ART ဆေးပေးသည့် အချိန်ပြောင်း

0
650

HIV ပိုးကူးစက်ခံထားရသူများအတွက် ART ဆေး ထုတ်ပေးမှုအချိန်ပြောင်းလဲထားကြောင်း တနင်္သာရီတိုင်းဒေသကြီး ခုခံကျ/ကာလသားရောဂါတိုက်ဖျက်ရေး စီမံချက်မှ လက်ထောက် ညွှန်ကြားရေးမှူးက ပြောသည်။


HIV ပိုးပြန့်ပွားခြင်းအားဟန့်တားသည့် ART ဆေးထုတ်ပေးရာတွင် ဆေးမှန်မှန်သောက်သူများနှင့် ရောဂါအခြေအနေတည်ငြိမ်သူများကို ယခင်က တစ်လစာအတွက်သာ ထုတ်ပေးနေရာမှ ယခုနှစ်ဆန်းပိုင်းမှစတင်ကာ ၆ လစာ ထုတ်ပေးနေကြောင်း အထက်ပါ စီမံချက်မှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာကျော်တင့်ထွန်းက ဆိုသည်။


တနင်္သာရီတိုင်းတွင် ART ဆေး သောက်နေရသူ လေးထောင်နီးပါးရှိကြောင်း တိုင်းဒေသကြီး ပြည့်သူ့ကျန်းမာရေးဦးစီးဌာနစာရင်းအရ သိရသည်။


ယင်းကဲ့သို့ ဆေး ၆ လစာပေးရခြင်းမှာ လူနာများဆေးလာယူရသည့် အကြိမ်ရေလျော့ချစေရန်နှင့် အလုပ်ဝန်အားလျော့ကျစေရန်ရည်ရွယ်ပြီး ရောဂါတည်ငြိမ်နေသည့် လူနာများကို ထုတ်ပေးခြင်းဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။


“အားလုံးတော့မဟုတ်သေးဘူး။ အုပ်စု လေးစုခွဲထားပြီး သုံးလပတ်စီမှာ တစ်သုတ်ပြီးတစ်သုတ် တိုးပေးသွားမှာပါ။ ၂၀၂၀ အကုန်မှာ လူနာအဟောင်းအားလုံးနီးပါးဖြစ်သွားမှာပါ” ဟု ဒေါက်တာ ကျော်တင့်ထွန်းက ပြောသည်။


ဆေးကို ယခုကဲ့သို့ ခြောက်လစာထုတ်ပေးနေသည့်အတွက် ယခင်ထက် ပိုမိုအဆင်ပြေကြောင်း လောင်းလုံးမြို့ နယ်မှ ART ဆေးသောက်နေရသည့် အမျိုးသားတစ်ဦးက ဆိုသည်။


“ဒါပေမယ့် ဆေးတွေကို အပူအအေးမျှအောင် သေသေချာချာ ထိန်းသိမ်းတတ်ဖို့တော့လိုတယ်”ဟု အထက်ပါအမျိုးသားက ပြောသည်။