မြိတ်ဒေသထွက် ငှက်သိုက် ရောင်းအား ထိုးကျ

0
625

ကိုဗစ်ရောဂါဂယက်ကြောင့် မြိတ်ဒေသတွင် လုပ်ငန်းရှင်အများစု ငှက်သိုက်ရောင်းအား ၅၀ ရာခိုင်နှုန်းမှ ၇၀ ရာခိုင်နှုန်းအထိ ကျဆင်းသွားကြောင်း မြိတ်ငှက်သိုက်ရောင်းဝယ်ရေး ဈေးကွက်အတွင်းမှ သိရသည်။


မြိတ်ပင်ရင်းတွင် ရောင်းအားထက်ဝက်ကျော်ကျသွားသကဲ့သို့ ရန်ကုန်ရှိ ဆိုင်ခွဲတွင်လည်း ထက်ဝက်ကျော်ကျဆင်းခဲ့ရကြောင်း မြိတ်ကမ်းနားလမ်းရှိ သဘာဝငှက်သိုက်လုပ်ငန်းမှ သိရသည်။


ကိုဗစ်ရောဂါဂယက် စတင်မရိုက်ခတ်မီက ငှက်သိုက်ကို ရန်ကုန်၊ မန္တလေးနှင့် တခြားမြို့ကြီးများမှ မှာယူသူ အများအပြားရှိခဲ့သော်လည်း လက်ရှိတွင် ပုံမှန်ရောင်းအား၏ ၃၀ ရာခိုင်နှုန်းသာ ရောင်းချရတော့ကြောင်း မြိတ်မြို့၊ ဗန္ဓုလလမ်းရှိ မီမီ သဘာဝငှက်သိုက် လုပ်ငန်းပိုင်ရှင် ကိုပြည့်ဖြိုးခန့်က ပြောသည်။


“တစ်ကျပ်သား နှစ်ကျပ်သားပဲ ဝယ်ယူသူက များတယ်။ အများကြီး မရောင်းရတော့ဘူး” ဟု ၎င်းက ပြောသည်။


လတ်တလော အခြေအနေအရ ငှက်သိုက်များစားသုံးသူထံ ပို့ဆောင်ရေးခက်ခဲသည့်အတွက် ၇၀ ရာခိုင်နှုန်းခန့် ရောင်းအားကျသွားကြောင်း မြိတ်မြို့၊ ထားဝယ်စုရပ်မှ My Birds Nest ငှက်သိုက်ရောင်းဝယ်ရေးလုပ်ငန်းရှင် ကိုဟန်မင်းစိုးက ဆိုသည်။


“ရောင်းအားက တန့်သွားတယ်ဆိုပေမယ့် ရောဂါကြောင့် ကိုယ်ခံအားကောင်းဖို့ မှာပြီး သောက်ချင်နေကြသူတွေလည်း ရှိနေတယ်” ဟု မြိတ်ခရိုင်ငှက်သိုက်လုပ်ငန်းရှင်များအသင်း၏ အလုပ်အမှုဆောင်လည်းဖြစ်သူ ၎င်းက ပြောသည်။


လတ်တလော ရောင်းအားထိုးကျခဲ့ရသော်လည်း ငှက်သိုက်ဈေးကွက်အတွင်း ဈေးနှုန်းသိသိသာသာ ကျခြင်းမရှိကြောင်း ဈေးကွက်အတွင်းမှ သိရသည်။


လက်ရှိဈေးကွက်အတွင်း ငှက်သိုက်တစ်ပိဿာ အရည်အသွေးအပေါ်မူတည်၍ ကျပ်သိန်းနှစ်ဆယ်ဝန်းကျင်မှ ကျပ်သိန်းလေးဆယ်အထိ ပေါက်ဈေးရှိသည်။


ငှက်သိုက်များကို မြိတ်မြို့နယ်နှင့် ဘုတ်ပြင်းမြို့နယ်တို့တွင် အများအပြား မွေးမြူ ထုတ်လုပ်ရောင်းချနေကြကြောင်း ငှက်သိုက်လုပ်ငန်းရှင်များထံမှ သိရသည်။


တနင်္သာရီတိုင်းအတွင်း ဇီဝဇိုးငှက်သိုက် စုဆောင်းထုတ်ယူခွင့် လိုင်စင် (စာချုပ်)ရှိသည့် အိမ်အရေအတွက်မှာ ယခုနှစ်အတွင်း လေးရာနီးပါးအထိရှိလာပြီး ထားဝယ်တွင် ၄ ခု၊ မြိတ်တွင် ၁၉၀၊ တနင်္သာရီ ၁၇၊ ကော့သောင်း ၂၃နှင့် ဘုတ်ပြင်းတွင် ၁၃၇ ခုရှိကြောင်း တနင်္သာရီတိုင်းဒေသကြီး သစ်တောဦးစီးဌာနထံမှ သိရသည်။