ရော်ဘာအရနည်း၊ ဈေးထက်ဝက် နီးပါးကျ

0
348

ယခုနှစ်တွင်မြိတ်ရှိ ရော်ဘာများအရနည်းပြီးဈေးနှုန်းများလည်း ထက်ဝက်နီးပါးကျဆင်းနေကြောင်း ရော်ဘာစိုက်တောင်သူများနှင့် ရော်ဘာအဝယ်ဒိုင်အချို့ထံမှ သိရသည်။


ကိုဗစ်နိုင်တင်းမဖြစ်မီက မှိုင်းခံရော်ဘာအပြား တစ်ပိဿာကျပ်၂၇၀ဝ အထိဈေးပေါက်ခဲ့ပြီး ယခုလတွင်ကျပ် ၁၈၀ဝ သာပေါက်ဈေးရှိတော့ကြောင်း မြိတ်မြို့၊ ကမ်းနားလမ်းရှိရော်ဘာအဝယ် ဒိုင်ပိုင်ရှင်ဦးဖိုးကျော်က ပြောသည်။


“ပြီးခဲ့တဲ့နှစ်ကထက် ရော်ဘာအထွက်နှုန်းနည်းလာသလိုဈေးကလည်း တော်တော်ကျဆင်းသွားတယ်” ဟု ၎င်းက ပြောသည်။


ယခင်နှစ်ထက် ယခုနှစ်နွေရာသီ အပူချိန်ပိုများလာပြီးရော်ဘာ အထွက်နှုန်းကျဆင်းကာ ကိုရိုနာဗိုင်းရပ်စ်ဂယက်ကြောင့် ဈေးနှုန်းများလည်းကျဆင်းခဲ့ရကြောင်း မြိတ်မြို့နယ်၊ ရွှေဒူးရွာရှိရော်ဘာ စိုက်တောင်သူကိုကျော်နိုင်က ဆိုသည်။


“အစေးကလည်းလျော့၊ ဈေးက လည်းကျသွားတယ်ဆိုတော့ ငွေကြေးအားဖြင့် ထက်ဝက်လောက်ကွာသွားတာပေါ့” ဟု ၎င်းက ပြောသည်။


ပြီးခဲ့သည့်နှစ်က တစ်ညလျှင် ရော်ဘာအရည် ၁၅ ဂါလံဝင်နှစ်ပုံးခန့်ရနေရာမှ ယခုနှစ်တွင်တစ်ပုံးကျော်ကျော်သာ ရရှိတော့ကြောင်းကိုကျော်နိုင်က ပြောပြသည်။


ယင်းအပြင်ည၁၀နာရီမှနံနက် ၄ နာရီအတွင်း ညမထွက်ရဒေသန္တရအမိန့်ကြောင့် ရော်ဘာစိုက်တောင်သူများအတွက် ရော်ဘာအစေးခြစ်ချိန်နည်းပါးလာကြောင်း ရော်ဘာစိုက်တောင်သူများက ပြောပြသည်။


“လေးနာရီခွဲလောက်မှ စခြစ်ရတယ်ဆိုတော့ အားလုံးကုန်အောင်ခြစ်ဖို့ အချိန်ကမရတော့ဘူး။ ပြီးတော့ နေထွက်လာရင်လည်းရော်ဘာအစေးက မထွက်တော့ဘူး” ဟု မြိတ်မြို့၊ ရွှေပေးရွာမှ ရော်ဘာစိုက်တောင်သူတစ်ဦးက ပြောသည်။


ပုံမှန်ရော်ဘာစေး စခြစ်ချိန်သည် နံနက် ၂နာရီမှ ၈နာရီအတွင်းဖြစ်ပြီး နေမြင့်လာသည့်အချိန်တွင် ရော်ဘာစေးမထွက်တော့ကြောင်း ၎င်းက ရှင်းပြသည်။


ရော်ဘာခြံနှင့်နီးကပ်သည့် ရွာတွင်နေထိုင်သူများအနေဖြင့်မူ ညမထွက်ရအချိန်နှင့် ပတ်သက်သည့်အခက်အခဲများ များစွာမရှိကြောင်း ရော်ဘာစိုက်တောင်သူအချို့ထံမှ သိရသည်။

ကိုဆန်း