အမတ်လောင်းများကို စိန်ခေါ်သည်

ကိုဗစ်ဒုတိယလှိုင်းကာကွယ်ရေး စည်းကမ်းတင်းကြပ်ချက်များ

“တိုင်းအတွင်း ၂၀၂၀ မှာ ရွေးကောက် ပွဲဝင်လိုတဲ့ အမတ်လောင်းတွေကို စိန်ခေါ် ပါတယ်။ မဲပေးရမယ့် ပြည်သူတစ်ယောက် အနေနဲ့ သိလိုတာတွေ၊ လွှတ်တော် ဒါမှ မဟုတ် အစိုးရအဖွဲ့ထဲ ရောက်သွားရင် ပြည်သူတွေအတွက် လုပ်ဆောင်နိုင်မှာ တွေနဲ့ ပတ်သက်ပြီး တနင်္သာရီတိုင်းကနေ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော် နဲ့ တိုင်းဒေသကြီးလွှတ်တော်တွေအတွက် ဝင်အရွေးခံကြမဟဲ့ ဆိုတဲ့ ကိုယ်စားလှယ် လောင်းတွေကို စင်ပေါ်မှာ စကားစစ်ထိုးပွဲ လုပ်ဖို့ စိန်ခေါ်လိုပါတယ်။”

ပြီးခဲ့တဲ့အပတ်က လူမှုကွန်ရက် ဖေ့စ်ဘုတ်စာမျက်နှာမှာ အထက်ပါ စာလေးရေးမိတော့ အတော်များများ စိတ်ဝင်စားကြတာ တွေ့ရတယ်။ ဒီလို စကားစစ်ထိုးပွဲမျိုး လုပ်သင့်တယ်၊ ထောက်ခံတယ်ဆိုပြီး ပြန်လည်မျှဝေသူ တွေ၊ မှတ်ချက်ပြုသူတွေ နှစ်ရာကျော် ရှိခဲ့တယ်။

လူမှုကွန်ရက်မှာ ပေါ့ပေါ့ ပါးပါးရေးတာဖြစ်ပေမယ့် ဒါက လူထုဟာ ၂၀၁၅ တုန်းက သူတို့ ရွေးချယ်လိုက်တဲ့ ကိုယ်စားလှယ်တွေကို အားမလိုအားမရ ဖြစ်တာတွေ၊ မေးခွန်းထုတ်လိုတာတွေ၊ ဒီလိုလူတွေဆိုရင်တော့ မဲပေးဖို့ ပြန်စဉ်း စားရတော့မယ်ဆိုတာတွေကို တစ်နည်း တစ်ဖုံ ပြလိုက်တယ်လို့လည်း ယူလိုက ယူလို့ရနိုင်ပါတယ်။ ပိုပြီးအနှစ်သာရရှိတဲ့ နည်းလမ်းတွေသုံးပြီး လက်ရှိ လွှတ်တော် အမတ်တွေနဲ့ အစိုးရအဖွဲ့ထဲရောက်သွား တဲ့ လူထုကိုယ်စားလှယ်တွေအပေါ် လူထု သဘောထား ကောက်ခံမယ်ဆိုရင်လည်း ထောက်ခံမှုတွေ ကျဆင်းနေပြီး မေးခွန်း ထုတ်စရာ များစွာရှိနေမယ်ဆိုတာက လည်း မြေကြီးလက်ခတ်မလွဲပါပဲ။

ဒီမိုကရေစီစနစ်မှာ အမတ်တွေ၊ အစိုးရဝန်မင်းတွေ ဝေဖန်ခံရတယ် ဆိုတာကတော့ ထမင်းစားရေသောက် ကိစ္စပါ။ ဘာမှ အထူးအထွေ ပြောနေ ဖို့မလို။ သို့သော်လည်း တနင်္သာရီတိုင်းလို ထူးခြားတဲ့ နိုင်ငံရေးအခင်းအကျင်းရှိတဲ့ မဲဆန္ဒနယ်တွေမှာတော့ ဒါဟာ အထူး အထွေပြောရမယ့် ကိစ္စဖြစ်လာပါတယ်။

