ကိုဗစ် အသုဘ

0
357
ကိုဗစ် ဒုတိယ လှိုင်း သတိရှိပါ

အသက် ၈၄ ကျော်ပြီဖြစ်သည့် ဒေါ်ကျင်လှ၏ အသုဘအခမ်းအနားကို တစ်ရက်တည်းထားကာ သင်္ဂြိုဟ်လိုက် သဖြင့် တူဖြစ်သူဦးဝင်းကြိုင် စိတ်မကောင်းလှ။

ဦးဝင်းကြိုင်တို့နေထိုင်သည့် သရက် ချောင်းမြို့နယ် သရက်နှစ်ခွကျေးရွာ၏ ထုံးစံအရဆိုလျှင် ယခုကဲ့သို့ သက်ကြီး ဝါကြီးတို့ သေဆုံးလျှင် အနည်းဆုံး ၃ ရက်ခန့်တော့ ထားကြသည်။ အဝေး ရောက် သားသမီး မြေးမြစ်များကို လူစုံ အောင် စောင့်ကြသည်။ ရပ်နီးရပ်ဝေးမှ ဆွေမျိုးမိတ်ဆွေများကို အကြောင်းကြား မှာခေါ်ကြသည်။

ယခုမူ ဒေါ်ကျင်လှ၏ သားများကို မှာခေါ်စောင့်ဆိုင်းရန် အသာထား၊ တနင်္သာရီမြို့နယ်မှ ဆွေမျိုးများကိုပင် လာရောက်ရန် မဖိတ်ကြားနိုင်ခဲ့။

“အခုကတော့ တစ်ရက်ပဲ ထားပြီး သင်္ဂြိုဟ်လိုက်တယ်။ ထားထားလည်း ဘာထူးမလဲ၊ လာလို့လည်း မရကြဘဲ ကိုး။ ကိုယ့်မိသားစုနဲ့ ရွာထဲက အသိ မိတ်ဆွေတွေလောက်ပဲ လာကြတယ်။ အသုဘချပြီးတာနဲ့ ပြန်ကြတာပဲ”ဟု ဦးဝင်းကြိုင်က ပြောသည်။

တစ်ချိန်ကဆိုလျှင် ၇ ရက် ရက်လည် ဆွမ်းကျွေးသည်အထိ လူစည်နေပါလိမ့်မည်။

ကာလသားနှင့် ဝါသနာရှင်တို့က အသုဘအိမ် ညအိပ်စောင့်ရင်း အပျော်တမ်း ဖဲဆော့ကြ၊ စကားစမြည် ပြောကြ လိမ့်မည်။

ယခုမူ ရက်လည်ဆွမ်းအလှူဖိတ်စာ ပင် မရိုက်ဖြစ်တော့။

လူလာနည်း သည်နှင့်အမျှ အသုဘ အကူငွေ လည်း အရနည်းသွားသည်။

“အရင်ကဆိုရင်တော့ အလှူငွေနဲ့ မသာစရိတ် ကြေတယ်။ အခုချိန်မှာက တော့ အဆင်မပြေဘူးပေါ့နော်။ ဆွမ်းကျွေး တာတောင် ခါတိုင်းဆိုရင် တစ်ရွာလုံးပဲ လာကြတယ်။ အခုတော့ ကိုယ့်မိသားစုနဲ့ ကိုယ် ဆယ့်လေး ငါးယောက်လောက်ပဲ ရှိတယ်”ဟု ဦးဝင်ကြိုင်က ပြောသည်။

ယင်းသည် ကိုဗစ်ကပ်ဘေးကာလ အသုဘအခမ်းအနားတစ်ခု၏ ထူးခြားမှု များ ဖြစ်ပါသည်။
မြိတ်ဒေသတွင်လည်း ကိုဗစ်ကပ် ဘေးမဖြစ်မီက အသုဘတစ်ခု ဖြစ်လျှင် အနည်းဆုံး သုံးရက်မှ ခုနှစ်ရက်အထိ ထားပြီး အကျွေးအမွေးများဖြင့် လာသူ များအား ဧည့်ခံသည်။

ညဖက်တွင် အသုဘအလောင်း စောင့်ရင်း အပျော်တမ်းဖဲရိုက်ခြင်း၊ ကြွေအံ ကစားခြင်းများကို မိုးလင်းသည် အထိ ပြုလုပ်ကြသည်။

ယခုမူ ကိုဗစ်ကြောင့် အသုဘ အိမ်တွင် မိသားစုမှလွဲ၍ ဆွေမျိုးများပင် ညအိပ်ခွင့်မပြုတော့။
မြိတ်မြို့ မြို့သစ် ၃ ရပ်ကွက်မှ ဒေါ်အေးအေးမူဖခင်၏ အသုဘကိုလည်း သေဆုံးပြီးသည်နှင့် နောက်တစ်ရက်တွင် သင်္ဂြိုဟ်လိုက်ရသည်။

“မဏ္ဍပ်တောင်ဆောက်လို့ မရတော့ ဘူး။ ကိုဗစ်ကာလအတွင်း အဖေဆုံးတော့ အိမ်ထဲမှာ ဒီအတိုင်းသိပ်ခဲ့ရတယ်။ မနက် အသုဘချချိန်လည်း မိသားစုက လွဲပြီး ဆွေမျိုးတွေတောင် လိုက်ခွင့်မရ တော့ဘူး”ဟု ဒေါ်အေးအေးမူက ပြောသည်။

