ပူစည်ဖောင်းထဲက ဘ၀

0
201
ကိုဗစ် ဒုတိယ လှိုင်း သတိရှိပါ

ကျွန်တော့်ဘ၀တွင် ကျွန်တော့်ကို ပူစည်ဖောင်းဟု အခေါ်ခံရမည်ဟု ဘယ် တုန်းကမှ မတွေးခဲ့မိဖူး။ ယခုတော့ လူ တွေက ကျွန်တော့်ကို လမ်းတွင် နှုတ်ဆက် လျှင်ဖြစ်စေ၊ လျှပ်ချောစာ (အီးမေးလ်)မှ နှုတ်ဆက်လျှင်ဖြစ်စေ၊ ကိုဗစ်ရောဂါနှင့် ပတ်သက်၍ ပြောကြလျှင်ဖြစ်စေ ပူစည် ဖောင်းနှင့် တင်စား၍ ပြောကြသည်။ ဥပမာ “နေကောင်းပါသလား”၊ “မာပါစ”ဟု မမေးဘဲ “ဟဲလို ပူစည်ဖောင်းလေး အခြေအနေဘယ်လိုလဲ”ဟု မေးသည်။

တကယ်တော့လည်း ပူစည်ဖောင်း နှင့် တင်စားခံရသည်က ကိုယ်တစ်ယောက် တည်း မဟုတ်။ နယူးဇီလန်နေ မနုဿ အထွေထွေ အားလုံးတို့သည် ပူစည်ဖောင်း အဖြစ်သို့ ရောက်နေကြခြင်း ဖြစ်သည်။

ကိုဗစ်နှင့်ပတ်သက်သည့် သတင်း များဖတ်လျှင် ကျန်းမာရေးသတိပေးချက် များတွင် အောက်ပါအတိုင်းရေးထားသည် ကို တွေ့ရပေမည်။

“ပြည်သူများအားလုံး မိမိတို့၏ ပူစည်ဖောင်းများကို လုံခြုံပါစေ”

“အခြားပူစည်ဖောင်းများနှင့် ခပ်ဝေးဝေးနေပါ”

“မိမိပူစည်ဖောင်းကို သေးငယ်နေ ပါစေ” စသည်ဖြင့်။

အစတော့ သည်လိုစာတွေဖတ်ပြီး ရုတ်တရက် သဘောမပေါက်။ ကိုဗစ်နှင့် ပူစည်ဖောင်း ဘာဆိုင်သနည်း။ ကိုဗစ် ရောဂါမဖြစ်ရန် ပူစည်ဖောင်းဆောင်ထား ခိုင်းလေသလား စသဖြင့် ရောက်တတ် ရာရာတွေးမိသည်။ သတင်းတွေ နားထောင် ပြန်တော့လည်း ဆွေးနွေးသူတွေက ပူစည်ဖောင်းကိစ္စ ဇောင်းပေးပြောသည်။ သည်တော့ ကိုဗစ်နှင့် ပူစည်ဖောင်း ဆက်နွယ်ပုံကို သုတေသန လုပ်ရရှာတော့ သည်။

ပူစည်ဖောင်း(Bubble)ဆိုသည့် အသုံးကား ကိုဗစ်ကာလအတွင်း နယူးဇီလန် တွင် ခေတ်စားလာ၏။ အရင်ကတော့ ထိလွယ်ခိုက်လွယ်သည့် စီးပွားရေးအခြေ အနေမျိုးကို ပူစည်ဖောင်းစီးပွားရေးဟု တင်စားသည်ကို တွေ့ရသည်။ နောက် စီးပွားရေးနှင့်ပတ်သက်လျှင် အတွေ့ရများ သည်က (Balloon) ဆိုသော ပူဖောင်း၊ တစ်နည်း မိုးပျံပူဖောင်းနှင့် တင်စားချက် ဖြစ်သည်။

ယခုကျွန်တော်ပြောသည့် ပူစည် ဖောင်းက ဆပ်ပြာရည် ပူစည်ဖောင်း သဘောမျိုး ဖြစ်သည်။ ကွဲလွယ်သည်။ အထူးသဖြင့် တစ်ခုခုနှင့် အနည်းငယ်မျှ ထိခိုက်မိလျှင်ပင် ကွဲတတ်သော ပူစည် ဖောင်းကလေး။ ကိုဗစ်ပျံ့နှံ့နေသည့်ကာလ အတွင်း လူအများကို ပူစည်ဖောင်းများနှင့် တင်စားလိုက်သည်။ လူတစ်ကိုယ်တွင် ပူစည်ဖောင်းတစ်ခု။ တစ်မိသားစုတည်း တစ်အိမ်တည်း အတူနေလျှင်တော့ ပူစည် ဖောင်းတစ်ခုတည်းတွင် အတူနေသည့် သဘော။