အကြောင်းက ရှင်းပါတယ်။ ကျွန်တော် တို့တိုင်းမှာ ရွေးချယ်စရာ နိုင်ငံရေးပါတီ သိပ်ရှားလို့ပဲ ဖြစ်ပါတယ်။ ဒီလိုရှားတယ် လို့ပြောတာက နိုင်ငံရေးပါတီ အရေ အတွက်ကို ဆိုလိုတာ မဟုတ်ပါဘူး။ လူထုကို အမှန်တကယ်ကိုယ်စားပြုပြီး လူထုလိုအပ်ချက်ကို ဖြည့်ဆည်းဆောင် ရွက်ပေးနိုင်မယ့်၊ တိုင်းရဲ့ အရေးကိစ္စတွေ ကို ကျွမ်းကျင်နှံ့စပ်ပြီး ပြည်ထောင်စု နဲ့ ဆက်သွယ်ဆောင်ရွက်ရာမှာ လူထုမျက်နှာ ကို ကြည့်မယ့် နိုင်ငံရေးပါတီမျိုးကို ဆိုလို တာပါ။

နောက်တစ်ခုက ကျွန်တော်တို့တိုင်း ရဲ့ လွှတ်တော်၊ အစိုးရအဖွဲ့ထဲမှာ အတိုက် အခံနိုင်ငံရေးပါတီက ကိုယ်စားလှယ်တွေ တစ်ယောက်မှ မရှိတာကလည်း အားနည်း တဲ့ နိုင်ငံရေးအခင်းအကျင်း ဖြစ်နေတယ် ဆိုတာကို သတိချပ်ရပါမယ်။ အစိုးရ၊ လွှတ်တော်တွေကို တာဝန်ယူ တာဝန်ခံမှုရှိ ဖို့၊ အပြန်အလှန်ထိန်းကျောင်းနိုင်ဖို့ ဆိုတဲ့ နေရာမှာ အတိုက်အခံနိုင်ငံရေး အင်အား စုတွေက အသက်တမျှ အရေးပါတယ် ဆိုတာကို အားလုံးသဘောပေါက်ပြီး ဖြစ်ကြပါလိမ့်မယ်။ မဟုတ်လို့ကတော့ အစိုးရ၊ လွှတ်တော် ဘာလုပ်လုပ် အားလုံး ကောင်းပါသည်ခင်ဗျားဆိုရင်တော့ နိုင်ငံရေး မှာ ကိုယ်ကျိုးနည်းရပါလိမ့်မယ်။

ပြီးခဲ့တဲ့ ၂၀၁၅ ရွေးကောက်ပွဲမှာ တိုင်းသူတိုင်းသားအားလုံးနီးပါးဟာ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ကိုယ်စား လှယ်တွေကို ရွေးချယ်ပေးခဲ့ကြပြီး ဖြစ်ပါ တယ်။ ကျွန်တော်လည်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ရွေးကောက်ပွဲ ဆောင်ပုဒ်ဖြစ်တဲ့ “လူကိုမကြည့် ပါတီကို ကြည့်”မူကို ထောက်ခံအားပေးပြီး ရွေးကောက်ပွဲနေ့မှာ မဲထည့်ခဲ့တာပါ။

အခု အချိန် ငါးနှစ်နီးပါးကြာသွားပြီး နောက်ထပ် ရွေးကောက်ပွဲပြန်လည်ကျင်းပ တော့မယ့် ကာလကို မကြာမီ ရောက်လာ ပါတော့မယ်။ ကိုရိုနာဗိုင်းရပ်စ်အရေး ကြောင့် မတည်ငြိမ်မှုတွေ ဖြစ်နေပေမယ့် ၂၀၂၀ ခုနှစ်အတွင်း ရွေးကောက်ပွဲတွေ ကျင်းပမယ်လို့ ပြည်ထောင်စု ရွေးကောက် ပွဲကော်မရှင်ကလည်း ပြောဆိုထားပါတယ်။

ဒီအချိန်မှာ တိုင်းအတွင်း အသံဆူ လာတာက အမတ်တွေနဲ့အစိုးရအဖွဲ့ထဲက လူထုရွေးကောက်ခံ ကိုယ်စားလှယ်တွေရဲ့ အရည်အချင်းနဲ့ စွမ်းရည်သတ္တိကိစ္စ ဖြစ် ပါတယ်။

