ထားဝယ်က ကိုဗစ်ပိုးတွေ့လူနာ အခြေအနေ

0
643
ဓာတ်ပုံ - ကိုဇော်

တနင်္သာရီတိုင်း၏ ပထမဆုံး ကိုဗစ် ပိုးတွေ့လူနာ (အမှတ် ၁၈၅) သည် မလေးရှားနိုင်ငံက ပြန်ရောက်လာသူ ဖြစ်သည်။ မလေးရှားနိုင်ငံ မြို့တော် ကွာလာလမ်ပူတွင် အလူမီနီယံတံခါး ပေါက်လုပ်ငန်းမှာ လုပ်ကိုင်နေသူ ဖြစ်သည်။

၂၀၁၉ ခုနှစ် နိုဝင်ဘာလခန့်တွင် အလုပ်ပြီးချိန် ဈေးဝယ်ထွက်ရင်း မလေးရှားရဲတွေက သူ့ကိုဖမ်းဆီးခြင်း ခံခဲ့ရသည်။ ယင်းနောက် တရားမဝင် နေထိုင်မှုဖြင့် တရားစွဲခံရပြီး ထောင်ဒဏ် လေးလ ချမှတ်ခံခဲ့ရကြောင်း လူနာအမှတ် ၁၈၅ က ပြောသည်။

၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီလတွင် ထောင်မှ လွတ်မြောက်ခဲ့ပြီး ထိန်းသိမ်းရေး စခန်းတစ်ခုတွင် မေလအထိ နေထိုင်ခဲ့ ရသည်။ ထောင်နှင့် ထိန်းသိမ်းရေးစခန်း တွင် နေထိုင်စဉ်က နိုင်ငံပေါင်းစုံမှ လူပေါင်းမြောက်များစွာနှင့် ထိတွေ့ခဲ့ပြီး ကိုဗစ်-၁၉ ရောဂါကို မည်သည့်အချိန်က ကူးစက်ခံ လိုက်ရမှန်းပင် မသိကြောင်း ၎င်းက ပြောသည်။

“ထောင်ထဲကနေပဲ ကူးတာလား၊ လေယာဉ်ပေါ်မှာပဲ ကူးတာလား၊ ကျွန်တော် လည်းမပြောတတ်တော့ဘူး။ ကိုယ့်ကို ကိုယ်လည်း အရမ်းအံ့သြနေတယ်”ဟု ၎င်းက ဆိုသည်။

မလေးရှားနိုင်ငံတွင် ကိုရိုနာဗိုင်းရပ် ဂယက်ထချိန်တွင် သူသည်ထောင်ထဲ တွင်ရှိနေခဲ့ပြီး ကိုယ်အပူအချိန်တိုင်းခြင်း၊ သွေးစစ်ခြင်းစသည့် ကျန်းမာရေး စစ်ဆေးခြင်းကို ခံခဲ့ရသော်လည်း မြန်မာ နိုင်ငံမှာကဲ့သို့ ပါးစပ်၊ နှာခေါင်းတို့ဖတ် ဓာတ်ခွဲနမူနာယူပြီး စစ်ဆေးခြင်းကိုမူ မခံခဲ့ရကြောင်း ၎င်းလူနာက ပြောသည်။

မေလ ၁၂ ရက်က အစိုးရအစီအစဉ် ဖြင့် မြန်မာနိုင်သို့ ပြန်လည်ရောက်ရှိလာ ပြီး ထားဝယ်မြို့ကို မေလ ၁၂ ရက်တွင် ပင် ရောက်ရှိလာခဲ့သည်။ သူနှင့်အတူ မလေးရှားနိုင်ငံမှ ပြန်လာသည့် တနင်္သာရီ တိုင်းသား ၂၁ ဦးရှိပြီး အားလုံးကို ထားဝယ်တက္ကသိုလ်တွင် ၂၁ ရက် အသွား အလာကန့်သတ်ပြီး စောင့်ကြည့်ခဲ့သည်။

ယင်းနောက် မလေးရှားက ပြန်ရောက် လာသူ အားလုံးကို ကိုဗစ်- ၁၉ ရောဂါ ရှိ/မရှိ ဓာတ်ခွဲစစ်ဆေးခဲ့ရာ သူတစ်ဦး တည်းတွင် ပိုးတွေ့ကြောင်း ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာနက မေလ ၁၈ ရက်တွင် ထုတ်ပြန်ခဲ့သည်။ ယင်း နေ့တွင် စောင့်ကြည့်ရေး စခန်းကနေ ထားဝယ်ပြည်သူ့ဆေးရုံ သီးသန့်လူနာဆောင်ကို ပြောင်းရွှေ့လိုက်သည်။

