ထီစာအုပ် အရောက်နောက်ကျသဖြင့် ထီဆိုင်ပိုင်ရှင်များ အခက်တွေ့

0
855

ထီစာအုပ်များ အရောက်နေကျနေသဖြင့် ထီဆိုင်ပိုင်ရှင်များ အခက်တွေ့နေကြကြောင်း ထားဝယ်မြို့ရှိ ထီဆိုင်ပိုင်ရှင်အချို့ထံမှ သိရသည်။


ပုံမှန်အချိန်တွင် လမကုန်ခင်နှစ်ရက်အလိုကတည်းက ရောက်ရှိနေသောထီစာအုပ်များသည် ပြီးခဲ့သည့်လမှစပြီး လကုန်ပြီး တစ်ပတ်၊ ဆယ်ရက်အကြာမှ ထားဝယ်မြို့ကို ရောက်လာကြောင်း ၎င်းတို့က ပြောသည်။


“အခုလောလောဆယ် အနေအထားမှာဆို တစ်ပတ်၊ ဆယ်ရက်လောက် ထီစာအုပ်တွေက နောက်ကျပြီးမှ ရောက်တယ်။ ရောင်းအားက လက်လီမပါဘဲ လက္ကားကို တစ်ရက်ကို ခုနစ်သိန်း၊ ရှစ်သိန်းလောက် ထိခိုက်နေပါတယ်” ဟု Deluxe ထီဆိုင်ပိုင်ရှင် ဒေါ်စုဝေဖြိုးက ဆိုသည်။


အောင်ဘာလေသိန်းဆုဌာနနှင့် ချုပ်ဆိုထားသောစာချုပ်တွင် လစဉ်လဆန်း ၅ ရက်ထက်နောက်မကျဘဲ ထီစာအုပ်များကို ဆိုင်အရောက်ပေးပို့မည်ဟု စာချုပ်ချုပ်ဆိုထားကြောင်း ဒေါ်စုဝေဖြိုးက ပြောသည်။


တနင်္သာရီတိုင်း ပြည်တွင်းအခွန်များဦးစီးဌာနမှ တစ်ဆင့်ထီလက်မှတ်များ ဝယ်ယူရောင်းချနေသည့် ဆိုင်များသည်လည်း အလားတူပင်ထီစာအုပ်များ အရောက်နောက်ကျသဖြင့် လကုန်ရက်အထိ ထီစာအုပ်များရောင်းမကုန်မည်ကို စိုးရိမ်နေကြသည်။


ကိုဗစ် – ၁၉ ရောဂါ ဂယက်ထလာပြီးနောက်ပိုင်း ထားဝယ်မြို့တွင် ထီရောင်းအားကျဆင်းလာသဖြင့် အချို့ထီဆိုင်များက ထီလက်မှတ်များကို လျှော့ဝယ်ယူလာပြီး အချို့ထီဆိုင်များမှာ ထီလက်မှတ်ကုန်လျှင် ပြန်မှာပုံစံဖြင့် ဝယ်ယူရောင်းချနေကြသည်။


ရွှေမြန်မာထီကို ကိုယ်စားလှယ်ယူပြီး ထားဝယ်တွင် ထီပြန်ရောင်းချနေသည့် ဆိုင်တစ်ဆိုင်ဆိုလျှင် ယခင်က ထီလက်မှတ်စောင်ရေတစ်သောင်းကို မှာယူရောင်းချသော်လည်း လက်ရှိတွင် နှစ်ထောင်ကျော်ကိုသာ မှာယူတော့ကြောင်း ပြောဆိုသည်။


၁၅ ကြိမ်မြောက် အောင်ဘာလေသိန်းထီအတွက် ထီလက်မှတ်ပေါင်း နှစ်သန်းနီးပါး ရောင်းမကုန်ဘဲကျန်နေကြောင်း အောင်ဘာလေသိန်းဆုဌာနခွဲက ကြေညာထားသည်။

ကျော်သူစိုး