ဆိုခဲ့ပြီးသလို ၂၀၁၅ မှာတုန်းက တော့ ဘယ်သူပြိုင်ပြိုင် မေမေနိုင်ရင် ပြီးရောဆိုပြီး ကျွန်တော်တို့ လုပ်ခဲ့ကြပြီး ပါပြီ။ ဒေါ်အောင်ဆန်းစုကြည်ကြောင့်သာ မဟုတ်ရင် လက်ရှိ တိုင်းကနေ လွှတ်တော် အသီးသီးထဲ၊ အစိုးရအဖွဲ့ထဲ ရောက်နေတဲ့ အမတ်တွေကို ဘယ်နယောက်မဲထည့်မလဲ ဆိုတာက ကြီးမားတဲ့မေးခွန်း ဖြစ်ပါတယ်။ ဒါကို ကျွန်တော်တို့ တိုင်းသူတိုင်းသားတွေ အားလုံး ဖြေကြရဖို့အချိန်ဟာ ပြန်လည် နီးကပ်လာပြန်ပါပြီ။

ဒီလိုပြောလို့ လက်ရှိ ကိုယ်စားလှယ် တွေ အစိုးရဝန်ကြီးတွေ သုံးစားမရဘူးလို့လည်း မဆိုလိုပါဘူး။ အချို့လူထု ကိုယ်စားလှယ်တွေ (အစိုးရ၊ လွှတ်တော်) အိပ်ပျော်နေပေမယ့် အချို့အမတ်တွေ တက်တက်ကြွကြွပါ။ ဒါကို ကိုဗစ်ကာလ မှာ ရှင်းရှင်းလင်းလင်း ပိုတွေ့လာရပါတယ်။

ကိုယ်စားလှယ်တချို့ သက်ဆိုင်ရာ မဲဆန္ဒ နယ်မြေတွေမှာ အရပ်ဘက်အဖွဲ့တွေ၊ စေတနာ့ဝန်ထမ်းအဖွဲ့တွေနဲ့ စိတ်အား တက်ဖွယ် ပူးပေါင်းဆောင်ရွက်နေပေမယ့် တချို့ အမတ်တွေကတော့ ပျောက်ချင်း မလှ ပျောက်နေကြလေရဲ့။

ကိုဗစ်မပြန့်ဖို့ စတေးဟုမ်း (အိမ်မှာပဲနေ) နေပေးနေ ကြတယ်လို့ပဲ အကောင်းဘက်က မှတ်ယူ ပါတယ်။ ဒီလိုပြောလို့ အားလုံးအပြင် ထွက် လုပ်ကြရမယ်လို့လည်း မဆိုလိုပါ။ လုပ်သင့်လုပ်ထိုက်တဲ့အလုပ်ကို လုပ်ရ မယ့်အချိန်မှာ ချင့်ချင့်ချိန်ချိန် လုပ်ရဖို့ ဖြစ်ပါတယ်။

ကိုဗစ်ကာလမှာ လိုအပ်ရင် လူစုခွဲပြီး ကိုယ့်တာဝန်ကို ယူကြဖို့ ဖြစ်ပါ တယ်။ သာမန် အချိန်ဖွင့်ပွဲတွေ တက်သလို အုပ်စုလိုက်ကြီး ချီတက်နေ တာတွေ တွေ့ရတော့ စိတ်ထဲမကောင်းလှ။

အစိုးရအဖွဲ့ရဲ့ ကိုဗစ်ကိုင်တွယ်ပုံ ကတော့ လူပြောများစရာဖြစ်နေတာ အားလုံးသိပြီး ဖြစ်ပါလိမ့်မယ်။ အထူး သဖြင့် ပြီးခဲ့တဲ့အပတ်က နိုင်ငံတော် အတိုင်ပင်ခံနဲ့ မွန်၊ ကရင်၊ တနင်္သာရီက ဝန်ကြီးချုပ်တွေ ဗွီဒီယိုဆွေးနွေးပွဲမှာ တိုင်းဝန်ကြီးချုပ် တင်ပြတဲ့အချက်တွေဟာ မြေပြင်မှာ ဖြစ်ပျက်နေတာတွေနဲ့ ကွဲလွဲ နေတာ၊ ပြည်တော်ပြန်တွေအရေးဆွေး နွေးမှုမှာ လက်တွေ့ လိုအပ်ချက်တွေ တင်ပြဆွေးနွေးမှု အားနည်းတာတွေနဲ့ ပတ်သက်ပြီး နိုင်ငံရေးတက်ကြွလှုပ်ရှား သူတွေအကြား ဝေဖန်မှုတွေ မြင့်တက်နေ ခဲ့တာ ဖြစ်ပါတယ်။

