မွန်ငါးလုပ်ငန်း ၈၀ ရာခိုင်နှုန်းခန့် ရပ်ဆိုင်း

0
452

ကိုရိုနာဗိုင်းရပ်စ်ကူးစက်ရောဂါကြောင့် မွန်ပြည်နယ်ငါးလုပ်ငန်း၈၀ ရာခိုင်နှုန်း ခန့်ရပ်ဆိုင်းထားရကြောင်း မွန်ပြည်နယ်ငါးလုပ်ငန်းရှင်များနှင့် ငါးလုပ်ငန်းအဖွဲ့ချုပ်တို့ထံမှ သိရသည်။


မွန်ပြည်နယ်မှ ထွက်ရှိသည့်ငါးများကို တရုတ်ဈေးကွက်သို့ ၈၀ရာခိုင်နှုန်းကျော်တင်ပို့ရောင်းချနေပြီး ကိုရိုနာဗိုင်းရပ်စ်ကူးစက်ရောဂါကြောင့် တရုတ်နိုင်ငံက ငါးအဝယ်လျော့ကျသွားခဲ့သည်။


“တရုတ်ပြည်နယ်အနေနဲ့က အရင်တုန်းကငါးတွေကို ဈေးကောင်းပေးဝယ်ခဲ့တာမှန်ပေမယ့် အခုလိုအချိန်မျိုးမှာ ဈေးသက်သာတဲ့နေ့စဉ်စားသုံးတဲ့ ငါးမျိုးဝယ်တာမျိုးတွေဖြစ်သွားတော့ လုပ်ငန်းတွေအတော်များများဟာ ရပ်ဆိုင်းသွားရတယ်” ဟု မွန်ပြည်နယ်ငါးလုပ်ငန်း အဖွဲ့ချုပ်ဒုဥက္ကဋ္ဌ ဦးအောင်သက်ဌေးက ပြောသည်။


လက်ရှိအနေအထားအရ မွန်ပြည်နယ်မှငါးတန်ချိန် ရာနှင့်ချီပြီးအအေးခန်းနှင့် ကွန်တိန်နာပေါ်တွင်ပိတ်မိနေကြောင်း ဦးအောင်သက်ဌေးက ဆက်ပြောသည်။


ပြည်နယ်အတွင်းမှထွက်သည့် ငါးများပြည်ပသို့တင်ပို့ ရောင်းချနိုင်ခြင်းမရှိသည့်အတွက် ငါးဈေးနှုန်းလည်း ထက်ဝက်ခန့်ကျဆင်းသွားသည်ဟု ငါးလုပ်ငန်းရှင်တို့က ပြောသည်။


လတ်တလောဖြစ်ပွားနေသည့် ကူးစက်ရောဂါကြောင့် အလှူအတန်းများ၊ ပွဲလမ်းသဘင်များ ကျင်းပခွင့်မရှိတော့အတွက်ကြောင့် ပြည်တွင်းငါးဈေးကွက်တွင်လည်း ငါးအရောင်းအဝယ်ကျဆင်းသွားကြောင်း မော်လမြိုင်အခြေစိုက် ငါးဒိုင်တို့ထံမှသိရသည်။


တရုတ်နိုင်ငံအနေဖြင့် မွန်ပြည်နယ်မှထွက်ရှိသည့် ငါးတန်ချိန်ထောင်ချီ နှစ်စဉ်နှစ်တိုင်း ဝယ်ယူလေ့ရှိပြီး ငါးသလောက်၊ ငါးပုတ်သင်စသည့်ငါးတို့ကို အဓိကဝယ်ယူကြောင်း မွန်ပြည်နယ် ငါးလုပ်ငန်းအဖွဲ့ချုပ်ထံမှ သိရသည်။