ကိုဗစ်ဖြစ်တာ အပြစ်လား

0
576

တနင်္သာရီတိုင်းတွင် မလေးရှားနိုင်ငံ မှ ပြန်လာသူ အသက် ၄၆ နှစ် အရွယ်ရှိ အမျိုးအသားတစ်ဦးထံတွင် ကိုဗစ်ရောဂါ စတင်တွေ့ရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက မေလ ၁၈ ရက် နေ့ နံနက်ပိုင်းတွင် သတင်းထုတ်ပြန်သည်။

အဆိုပါ အမျိုးသားမှာ လောင်းလုံး မြို့နယ်၊ ထားဝယ်တက္ကသိုလ်တွင် အသွား အလာ ကန့်သတ်ထားသူ ဖြစ်သည်။

မလေးရှားပြန်ဟုဆိုလျှင် မြန်မာရွှေ့ ပြောင်းလုပ်သား တနည်းအားဖြင့် မလေးရှားတွင် အလုပ်လုပ်ကိုင်ပြီး နေရပ် ဇာတိသို့ ပြန်လာသည့် မြန်မာတစ်ဦး ဖြစ်ကြောင်း အထူးပြောစရာ လိုမည် မထင်ပါ။

ရွှေ့ပြောင်းလုပ်သားများသည် ကိုယ့် ဒေသ ရပ်ရွာတွင် အလုပ်အကိုင်ရှားမှု ကြောင့် နိစ္စဓူဝ ရင်ဆိုင်နေရသည့် စား၊ ဝတ်၊ ‌နေရေး အရေးသုံးပါးကို ဖြေရှင်းရန် မိမိတို့၏ အင်မတန်တန်ဖိုးထား ချစ်လှ သည့် မိသားစုကမ္ဘာငယ်လေးကို ကျော ခိုင်းခဲ့ရသည်။ အလုပ်အကိုင် အခွင့်အလမ်း ပေါသည့် နိုင်ငံ၊ မကျင်လည်ဖူးသည့် နေရာအသစ်ဆီသို့ ရင်တမမဖြင့် ခြေဆန့် အရဲစွန့်ကာ ပြောင်းရွှေ့လုပ်ကိုင်ကြသူများ ဖြစ်သည်။ တရားဝင်သွားသူများ ရှိသကဲ့ သို့ တရားမဝင်လမ်းကြောင်းမှ သွားသူများ လည်း ရှိကြသည်။ တနင်္သာရီတိုင်း ဒေသကြီးတွင်း နေသူတချို့မှာ အိမ်နီး ခြင်းဖြစ်ကြသည့် ထိုင်း၊ မလေးရှားနိုင်ငံ များသို့ ပြောင်းရွှေ့ လုပ်ကိုင်မှုများကြ သည်မှာ အားလုံးအသိ။

မြန်မာရွေ့ပြောင်း အလုပ်သမားများ အနက် အချို့မှာ တစ်ပါးသူနိုင်ငံတွင် လူပွဲစားလက်အောက်သို့ ကျရောက်ကြပြီး ရုန်းမထွက်သူများ ရှိကြသည်။ လိင် အမြတ်ထုတ် ခံကြရသူများ ရှိသည်။ အသတ်ခံရပြီး လမ်းဘေးအမှိုက်ပုံတို့တွင် ခွေးသေကောင်ပမာ အပစ်ခံရသူလည်း ဒုနဲ့ဒေး။ အကြောင်းအမျိုးမျိုးနဲ့ နှိပ်စက် ညှင်းပန်းမှု ခံကြရသူများလည်း ရှိကြသည်။

သာဓကအားဖြင့် လွန်ခဲ့သော ၅ နှစ် ခန့်က အေပီသတင်းဌာနက ဖော်ထုတ်ရေး သားခဲ့သည့် အင်ဒိုနီးနားနိုင်ငံတွင် ကျွန်ပြုခံ ငါးဖမ်းလုပ်သားများ၏ ခေတ်သစ်‌ငွေ ဝယ်ကျွန်များ အကြောင်းပင် ဖြစ်သည်။ ခေတ်သစ်‌ငွေဝယ်ကျွန်ဘဝမှ လွတ်မြောက် လာ သူများအနက် မြန်မာနိုင်ငံသား ရာချီ ပါရှိခဲ့သည်။ ယင်းဖြစ်ရပ်မှာ ြွေကကွဲ ဝမ်းနည်းဖွယ်ကောင်းသည့် ဖြစ်ရပ် အဖြစ် မြန်မာရွှေ့ပြောင်းလုပ်သားလောကနှင့် ကမ္ဘာတွင် သမိုင်းတစ်ခုအနေဖြင့် ထင်ကျန် နေရစ်ခဲ့သည်။

ခေတ်သစ်‌ငွေဝယ်ကျွန်ဘဝ မရောက် သော်လည်း တစ်ဖက်နိုင်ငံ၏ အဖမ်းအဆီး အကျပ်အတည်းများကြားမှာ ပင်ပန်း ဆင်းရဲစွာ လုပ်ငန်းခွင်ထဲ ရောက်နေ ကြသည့် မြန်မာရွှေ့ပြောင်းလုပ်သား အများအပြား ရှိကြသည်။

တစ်ရွာမပြောင်း သူကောင်းမဖြစ် ဟူသည့်ထုံး နှလုံးမူပြီး သူကောင်းဖြစ် အောင် တစ်ရွာပြောင်းကြသော်လည်း သေချင်သည့်ကျား တောပြောင်းကိန်းနှင့် ဆိုက်ရသူများလည်း မနည်းပေ။