သို့သော်ငြားလည်း ဒီမိုကရေစီစနစ် ကို ထူထောင်ကြတဲ့နေရာမှာ လူထုဟာ ရွေးကောက်ပွဲမှာ သူတို့ မဲပေးရွေးချယ် ထားတဲ့ အစိုးရကို ဝေဖန်တာ၊ ထောက်ပြ တာ၊ အားမလိုအားမရဖြစ်တာတွေက အထက်မှာ ဆိုခဲ့ပြီးသလို ထူးခြားတဲ့ ဖြစ်စဉ်တော့ ဟုတ်မနေပါဘူး။ လူထုအသံ နားထောင်၊ လူထုအကြံဥာဏ်ယူ၊ အကောင်းဆုံးဖြစ်အောင် ဆုံးဖြတ်လုပ် ဆောင်ဖို့ပါ။ ကောင်းတာ လုပ်နေတာပဲ၊ မှားရင်လည်း စေတနာအမှားပဲ ဆိုတာမျိုး က ရပ်ကွက်ထဲမှာ ပရဟိတလုပ်နေတာ မျိုးဆိုရင်တော့ ပြဿနာ သိပ်မကြီးလှပါ။

နိုင်ငံရေးတာဝန်ယူထားသူတွေအနေနဲ့ကတော့ အထူးသတိထားရမယ့်ကိစ္စ ဖြစ် ပါတယ်။
နောက်ထပ် အရေးကြီးတာတစ်ခု ကတော့ ဝေဖန်ထောက်ပြမှုတွေကို ရန်လို အငြိုးထား တာပါ။”စစ်တပ်အုပ်ချုပ်တုန်း က ခုလိုပြောရဲကြလို့လား”၊ “နင်တို့အဘ တွေ လုပ်တုန်းက ဘာဆို့ထားလို့ မပြော ရဲကြတာလဲ”၊ “အရင်အစိုးရ မဟုတ်တာ လုပ်ထားခဲ့တာလေ၊ ခုက လူထုအစိုးရမို့ ပြောလို့ရလို့ ဇွတ်မပြောကြနဲ့”၊ “ခြေဥကြောင့် ဘာမှလုပ်လို့ မရဘူးဆိုတာ နားမလည်ဘူးလား” စတဲ့ စတဲ့ တုံ့ပြန် မှုတွေဟာ ဒီမိုကရေစီပြုပြင်ပြောင်းလဲမှု လုပ်ပါမယ်ဆိုတဲ့သူတွေဆီက ထွက်လာ ရင် အင်မတန် အရုပ်ဆိုးပါတယ်။

လူထုလိုအပ်ချက်ဆိုတဲ့ နေရာမှာ လျှပ်စစ်ကိစ္စဟာ တနင်္သာရီတိုင်းအတွက် အထူးခြားဆုံး ဥပမာ ပေးစရာ ဖြစ်ပါ တယ်။ ကိုဗစ်ကြောင့် လျှပ်စစ်မီးယူနစ် ၁၅၀ ကင်းလွတ်ခွင့်မှာ မပါခဲ့တဲ့ တနင်္သာရီတိုင်းသူတိုင်းသားတွေဟာ ပြည်ထောင်စုနဲ့ တိုင်းအစိုးရအကြားက ပြည်ထောင်စု စနစ်ကို အကောင်အထည် ဖော်ကြပုံကို သံသယဖြစ်ဖွယ် ခံစားလာရတယ်။ တိုင်းအစိုးရအဖွဲ့က မီတာခ ကုန်ကျစရိတ်တွေကို ပြည်ထောင်စုမှာ တင်တောင်းခဲ့တာ၊ လုပ်ငန်းရှင်တွေကို လျှော့ပေါ့ပေးဖို့ မေတ္တာရပ်ခံခဲ့တာတွေ ကတော့ ကျေးဇူးတင် အသိအမှတ်ပြုရမှာပဲ ဖြစ်တယ်။ ဒါပေမယ့် လူထုဟာ မီတာခ ကင်းလွတ်ခွင့်မှာ ငွေကြေးကိစ္စကို ပြောဆို နေတာမဟုတ်ဘဲ “ပြည်ထောင်စု” ဆိုတဲ့ ခေါင်းစဉ်အောက်က “နိုင်ငံသားအချင်းချင်း အခွင့်အရေး တန်းတူရမှ” “ခွဲခြား ဆက်ဆံမခံရမှု”ဆိုတာတွေကို ဇောင်းပေး ဆွေးနွေးနေတယ်ဆိုတဲ့ အခြေခံယူဆချက် ကိုလည်း သဘောပေါက်ထားဖို့ လိုပါ သေးတယ်။

