ပုလောမြို့ရှိ နေအိမ်တစ်ဆောင်အား Lockdown ချ

0
703

မြိတ်ခရိုင် ပုလောမြို့နယ် အမှတ် ၂ ရပ်ကွက်ရှိ နေအိမ်တစ်‌ဆောင်အား ဧပြီလ ၇ ရက်နေ့မှစပြီး Lockdown ချထားလိုက်ပြီဖြစ်ကြောင်း ယင်းရပ်ကွက် အုပ်ချုပ်ရေးမှူးနှင့် စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌဦးတင်စိုးတို့ထံမှ သိရသည်။


ရန်ကုန်မြို့မှ မြိတ်မြို့သို့ မော်တော်ယာဉ်ဖြင့် ဧပြီလ ၆ ရက်နေ့က ရောက်ရှိလာသည့် အမျိုးသမီးတစ်ဦးမှာ မြိတ်မြို့ရှိ Facility Quarantine ဝင်ရောက်ခြင်းမရှိဘဲ အစ်မဖြစ်သူ၏ နေအိမ်သို့လာရောက်ခဲ့သည့်အတွက် Lockdown ချထားရခြင်းဖြစ်ကြောင်း စည်ပင်ကော်မတီ ဥက္ကဋ္ဌဦးတင်စိုးက ပြောပြသည်။


“Lockdown က နှစ်ဆယ့်တစ်ရက်ပါပဲ” ဟု အမှတ် ၂ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးမင်းသူထွန်းက ပြောသည်။


Lockdown ချထားသည့် နေအိမ်တွင် အမျိုးသားတစ်ဦး၊ အမျိုးသမီးသုံးဦးနှင့် ကလေးနှစ်ဦးတို့နေထိုင်ကြပြီး ၎င်းတို့၏ လိုအပ်ချက်များကို ကူညီဆောင်ရွက်ပေးနေကြောင်း အုပ်ချုပ်ရေးမှူး ဦးမင်းသူထွန်းက ပြောသည်။


ယင်းနေအိမ်သို့ လာရောက်ခဲ့သည့် အသက် ၅၀ နှစ်ဝန်းကျင်ရှိ အမျိုးသမီးအား ရှင်သန်ခြင်း(မြိတ်)နှင့် ပုလောမြို့အခြေစိုက် မေတ္တာရှင်ပရဟိတအသင်းတို့မှ ဧပြီလ ၇ ရက်နေ့ နံနက်ပိုင်းအချိန်တွင် မြိတ်မြို့ရှိ Facility Quarantine သို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

မြင့်မိုရ်(မြိတ်)