ရပ်ရွာအတွင်း တစ်ဦးဦး သေဆုံးသည် နှင့် အသုဘအိမ် ပြင်ဆင်ရေးမှအစ မီးသင်္ဂြိုဟ်ရေးအဆုံး အလောင်း မြေကျ သည်အထိ ပြင်ဆင်ပေးကြသော ရပ်ရွာ နာရေးကူညီမှုအသင်းများကလည်း ယခု ကာလတွင်း အသုဘအခန်းအနားကို အစိုးရနှင့် ကျန်းမာရေးဌာနမှ ထုတ်ပြန် ထားသည်များနှင့်အညီ ဆောင်ရွက်နိုင် ရန် ကြိုတင် ပြင်ဆင် စီမံထားကြရသည်။

ထားဝယ်နာရေးကူညီမှုအသင်း တွင်ဆိုလျှင် လိုအပ်လျှင်အဆင်သင့် ဖြစ်စေရန် ရောဂါကာကွယ်ရေးဝတ်စုံ (PPE) များကိုပင် ကြိုပြင်ထားရကြောင်း အသင်းဥက္ကဋ္ဌ ဦးအောင်စိန်က ပြော သည်။

လူစုလူဝေးသဏ္ဍာန် ဖြစ်ရန်မှာ အသုဘ တစ်ခုချင်းဆိုက မပူရပါ။

“အရင်တုန်းကဆိုရင်တော့ သုံးဘီး တွေနဲ့အပြည့်၊ ဟိုက်ဂျက်ကားတွေနဲ့ အပြည့် အသုဘပို့တာမျိုးရှိတယ်။ အခု တော့ နှစ်ယောက်၊ သုံးယောက်အဲလောက် ပဲတင်ပြီး သွားနေကြတာမျိုးတော့ တွေ့ရတယ်”ဟု ဦးအောင်စိန်က ပြောသည်။

သို့သော် အသုဘ သုံးလေးခုအပြိုင် မီးသင်္ဂြိုဟ်ရန်ရှိပါက တစ်ပြိုင်တည်း မဖြစ်ရန် အချိန်ခွဲသင်္ဂြိုဟ်နိုင်ရေး အသုဘချ ချိန်ကို ညှိနှိုင်းသတ်မှတ်ပေးရလေသည်။ အသုဘပို့သူများ နှာခေါင်းစည်းတွေ တပ်ရန် ဆော်ဩကြရသည်။ သင်္ချိုင်းတွင် လက်ဆေးခွက်များ ထားပေးပြီး လက်ဆေးရန်လည်း ဆော်ဩရသည်။

ယင်းသို့ လုပ်ဆောင်ရာတွင်လည်း နေ့စဉ် အဆင်ချောနေသည်မျိုး မဟုတ်ပါ။

“လူစု၊ လူဝေးတွေ အတတ်နိုင်ဆုံး မဖြစ်အောင်၊ နှာခေါင်းစည်းတွေတပ် အောင် ဆော်ဩတဲ့နေရာမှာ တချို့ ပြောလို့ရတဲ့သူတွေရှိသလို ပြောလို့မရတဲ့သူတွေလည်းရှိတာပေါ့လေ။ ဦးတို့ ကလည်း အတင်းအကျပ်ပြောလို့ လည်း မရဘူးလေ။ ပရဟိတလုပ်နေတာဆိုတော့ လူတစ်ယောက်ကို မေတ္တာပျက်အောင် ပြောလို့မရတဲ့ အနေအထားလည်းရှိတယ်”ဟု ဦးအောင်စိန်က ပြောသည်။

ဟုတ်နိုင်ပါသည်။ သင်္ချိုင်းသို့ အသုဘ ပို့ဆောင်သူတို့ကလည်း လူအမျိုး မျိုးစိတ်အထွေထွေ၊ ကိုယ့်အပူကိုယ့် သောကနှင့်ကိုယ် ရှိကြပါလိမ့်မည်။

ကိုဗစ်ကပ်ကာလသည် အရာရာကို ကမောက်ကမဖြစ်စေခဲ့သည်။

သို့သော် ကိုဗစ်ကာလက လူ့အလွှာ အသီးသီးကို တန်းညှိပေးသည့်ကာလဟု မြင်သူတို့လည်း ရှိနေသည်။

သူတို့အမြင်က အသုဘ အခမ်း အနားမျိုးတွင် အထူးသဖြင့် ပိုသိသာစေသည်။

ယခင်က အသုဘတစ်ခု မြေချလျှင် ယာဉ်တန်း အရှည်အတို၊ လိုက်ပို့သူတို့၏ ကားအမျိုးအစား၊ ဝတ်စားဆင်ယင်မှု စသဖြင့် လိုက်ပါပို့ဆောင်သူတို့၏ အခြေ အနေ၊ ကြည့်ကာ သေသူ၏ ဂုဏ်ဒြပ်ကို ခန့်မှန်းနိုင်ကြသည်။

ယခု ကိုဗစ်ကာလတွင်မူ ထိုသို့ မခန့်မှန်းနိုင်တော့။ အားလုံး တန်းတူဖြစ် လာသည်ဟု မြင်သူတို့ ရှိလာသည်။

“အခုချိန်မှာက ဘယ်လောက်ပဲ ဆင်းရဲဆင်းရဲ၊ ဘယ်လောက်ပဲ ချမ်းသာ ချမ်းသာ ဂုဏ်တွေပကာသနတွေပြဖို့ အသုံးမဝင်တော့ဘူး။ သေရင်ကားတစ်စီးနဲ့ လူငါးယောက်ပဲ”ဟု မြိတ်မြို့မှ ကိုသက်နိုင်က ဆိုလေသည်။

တနင်္သာရီသတင်းအဖွဲ့