တိုင်းအစိုးရဘတ်ဂျက်ထဲက မီတာ တစ်လုံး (ပုဂ္ဂလိကမီတာ၊ ဌာနမီတာ ပြဿနာရှိသေးတယ်)ကို ကျပ်ငါးထောင် ထောက်ပံ့နိုင်ဖို့ စီစဉ်နေတာတွေ့ရတော့ ဒီလျှပ်စစ်ကိစ္စ တိုင်းအနေနဲ့ ဘယ်လောက် ဗျာများရသလဲဆိုတာ ကောင်းကောင်း ကိုယ်ချင်းစာ ကြည့်လို့ရပါတယ်။ တိုင်း အတွင်း အခြေအနေတွေ ရှုပ်ထွေးနေတုန်း မှာပဲ ပြည်ထောင်စုက ပြည်သူတွေကို မေလအတွက် နောက်ထပ် လျှပ်စစ် ၇၅ ယူနစ် အလကားသုံးခွင့်ပေးဖို့ ဆုံးဖြတ် လိုက်ပြန်ပါတယ်။

တိုင်းအစိုးရအတွက် ကတော့ တစ်ပူပေါ်နှစ်ပူဆင့်ပါပဲ။ “ရက်စက်ပါပေ့ ပြည်ထောင်စုရယ်”လို့ ဆိုရမလို ဖြစ်နေပါပြီ။

အစိုးရမင်းများနဲ့ လွှတ်တော် ကိုယ်စားလှယ်တွေဟာ လျှပ်စစ်မီးကိစ္စ အပါအဝင် တိုင်းအတွင်း အရေးကြီးတဲ့ ဆောင်ရွက်ဖွယ်တွေဖြစ်တဲ့ သတ္တုတူး ဖော်ရေး၊ ရေလုပ်ငန်း၊ ရာသီပေါ်သီးနှံ စိုက်ပျိုးရောင်းဝယ်ရေး၊ ခရီးသွားလုပ် ငန်း၊ ရွှေ့ပြောင်းအလုပ်သမားများအရေး၊ ရင်းနှီးမြှုပ်နှံမှုနဲ့ကုန်သွယ်ရေး အစရှိတဲ့ ပြည်သူလူထုနေ့စဉ်စားဝတ်နေရေးနဲ့ တိုက်ရိုက်ပတ်သက်နေတဲ့ ဆောင်ရွက် ဖွယ်တွေမှာ လုပ်သင့်သလောက် လုပ်ခဲ့ ကြပါရဲ့လားဆိုတာကတော့ မေးစရာ ကျန်နေပါသေးတယ်။

အထက်ပါ မေးခွန်းတွေဟာ လာမယ့် ၂၀၂၀ ရွေးကောက်ပွဲ ကျင်းပဖြစ်ခဲ့ရင် ဝင်ရောက်အရွေးခံကြမယ့် အမတ် လောင်းတွေအတွက် ရွေးကောက်ပွဲဝင်ခွင့် စာမေးပွဲ ဖြစ်သင့်ပါတယ်။ လက်ရှိ တိုင်းလွှတ်တော်မှာ အရေးကြီး တာဝန်ယူ ထားတဲ့ လွှတ်တော်ကိုယ်စားလှယ်တစ် ယောက်ပြောသလို “မဟာဓာတ်အားလိုင်း မရောက်သေးလို့ လျှပ်စစ်မီး မရသေးတာပါ”ဆိုတဲ့ အဖြေလောက်မျိုးက တနင်္သာရီ တိုင်းမှာ ကလေးကအစ ဖြေတတ်ပါ တယ်။ လျှပ်စစ်ကိစ္စမှာ တိုင်းအနေနဲ့ ထိုးဖောက်ပြီး ဆောင်ရွက်လို့ရနိုင်တဲ့ နည်းလမ်းများစွာ ရှိနေပါသေးတယ်။