ကိုဗစ်က လူတွေကို အလွယ်တကူ ကူးစက်နိုင်သည်မို့ ကျွန်တော်တို့အားလုံး ကလည်း ထိလွယ် ခိုက်လွယ်အခြေအနေ မျိုးရှိသည့် ပူစည်ဖောင်းထဲမှာ နေရသည့် သဘော ဖြစ်သည်။ သည်တော့ ရောဂါ မရအောင် (တစ်နည်း ပူစည်ဖောင်းလေး မကွဲအောင်) မိမိတို့၏ ပူစည်ဖောင်းဘ၀ လေးများကို ဆင်ခြင်ထိန်းသိမ်းနေရသည်။ အခြားပူစည်ဖောင်းများနှင့် ဝေးဝေးနေရသည်။

ကိုဗစ်ကူးစက်မခံရအောင် လူ အချင်းချင်း အထူးသဖြင့် ကိုယ်နှင့်အတူ အနီးကပ် တစ်အိမ်တည်းနေ (မိသားစုဝင်) မဟုတ်လျှင် ဝေရာမဏိ ဝေးစွာရှောင်ကြဉ် လေဆိုသည့် ပညတ်သွားရာ ဓာတ်သက် ပါသည့် တင်စားမှုကြီး ဖြစ်သည်။ ဤကား ကျွန်တော် နားလည်သည့် ကိုဗစ် နှင့် ပူစည်ဖောင်းဆုံချက် ဖြစ်သည်။

နယူဇီလန် အစိုးရက ထုတ်ပြန်သည့် ကိုဗစ်ကာကွယ်ရေး ပြည်သူများ လုပ်ဆောင် ရန်အချက်များကို အနှစ်ချုပ်လိုက်လျှင် “ဝေးဝေးနေလို့ လက်အမြဲဆေး ပူဖောင်း ထိန်းသိမ်းရေး” ဟု ဆောင်ပုဒ်ရေး၍ ရနိုင်သည်။

ဝေးဝေးနေဆိုသည်ကား လူအချင်း ချင်း (ဝါ) မတူသော ပူစည်ဖောင်း အချင်းချင်း ဝေးဝေးခွာခွာနေဖို့ ပြောသော သိုးဆောင်းတို့ ဘာသာအရ (Physical/ social distancing)ကို ဆိုလို၏။ လက် အမြဲဆေးကိုကား ထူး၍ရှင်းပြနေရန် မလို။ ထိုနှစ်ခုသည်ပင် ကိုဗစ်ဘေးမှ ဝေးဖို့ရာအတွက် (ဝါ) မိမိတို့ ပူဖောင်းများ မကွဲရေး ဆောင်ရန်နည်းများ ဖြစ်သည်။ ရိုးရှင်းသည်။ ထိရောက်လှသည်။ နှစ်ခု တည်း။ နယူးဇီလန်ပြည်သူများလည်း အထူးလိုက်နာ ကျင့်ကြံနေထိုင်ကြသည် ဟု ယူဆရသည်။

အခြားကြောင့်မဟုတ်။ ညနေဘက် လမ်းလျှောက်ထွက်သည့်အခါ လမ်းတွင် ဆုံသည့် ဥရောပသားများကား ကျွန်တော့် ကို တွေ့သည်နှင့် အဝေးမှပင် ရှောင်၍ သွား၏။ အချို့သူများကား ၆ ပေမက ပေ ၅၀ လောက်ကပင် ကြောက်လန့် တကြားနှင့် ရှောင်ကြ၏။

အစတွင် အတော်ခံရခက်၏။ မသိလျှင် ကိုယ်ကပဲ ကိုဗစ်ပိုးများ ဆောင်ကြဉ်းလာသူ ပမာ ဖြစ်နေသည်။ နောက်တော့ ကျွန်တော် လည်း သည်လို ပြန်ချေ၏။ သူတို့ မရှောင်ခင် ကိုယ်က ဦးအောင် ရှောင်၏။ မရှောင်၍လည်းမရ။ ကိုဗစ်ကို ကြောက် သည်ကိုး။ ကိုယ့်ပူစည်ဖောင်း ဘ၀လေး မထိခိုက်ရအောင် သူစိမ်းဝေရာမဏိ သိက္ခာပဒံ သမာဓိယာမိ လုပ်ရမည် မဟုတ်လား။