ထိုအ‌ခြေအ‌နေတွင် ကမ္ဘာနှင့်ချီ ကြုံတွေ့လာသည့် ကိုဗစ်ဂယက်ကြောင့် အလုပ်လက်မဲ့ကိန်းဆိုက်ပြီး ‌နေရပ်သို့ မပြန်မဖြစ် ပြန်ရန်အကြောင်း ပေါ်လာသည်။

မြန်မာရွှေ့ပြောင်းလုပ်သားများ နေရပ်ထံသို့ ပြန်လာ‌နေကြပေပြီ။

“တရားမဝင် သွားတာပဲဖြစ်ဖြစ် အားလုံး ပြန်လက်ခံမယ်၊ ကိုယ့်နိုင်ငံသား တွေဆို အားလုံး ပြန်လက်ခံပါမယ်”ဟု နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

ပြီးခဲ့သည့် မေလ ၅ ရက်နေ့က နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ကရင်ပြည် နယ် ဝန်ကြီးချုပ်၊ တနင်္သာရီတိုင်းဒေသ ကြီး ဝန်ကြီးချုပ်၊ မွန်ပြည်နယ် ဝန်ကြီးချုပ် တို့၏ ကိုဗစ်ကပ်ရောဂါဆိုင်ရာ အပြန်အလှန် ဆွေးနွေးခြင်း အစီအစဉ်တွင် ထည့်သွင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

အထက်တွင် ဖော်ပြခဲ့သလို နေရပ် ပြန် ရွှေ့ပြောင်းလုပ်သားများအနက် မလေးရှားနိုင်ငံမှ နေရပ်သို့ပြန်လာသည့် အမျိုးသားတစ်ဦးတွင် ကိုရိုနာဗိုင်းရပ်စ် ရောဂါပိုး တွေ့ခဲ့သည်။

နှစ်ရှည်လများစွာ ကျောခိုင်းခဲ့ရ သည့် မိသားစုကမ္ဘာငယ်လေးသို့ ပြန် အလာလမ်းတွင် ကပ်ရောဂါပိုးက အဖော် အဖြစ် လိုက်ပါလာခြင်း ဖြစ်သည်။ ယင်း သို့ ကိုဗစ်ဖြစ်ခြင်းနှင့် ပတ်သက်ပြီး အပြစ်သားကဲ့သို့ ရှုမြင်ပြောဆိုသူများ လည်း တွေ့ရသည်။

ကျွန်တော်တို့ မမေ့သင့်သည်မှာ ကိုဗစ်ရောဂါကို မည်သူမျှ မလိုချင်ပါ။ ထို့အတူပင် ယခု ပိုးတွေ့သည့် ကာယကံ ရှင် ကိုယ်တိုင်ကလည်း ကိုဗစ်ရောဂါကို လိုလိုလားလားနဲ့ အဖော်ခေါ်ဆောင် လာခြင်း မဟုတ်ပါ။

“တရားဝင်က တစ်မျိုး၊ တရားမဝင် ကတစ်မျိုး၊ မခွဲခြားထားဘူး။ အားလုံးကို တန်းတူရည်တူ ကျန်းမာရေးစောင့်ရှောက် မှုပေးမယ်”ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

နေရပ်ပြန်သူများအတွက် နိုင်ငံတော် ၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်က မေတ္တာတရားကြီးမားနေ သည့်အချိန်တွင် လူ့ပတ်ဝန်းကျင် အသိုင်း အဝိုင်းက ကိုဗစ်ရှိသည့် မလေးပြန် တစ်ဦးကို အပြစ်သားကဲ့သို့ ပြုမူပြောဆို ခြင်းမျိုး စိုးစဉ်းများ မရှိချင်ပါ။

ကိုဗစ်ရှိသူမှာ ပြစ်မှုတစ်ခုခုအား ကျူးလွန်ခဲ့သူ မဟုတ်ပါ။ အပြစ်သား မဟုတ်ပါ။

အပြစ်သားမဟုတ်သည့် အတွက် ကိုဗစ်ရှိသူကို လူမှုပတ်ဝန်းကျင် အသိုင်းအဝိုင်းက စင်ကြယ်သော လက်အစုံ တို့နှင့်ကြည်ဖြူစွာ လက်ကမ်းရင်း ဘေးမ တွဲကူကြရပါမည်။

လူလူချင်း ကူညီရိုင်းပင်းလေ့ရှိကြ သည့် မြန်မာတို့၏ ဓလေ့ထုံးကို ကမ္ဘာက ပင် စံချိန်တင်ခံထားသည်မဟုတ်ပါလား။

နောက်ထပ်လည်း ကိုဗစ်နဲ့အတူ နေရပ်ပြန်လာသူများ ရှိကောင်းရှိလာ နိုင်ပေသည်။ ကိုဗစ်ရှိသည်ဖြစ်စေ မရှိ သည်ဖြစ်စေ နေရပ်ပြန်သူများကို ဖေးကူရင်း ကိုရိုနာကပ်ဆိုးကို အတူတကွ တွန်းလှန် ရပေမည်။

ကိုဗစ်ဖြစ်ခြင်းသည် အပြစ်ကျူးလွန် ခြင်း မဟုတ်ပါ။

မြင့်မိုရ်(မြိတ်)