“အခြေခံဥပဒေပြင်နိုင်ဖို့ …..ပါတီကို မဲပေးစို့” ဆိုတဲ့ ကြွေးကြော်သံ မျိုးနဲ့ကတော့ ဘယ်ပါတီမှ တက်မလာ ကြလောက် တော့ဘူးလို့တော့ ထင်ပါရဲ့။ စစ်တပ်က ၂၅ ရာခိုင်နှုန်းယူထားပြီး ပြင်ဖို့မဖြစ်နိုင်သလောက် နီးပါးဖြစ်နေ တဲ့ခြေဥကိစ္စကို အာဏာရလာမယ့် နိုင်ငံရေးပါတီတွေအနေနဲ့ ဗျူဟာပြောင်း ဖို့ စဉ်းစားထားကြပြီလားဆိုတာကတော့ မေးစရာ ကျန်ပါတယ်။ မဟုတ်လို့ ကတော့ “ဒီအတိုင်းပါပဲ … ဒီအတိုင်းပဲ” ဆက်ဖြစ်နေဦးမှာပါ။

သယံဇာတကိစ္စမှာကတော့ ပြော စရာ ပိုများပါတယ်။ ပြည်ထောင်စုက အားလုံးချုပ်ကိုင်ထားတဲ့ ပုလဲမွေးမြူရေး လိုလုပ်ငန်းမှာ တစ်နှစ်ကို ရန်ကုန်က ကုန်းကျော်တံတားတစ်စင်းဆောက်တဲ့ ကုန်ကျစရိတ်လောက်သာရတဲ့ ဝင်ငွေ ပမာဏနဲ့ တနင်္သာရီတိုင်းရဲ့ လူမှုအမွေ အနှစ်တွေဖြစ်တဲ့ ဆလုံ(မော်ကင်း) တိုင်း ရင်းသားတွေရဲ့ ဘ၀လုံခြုံမှုနဲ့ လဲလှယ်ခံ ရမယ့် အရေးကိစ္စတွေမှာ တိုင်းအစိုးရ အနေနဲ့၊ လူထုကိုယ်စားလှယ်တွေအနေနဲ့ ဘယ်လောက်အထိ ထဲထဲဝင်ဝင် ဆောင် ရွက်ထားပြီးပြီလဲ။

တစ်နိုင်ငံလုံးရဲ့ သယံဇာတတူးဖော်မှု ကရတဲ့ ဝင်ငွေရဲ့ လက်ငါးချောင်းမပြည့် တဲ့ရာခိုင်နှုန်းသာရတဲ့ သတ္တုတူးဖော်မှုလို မျိုး လုပ်ငန်းမှာ ပြောင်ပြောင်တင်းတင်း ဥပဒေ ချိုးဖောက်မှုတွေ၊ စည်းမျဉ်းစည်းကမ်း နဲ့မညီတဲ့ လုပ်ငန်းလည်ပတ်မှုတွေ၊ ပြန်ရ တဲ့ပိုက်ဆံနဲ့ နှိုင်းယှဉ်လိုက်ရင် အစားထိုး မရတော့ဘဲ ဆုံးရှုံးသွားတဲ့ မိုးသစ်တော တွေ၊ အဆိပ်သင့်သွားတဲ့ မြစ်ချောင်း အင်းအိုင်တွေ၊ စတေးခံလိုက်ရတဲ့ ဒေသခံ တွေရဲ့ ဘ၀တွေ စတဲ့ အကြောင်းကိစ္စ တွေကိုမှာ ဘယ်လောက်အထိ ဆွေးနွေးခဲ့ ကြပြီးပါပြီလဲ။