သည်တော့ဖြစ်ရပုံကား မိတ်ရင်းဆွေ သဟာများ လမ်းမှာဆုံလျှင်ပင် တစ်ဦးနှင့် တစ်ဦး ခပ်လှမ်းလှမ်းရပ်ကြကာ ခပ်ကျယ် ကျယ်အသံနှင့် “ဟိုင်း” “ဟယ်လို” ပူစည်ဖောင်းအခြေအနေ သတင်း အတင်း တွေ ပြောကြရဟန်ရှိသည်ကို မိမိမှာ နေ့စဉ်နီးနီး တွေ့ရသည်။ အင်း … အခြေ အနေကား အများအသိခံမဝံ့သော အတွင်း ရေးများကို နှစ်ကိုယ်ကြားလူချင်းတွေ့ အားပါးတရ ဖောက်သည်ချလိုသော သူများအတွက်ကား မလွယ်။

“ဝေးဝေးနေ”၏ နောက်ဆက်တွဲ တစ်ခုကား ထပ်ရှိသေးသည်။ လော့ခ်ဒေါင်း ကာလ အစိုးရ၏အမိန့်ကြောင့် ဆိုင်အတော် များများ ပိတ်လိုက်ရသော်လည်း ကုန် ပဒေသာဆိုင်၊ ဆေးဆိုင် ဆေးခန်းများကား ဖွင့်ထားဆဲ။ သို့သော် ယခင်ကထက် အချိန်ကုန်ခံရ စောင့်ရဘိခြင်း။

အကြောင်း ကား သည်လို။ ဆိုင်အတွင်း လာသမျှ ဈေးဝယ်သူအားလုံး ပေးမဝင်။ ဝေးဝေးနေ ညွှန်ကြားချက်အရ ဆိုင်အတွင်း ဦးရေ အကန့်အသတ်ဖြင့် ဝင်ရသည်။ ဥပမာ ဈေးဆိုင်ခန်းက လူဆယ်ယောက်သာ ချောင်ချောင်ချိချိ ခပ်ခွာခွာ ဈေးဝယ်နိုင် သည့် နေရာမျိုးဖြစ်လျှင် ဆိုင်အတွင်း ဈေးဝယ်သူဆယ်ယောက်ပြည့်သွားလျှင် ကျန်သူများကား ဆိုင်အပြင်ဘက်တွင် ၆ ပေစီခွာ၍ တန်းစီစောင့်ပေတော့။ ဈေးဝယ်သူတစ်ဦးပြန်ထွက်မှ နောက်တစ် ယောက်ဝင်ခွင့်ပြု၏။ စိမ်ပြေနပြေ ဈေးဝယ်တတ်သူနှင့်သာ ဆုံလျှင်တော့ ရပ်စောင့်ရင်း ခန္တီပါရမီဖြည့်ပေတော့။

ကိုဗစ်ကား လူ၏ ရုပ်တရားကို သာမဟုတ် စိတ်နှလုံးကိုလည်း ဒုက္ခပေး နိုင်ပြန်တကား။ ကိုဗစ်သည် လူတို့ အကြား သံသယမျိုးစေ့ကို အပင်ပေါက် ရင့်သန် ကြီးထွားမြန်စေသည်။ နယူးဇီလန် တွင် လော့ခ်ဒေါင်းချထားစဉ် ကာလ အတွင်း ကိုဗစ်ကူးစက်နှုန်းက နေ့စဉ် ဆယ်ချီ ရာချီတက်ခဲ့သည်။ ထိုကာလ အတွင်းကဆိုလျှင် မိမိနှင့်မသိကျွမ်းသော သူစိမ်းကို မဆိုထားနှင့် အိမ်နီးချင်း အချင်းချင်းပင် တစ်ယောက်နှင့်တစ် ယောက် သံသယဝင်ကြ စိုးရိမ်ကြသည်။

