါပိုးစက်ရုံများ

အခန်း (၄) စနစ်ကို ဆန်းစစ်ကြရအောင်