လက်ရှိတွင်လည်း သီးသန့်လူနာ ဆောင်တွင်ပင် နေထိုင်ပြီး ကျန်းမာရေး အခြေအနေမှာ ပုံမှန်အတိုင်းရှိနေကြောင်း တနင်္သာရီတိုင်း ပြည့်သူ့ကျန်းမာရေး ဦးစီးဌာန ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ ထွေးမြစိုးက မေလ ၂၂ ရက်တွင် ပြောသည်။

လူနာကိုယ်တိုင်ကလည်း ကျန်းမာ ရေးကောင်းမွန်သည်ဟု ပြောဆိုသည်။

ပိုးမတွေ့ခင်မှစပြီး လက်ရှိအခြေ အနေအထိ မည်သည့် ရောဂါလက္ခဏာ ကိုမျှ ခံစားခဲ့ရခြင်း မရှိကြောင်းလည်း သူက ပြောသည်။

ထားဝယ်တက္ကသိုလ်တွင် အသွား အလာ ကန့်သတ်ထားစဉ် အပြင်ကို ခိုးထွက်ပြီး မိသားစုဝင်များနှင့် တွေ့ဆုံ ခဲ့ကြောင်း ကောလာဟလများ ထွက်ပေါ်ခဲ့ သော်လည်း လူနာနှင့် ၎င်းမိသားစုဝင် များကမူ မဟုတ်မှန်ကြောင်း ငြင်းဆို ခဲ့သည်။

“ဘယ်မှ ထွက်လို့ မရဘူး။ အစောင့် တွေ ရှိတယ်။ ရဲ ရှိတယ်။ မီးသတ်ရှိတယ်။ ကျွန်တော်တို့ ဘယ်လိုသွားထွက်မှာလည်း။ အိမ်ကိုမပြောနဲ့ လမ်းကိုထွက်လို့ မရဘူး”ဟု လူနာအမှတ် ၁၈၅ က ပြောသည်။

အသက် ၄၆ နှစ်အရွယ် လူနာ အမှတ် ၁၈၅ သည် ထားဝယ်မြို့ ပိန္နဲတော ရပ်ကွက်ဇာတိဖြစ်ပြီး မိသားစုနှင့် အဆက် အသွယ် ပြတ်နေသည်မှာ နှစ်အတော် ကြာပြီဟု ၎င်းမိသားစုဝင်တစ်ဦးက ပြော သည်။

လူနာ ၁၈၅ စောင့်ကြည့်ရေးစခန်းတွင် လာရောက်တွေ့ဆုံခဲ့သော မိသားစု ဝင် ၁၂ ဦးကိုလည်း ဓာတ်ခွဲစစ်ဆေးထား ပြီး ပိုးမတွေ့ပေ။

လူနာအမှတ် ၁၈၅ ကို မေလ နောက်ဆုံးအပတ်တွင် ဒုတိယအကြိမ် ထပ်မံဓာတ်ခွဲစစ်ဆေးမည်ဖြစ်ပြီး ပိုးမ တွေ့ကြောင်း နှစ်ကြိမ်ဆက်တိုက် စစ်ဆေးတွေ့ရှိမှ ပိုးမတွေ့တော့ကြောင်း အတည်ပြု မည်ဖြစ်ကြောင်း ဒေါက်တာထွေးမြစိုးက ပြောသည်။

“နှစ်ကြိမ်ဆက်တိုက် Negative ဖြစ်တယ်ဆိုရင် ဒါကပိုးကင်းစင်တယ် ဆိုပြီး သတ်မှတ်တယ်ပေါ့နော်”ဒေါက်တာ ထွေးမြစိုးက ပြောသည်။

ပိုးတွေ့လူနာနှင့်အတူ ပြန်လာသူ များ အပါအဝင် လူနာမိသားစုဝင်များကို လည်း အသွားအလာကန့်သတ်သည့် အချိန် ပြီးခါနီးတွင် နောက်တစ်ကြိမ် ဓာတ်ခွဲနမူနာပို့ပြီး ဒုတိယအကြိမ်ထပ် မံစစ်ဆေးမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

ပိုးတွေ့ လူနာမိသားစုကို ကနဦးက အမှတ်(၃) အထက်တန်းကျောင်းတွင် အသွားအလာ ကန့်သတ်ထားသော်လည်း လက်ရှိတွင် သီတဂူဆေးရုံသို့ ပြောင်းရွေ့ ထားလိုက်ပြီ ဖြစ်သည်။

မေလ ၂၂ ရက် နောက်ဆုံး ဆက်သွယ် မေးမြန်းချက်အရ ပိုးတွေ့လူနာအပါအဝင် ၎င်းနှင့် ထိတွေ့ဆက်စပ်သူအကုန်လုံး ကျန်းမာရေး ကောင်းမွန်လျက်ကြောင်း တနင်္သာရီတိုင်းပြည်သူ့ကျန်းမာရေးဦးစီးဌာန လူနာကိုယ်တိုင်၊ ၎င်းမိသားစုဝင် များထံမှ သိရသည်။

ကျော်သူစိုး