သူစိမ်းဆိုလျှင်တော့ ဝေးဝေးက ရှောင်ကြ သည်။ အိမ်နီးချင်း အချင်းချင်းပင်လျှင် ခပ်လှမ်းလှမ်းက ခပ်ခွာခွာ နေကြ၍ ပြောဆိုဆက်ဆံသည်။ အစိုးရက တစ်ယောက်နှင့်တစ်ယောက် ဝေးဝေးနေ ကြဟု ဆိုထား၍ ဝတ်ကျေတန်းကျေ ခွာခွာနေကြသည်မဟုတ်။ ကိုဗစ်ကို ကြောက်သော အကြောက်တရားက အချင်း ချင်းအကြား သံသယ တံတိုင်း၊ စိုးရိမ်မှု တံတိုင်းဖြင့် စည်းခြားပေးလိုက်ခြင်း ဖြစ် သည်။ ထို့ကြောင့် တချို့က တစ်ယောက် နှင့် တစ်ယောက် လူချင်းခပ်ခွာခွာ (Physical distancing)) ဖြစ်သွားရုံမက တချို့သောသူများအတွက်မူ အချင်းချင်း အကြား စိတ်ရောကိုယ်ပါ လူမှုရေးရာ ပတ်သက်မှုများဝေးကွာ (Social distancing) သွားကြသည့် အခြေအနေမျိုး ဖြစ်သွားကြ သည် ထင်ပါ၏။ ဤသို့ကောက်ချက်ချ ခြင်းကား ကိုယ်တိုင် အထက်ပါ အဖြစ် အပျက်များနှင့် ကြုံရဆုံရတွေ့ရ ကြားရ ခဲ့ခြင်းကြောင့်ပင် ဖြစ်သည်။

နည်းနည်းကြာလာတော့လည်း သည်လို အပြောင်းအလဲတွေနှင့် နေသားကျ သလိုလိုရှိလာသည် ထင်ပါသည်။ ဒါကိုပင် ပုံမှန်အခြေအနေအသစ် (New normal) ဟု ကျွန်တော့်ဆရာမ တစ်ယောက်က ဆိုသည်။

ယခင်ကိုဗစ်မလာခင်က ဆိုလျှင် အိမ်မှ မဝေးလှသည့် တက္ကသိုလ်သို့ သူငယ်ချင်းများနှင့် အသွားအပြန် နေ့တိုင်း လမ်းလျှောက် သွားခဲ့သည်။ စာသင်ခန်း ထဲတွင် အချင်းချင်းဖက်လှဲတကင်း အုပ်စုဖွဲ့ စာလုပ်ကြသည်။ နေ့လယ်စာ စုစားကြသည်။

အားလပ်ရက်များတွင် စုပေါင်း၍ ထမင်းချက်စားခြင်း၊ တစ်နေရာသို့ ခရီးထွက်ခြင်းမျိုး ရှိသည်။

ယခုမူ အခန်း လေးထဲထိုင်ကာ မနက် ၈ နာရီလောက် မှစ၍ ကွန်ပျူတာ မျက်နှာပြင်ရှေ့ထိုင်ကာ Online မှ တိုက်ရိုက်ပို့ချသည့် အတန်းကို နေ့ခင်း ၁၂ နာရီ ၁ ချက်တီး လောက် အထိတက်၊ နေ့လယ်စာနှင့် ညစာစားရန် ခဏနား၊ ရေမချိုးမီ ခေတ္တလမ်းလျှောက် ထွက်သည့် အချိန်များမှ အပ အိမ်စာများ၊ ဖတ်စရာများ၊ လေ့လာစရာများ၊ ရေးသား စရာများအတွက် အိပ်ရာမဝင်မီ ည ၁၁၊ ၁၂ အချိန်အထိ အချိန်ကုန်ရသည်။

တစ်ရက်မဟုတ်၊ နှစ်ရက်မဟုတ်ရ လချီ ကြာလာပြီ။

တစ်ခါတစ်ရံ ညနေခင်းလမ်းလျှောက် ထွက်သည့် အချိန်ကလေးပင် အိမ်စာများ အကြား စတေးလိုက်ရသော ရက်များ လည်း ရှိသည်။ လူအချင်းချင်းလည်း အင်တာနက်မှ မြင်ရသည့် ပုံရိပ်ယောင် ကမ္ဘာလေးထဲတွင်သာ တွေ့ရမြင်ရ ပြောရ ဆိုရနှင့် ကျေနပ်နေရသည်။ အလုပ်ဖြစ် နေရသည်။ ဒါသည်ပင်လျှင် ကျွန်တော့် အဖို့ ပုံမှန်ဖြစ်လာလေသော အသစ်များ (New normal) လား မပြောတတ်။ သည် ပုံမှန်အသစ်ကား ကိုဗစ်အကျဉ်းသား ဘ၀၊ နေအိမ်အကျယ်ချုပ်ကျနေသည်နှင့် မခြားနားလှဟု ခံစားမိ၏။