ခေါင်းပုံဖြတ်ခံနေရတဲ့ အလုပ်သမား တွေရဲ့ နေ့စွဲတွေအတွက် တန်တဲ့ လုပ်ခ လစာနဲ့ ဘေးကင်းပြီး ဂုဏ်သိက္ခာရှိတဲ့ လုပ်ငန်းခွင်တွေ ဖန်တီးရေး၊ ထိုင်း မြန်မာနယ်စပ် ပါချန်မြစ်ကြောင်း တစ်လျှောက် ကနေ မွန်ပြည်နယ်အစပ် ထားဝယ်မြစ်ဖျားပိုင်း အတိုင်း နယ်စပ် ဒေသတွေမှာ ဖြစ်ပေါ်နေတဲ့ တရားမဝင် သယံဇာတထုတ်ယူတဲ့လုပ်ငန်းတွေနဲ့ တောင်တန်းမှသည် ပင်လယ်ပြင်အထိ ကြီးစိုးနေတဲ့ မူယစ်ဆေးဝါးကိစ္စတွေ အတွက် ကုန်ခဲ့တဲ့ ၅ နှစ်မှာ ကိုယ်စားလှယ် တော်ကြီးတွေ ဘာတွေများ စွမ်းဆောင်ခဲ့ ကြပါသလဲ။

ကိုယ့်တိုင်းကို ဖြတ်သွားတဲ့ ဂက်စ် ပိုက်လိုင်းတွေ၊ ကမ္ဘာနဲ့ချီကြီးတယ်ဆိုတဲ့ ရင်းနှီးမြှုပ်နှံမှု စီမံကိန်းကြီးတွေ၊ လက် တစ်ဆုပ်စာ လူတွေလက်ထဲကို ထိုးထည့် ထားတဲ့မြေယာတွေ စတာတွေအတွက် တိုင်းသူတိုင်းသားတွေ အခွင့်အရေး မဆုံးရှုံးအောင်၊ ပြည်ထောင်စုနဲ့ တိုင်းဒေသကြီးအကြား အပြန်အလှန်ပေါင်းစပ် ညှိနှိုင်းပြီး တာဝန်ယူမှုတာဝန်ခံမှုရှိပြီး ရေရှည်ဖွံ့ဖြိုးတဲ့ တိုင်းဒေသကြီး ဖြစ်လာအောင်ဖော်ဆောင်ဖို့အတွက် ကိုယ်စား လှယ်တော်ကြီးတွေ ဘာများ ဆွေးနွေးခဲ့ ကြပြီးပြီလဲ။

လမ်း၊ တံတား အစရှိတဲ့အခြေခံအဆောက်အဦတည်ဆောက်ရေးလုပ်ငန်း တွေဟာ ကျွန်တော်တို့အတွက် အရေးကြီး တယ် ဆိုတာကို မသိမဟုတ်။ သိပါတယ်။ သို့သော်လည်း လူထုကိုယ်စားလှယ်တွေ အနေနဲ့ သက်ဆိုင်ရာဌာနတွေက ဘယ် လုပ်ငန်းကို ဘယ်နေရာမှာ ဘယ်နှစ်မှာ ဆောင်ရွက်မလဲဆိုတာရှိပြီးသားဖြစ်တဲ့ အဲသည်အလုပ်တွေမှာပဲ အချိန်အများကြီး အကုန်မခံ စေလိုပါဘူး။ ဒီလိုပြောလို့ အဲဒီအလုပ်တွေက လွယ်တယ်လို့ မဆိုလို ပါ။ ဒီ့ထက် ပညာပါတဲ့၊ မူဝါဒဆိုင်ရာ ကိစ္စတွေဖြစ်တဲ့၊ နိုင်ငံရေးနဲ့ ရေရှည်ဖွံ့ဖြိုး ရေးကိုသွားတဲ့နေရာမှာ အထောက်အပံ့ ဖြစ်စေမယ့် အရေးကိစ္စတွေမှာ အာရုံစိုက် စေလိုပါတယ်။

နိုင်ငံရေးပါတီတစ်ခု ဒါမှမဟုတ် လူတစ်စုရဲ့ လက်ထဲကို ကိုယ့်ကြမ္မာကို ပုံပေးထားရတာဟာ ဒီမိုကရေစီ မဖြစ် သင့်ပါဘူး။ လူထုအားဆိုတာ လိုရင်ဆွဲ သုံးမယ့် လိုသုံးလည်း မဖြစ်သင့်ပါဘူး။ လူထုအကျိုးလိုလားလို့ နိုင်ငံရေးလုပ်ပါ တယ် ကြွေးကြော်ပြီး ကျေးဇူးရှင်တွေလို အပူဇော်ခံချင်နေတဲ့ ကိုယ်စားလှယ်တွေ ဖြစ်နေလို့လည်း မရပါဘူး။

