တနင်္သာရီ တိုင်းအစိုးရကို တရား စွဲဆိုထားမှု စတင်စစ်ဆေး

0
222

အစိုးရ၏ ဆုံးဖြတ်လုပ်ဆောင်မှုများကြောင့် ဆုံးရှုံးနစ်နာရသည်ဟုဆိုကာ လျော်ကြေးငွေကျပ်သိန်းပေါင်း ငါးသောင်းရလိုမှု(တရားမမှု) ဖြင့် တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ကို တရားစွဲဆိုထားမှု စတင်စစ်ဆေးနေပြီဖြစ်သည်။


အထွေထွေလျော်ကြေးငွေကျပ် သိန်းပေါင်းငါးသောင်းရလိုမှုဖြင့် စူပါလိုကယ်ကုမ္ပဏီက တိုင်းအစိုးရအဖွဲ့ ဝန်ကြီးချုပ်၊ တိုင်းလှုမှုရေးနှင့် စည်ပင်သာယာရေးဝန်ကြီး၊ တိုင်းအစိုးရအဖွဲ့အတွင်းရေးမှူး၊ ပြည်ထောင်စုကျန်းမာရေးနှင့် အားကစားဝန်ကြီး၊ ကုသရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်အပါအဝင် ၇ ဦးကို စွဲဆိုထားခြင်းဖြစ်သည်။


ဝန်ကြီးချုပ်၊ လူမှု/စည်ပင်ဝန်ကြီး၊ တိုင်းအတွင်းရေးမှူးတို့ကိုယ်စား တိုင်းအစိုးရအဖွဲ့ရုံးမှ ဒုတိယညွှန်ကြားရေးမှူးဦးစိုးလှိုင်က အခွင့်ရကိုယ်စားလှယ်အဖြစ် ၎င်းတို့ကိုယ်စား တရားရင်ဆိုင်မည်ဖြစ်ကြောင်း တနင်္သာရီတိုင်းဒေသကြီး တရားလွှတ်တော်ရုံးထံမှ သိရသည်။


ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ညွှန်ကြားရေးမှူးချုပ်ကိုယ်စား တိုင်းကုသရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာမျိုးသူဇာက ကိုယ်စားရင်ဆိုင်မည်ဖြစ်ကြောင်း တိုင်းတရားရေးဦးစီးမှူး ဒေါ်အေးအေးသန်းက ဆိုသည်။


တိုင်းဒေသကြီးကုသရေးဦးစီးမှူးနှင့် သရက်ချောင်းမြို့နယ် ကုသရေးဦးစီးဌာနမှူးတို့ကမူ ၎င်းတို့ကိုယ်တိုင် တရားရင်ဆိုင်မည်ဖြစ်ကြောင်း ၎င်းက ပြောသည်။


ယင်းအမှုရုံးချိန်းကို မေလ ၁၅ ရက်နေ့က ကြားနာခဲ့ပြီး အထက်ပါအမှုအတွက် တိုင်းဥဒေအရာရှိနှစ်ဦးက အစိုးရဘက်မှလိုက်ပါဆောင်ရွက်ရန် ကိုယ်စားလှယ်လွှဲစာတင်ခဲ့ကြောင်း ဒေါ်အေးအေးသန်းက ဆိုသည်။


“တရားပြိုင်များဘက်က အချေလွှာ (ချေပငြင်းဆိုသည့်လျှောက်လွှာ)တင်သွင်း ပါတယ်”ဟု တရားရေးဦးစီးမှူး ဒေါ်အေးအေးသန်းက ပြောသည်။


နောက်ရုံးချိန်းကို မေလ ၂၅ ရက်နေ့ကို ပြန်လည်ချိန်းဆိုထားကြောင်း တိုင်းတရားလွှတ်တော်ရုံးထံမှ သိရသည်။


သရက်ချောင်းမြို့နယ် ပြည်သူ့ ဆေးရုံဝင်းအတွင်း ၈ ခန်းတွဲ ၄ ထပ် ဝန်ထမ်းအိမ်ရာ တည်ဆောက်သည့်ကိစ္စနှင့် ပတ်သက်၍ စူပါလိုကယ်ကုမ္ပဏီ၏ မန်နေဂျင်းဒါရိုက်တာ ဦးတင်ထွန်းက စွဲဆိုခဲ့ခြင်းဖြစ်သည်။


အဆိုပါ ဝန်ထမ်းအိမ်ရာအဆောက်အအုံကို ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် စတင်ဆောက်လုပ်ခဲ့ပြီး အဆောက်အအုံတွင်အသုံးပြုသည့် သံချောင်းအရွယ်အစားသေးငယ်ခြင်းနှင့် အခြားလုပ်ငန်းစဉ်အချို့တွင် စံချိန်မမီဟုဆိုကာ ၂၀၁၇ ခုနှစ် ဩဂုတ်လတွင် ကုမ္ပဏီအား လုပ်ငန်းရပ်ဆိုင်းစေခဲ့ကြောင်း တိုင်းဒေသကြီးဝန်ကြီးချုပ်က ပြောဆိုထားသည်။


စာချုပ်ပါစည်းကမ်းချက်ဖြစ်သည့် ၂၀၁၇ ခုနှစ် မတ်လအထိ အဆောက်အအုံ၏ ၆၅ ရာခိုင်နှုန်းပြီးစီးမှုမရှိခြင်း၊ အဆောက်အအုံတွင်သုံးစွဲထားသည့် သံချောင်းအရွယ်အစား သေးငယ်ခြင်းနှင့် အခြားတည်ဆောက်ရေးလုပ်ငန်းစဉ်အချို့ စံချိန်မမီခြင်းတို့ကြောင့် လုပ်ငန်းရပ်ဆိုင်းကြောင်း တိုင်းအစိုးရအဖွဲ့အစည်းအဝေးဆုံးဖြတ်ချက်ဖြင့် ၂၀၁၇ ခုနှစ် ဩဂုတ်လတွင် စာထုတ်အကြောင်းကြားခဲ့ကြောင်း အစိုးရအဖွဲ့ထံမှ သိရသည်။


စူပါလိုကယ်ကုမ္ပဏီ မန်နေဂျင်းဒါရိုက်တာဖြစ်သူကမူ အဆောက်အအုံဆောက်လုပ်မှု လုပ်ငန်းစဉ်အချို့ စံချိန်မမီခြင်း၊ ဆောက်လုပ်ရာတွင်သုံးစွဲထားသည့် သံချောင်းအရွယ်အစားသေးငယ်ခြင်းများကို စိစစ်တွေ့ရှိရသည်ဆိုသည့်အပေါ် လက်ရှိအချိန်တွင် တုံ့ပြန်ပြောဆိုလိုခြင်း မရှိသေးကြောင်း ပြောဆိုထားသည်။


ယင်းဆောက်လက်စအဆောက်အအုံကို ၂၀၁၉ ခုနှစ် ဩဂုတ်လတွင် အဆောက်အဦးဦးစီးဌာနက တာဝန်ယူကာ စတင်ဆောက်လုပ်ခဲ့ပြီး ယခုနှစ် မတ်လတွင် ၇၁ ရာခိုင်နှုန်းပြီးစီးနေပြီဖြစ်ကြောင်း ယင်းဌာနထံမှသိရသည်။