နေ့တိုင်းနီးပါး မြန်မာပြည်ကို လွမ်းမိပါသည်။ အထူးသဖြင့် ထားဝယ် နှင့် မွေးရပ်ကို လွမ်း၏။ မြန်မာပြည် ကိုဗစ်အခြေအနေကိုလည်း နေ့တိုင်း နားစွင့်နေမိသည်။ ယခု မြန်မာတွင် ကိုဗစ်ကူးစက်ခံရသူများ တရိပ်ရိပ်တက် လာနေသည့် အချိန်တွင် ဤနယူးဇီလန် တွင်တော့ ကူးစက်နှုန်းကျလာပြီမို့ လော့ခ်ဒေါင်းဖွင့်ပြီးပေပြီ။ သို့သော်လည်း တက္ကသီလာများနှင့် စာသင်ကျောင်း အများစု ပိတ်ထားဆဲ။ ပိတ်ထားသည်ဆို ပေမဲ့ အားလုံးက Online မှ အတန်းများ ပုံမှန်ဖွင့်နေသည်သာ။

ရောဂါထိန်းချုပ်ပုံနှင့် ပတ်သက်၍ တစ်ခု သတိထားမိသည်မှာ ကျွန်တော် တို့နိုင်ငံတွင် နှာခေါင်းစည်း (Mask)တပ်ဖို့၊ ပိုးသတ်ဆေးဖျန်းဖို့ အားသန် သလောက် နယူးဇီလန်တွင် အစိုးရက နှာခေါင်းစည်းကိစ္စ ဘာမှမှတ်ချက်မပြု။ တပ်ဖို့လည်း မတိုက်တွန်းပေ။ လူအများစု မှာလည်း အပြင်ထွက်လျှင် နှာခေါင်းစည်း မတပ်ကြပါ။ ပိုးသတ်ဆေးလိုက်ဖျန်း သည်ကိုလည်း တွေ့ရခဲဘိခြင်း။

သို့သော်လည်း အထက်တွင် ဆိုခဲ့သလို သည်က ခပ်ခွာခွာနေခြင်းကို တော့ လူအများစု အလေးဂရုပြုကြ ပါသည်။ ဤသည်ကလည်း ကာလဒေသ အလိုက် မတူကွဲပြားမှုဟု ထင်ပါသည်။

သည်နယူးဇီလန်က စက်အင်အား၊ လူအင်အား၊ ဓနအင်အား ပြည်စုံကာ တစ်ရက်လျှင် လူပေါင်း ခြောက်ထောင်၊ ခုနစ်ထောင်လောက်အထိ စစ်ဆေးကာ ကိုဗစ်ဗိုင်းရပ်စ် နောက်သို့ ခြေရာခံလိုက် နိုင်သည် တစ်ကြောင်း၊ လူဦးရေ ၅ သန်း ပင် မပြည့်သည့် ရေပတ်လည်ဝန်းရံ ကျွန်းနိုင်ငံလေးဖြစ်သည် တစ်ကြောင်း စသည် အကြောင်းအမျိုးမျိုးကြောင့် ယခုတော့ ရောဂါထိန်းချုပ်နိုင်သည့် အခြေအနေတွင် ရှိနေပါ၏။

ကျွန်တော်တို့ မြန်မာကျောင်းသား များ ဆုံမိလျှင် အိမ်ပြန်မည့် အကြောင်း၊ မြန်မာပြည်ပြန်မည့်အကြောင်း အမြဲလိုလို ပြောဖြစ်ကြသည်။ ဤသည်ကလည်း အိမ်လွမ်းစိတ်အခံ ကိုယ်စီရှိနေကြ၍ ထင်သည်။ သည်မှာရာသီဥတုကလည်း ပို၍အေးစိမ့်လာသည်။ သည်တော့ ရာသီဥတု ပူနွေးသော မွေးရပ်ကို သတိရ ကြသည်။ သည်မှာ အသားတွေ ပေါသ လောက် ဟင်းသီးဟင်းရွက် မစုံလှသမို့ မြန်မာပြည်က ဒေသထွက် ဟင်းသီးဟင်း ရွက်များကို အောက်မေ့တမ်းတကြပါ သည်။ ကျွန်တော့်အဖို့တော့ မနက်တိုင်း စားလေ့ရှိသည့် ထားဝယ်မုဟန်းခါးနှင့် ညနေတိုင်းလိုလို စားဖြစ်သည့် မုလတ် သောက်များကို လွမ်းဆွတ်တမ်းတ တသသ ဖြစ်ရသည်။

အို … အိမ်ပြန်ရက်များ မြန်မြန်နီးပါ စေတော့။

ဝေယံထွဏ်း