နိုင်ငံရေးဟာအတတ်ပညာ ဆိုင်ရာ အလုပ် ဖြစ်တယ်လို့ ရှုမြင် ပါတယ်။ ရပ်ကွက်ထဲ ဆွမ်းလောင်း အသင်း ထောင်ပြီး ပရဟိတလုပ်သလို လာလုပ်နေဖို့ မဟုတ်ပါဘူး။ ပါတီရဲ့ အရိပ်၊ ပါတီ ခေါင်းဆောင်ရဲ့အရိပ်ကိုခိုလှုံပြီး ပန်းကုံးကလေး အစွပ်ခံ၊ လူထု အကိုးစားခံ လုပ်နေရမယ့် နိုင်ငံရေး အခင်းအကျင်း မဟုတ်တော့ဘူးဆိုတာကို သတိပေးလိုပါတယ်။

ပြန်ကောက်ရရင် ၂၀၂၀ ရွေးကောက်ပွဲ ဟာ နီးကပ်လာပါပြီ။

မဲဆန္ဒနယ်အသီးသီးကနေ ဝင်ရောက် အရွေးခံမယ့် ကိုယ်စားလှယ်လောင်းတွေ ကိုလည်း သက်ဆိုင်ရာ နိုင်ငံရေးပါတီ အသီးသီးက ရွေးချယ် ထားလောက်ပြီ ထင်ပါရဲ့။ အချို့ပါတီတွေက မရွေးရသေး ရင်တောင် ပါတီခေါင်းဆောင်တွေဟာ ၎င်းတို့ ဝင်အရွေးခံစေလိုတဲ့ လူတွေဆီ ရည်းစားစကားပြောသလို ချဉ်းကပ်ပြီး နေလောက်ပြီ ထင်ပါရဲ့။

တချို့ ဒီမိုကရေစီနိုင်ငံတွေရဲ့ ရွေးကောက်ပွဲစနစ်ကတော့ ဝင်အရွေး ချယ်ခံမယ့် ကိုယ်စားလှယ်အချင်းချင်း အရွေးခံရရင် လူထုအတွက် သူ့ထက်ငါ ဘာတွေ ပိုကောင်းအောင် ဆောင်ရွက် ပေးမယ် စသည်ဖြင့် စကားစစ်ထိုးပွဲတွေ လုပ်ပြီး အပြိုင်အဆိုင် မဲဆွယ်ကြ လေရဲ့။

ကျွန်တော်တို့ရဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံ ဥပဒေမှာကတော့ အဲဒါမျိုး မတွေ့မိ။ ဒါကြောင့် မဲဆွယ်ကာလရောက်ရင် ကိုယ်စား လှယ်လောင်းတွေဟာ မိမိပါတီရဲ့ ရွေးကောက်ပွဲကြေညာစာတမ်းကလေးကို ရပ်ကွက်ထဲက ဗေဒင်ယုံတဲ့ အဖွားအိုတွေ မန္တလေးမဟာသင်္ကြန်စာ ဖတ်သလို နှုတ်က တတွတ်တွတ်ရွတ်ပြီး မဲဆွယ် ကြလေရဲ့။

ကျွန်တော်ကတော့ အဲဒီလို သမရိုးကျ မဲဆွယ်ပုံတွေကနေကွဲထွက်ပြီး ရွေးကောက် ခံမယ့် ကိုယ်စားလှယ်လောင်းတွေကို စကားစစ်ထိုးပွဲလုပ်ဖို့ စိန်ခေါ်ချင်ပါ တယ်။ မဲပေးရမယ့် ပြည်သူတစ်ယောက် အနေနဲ့ သိလိုတာတွေ၊ လွှတ်တော် ဒါမှ မဟုတ် အစိုးရ အဖွဲ့ထဲရောက်သွားရင် ပြည်သူတွေအတွက် လုပ်ဆောင်နိုင်မှာ တွေနဲ့ပတ်သက်ပြီး တနင်္သာရီတိုင်းကနေ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော် နဲ့ တိုင်းဒေသကြီးလွှတ်တော် တွေအတွက် ဝင်အရွေးခံကြမဟဲ့ ဆိုတဲ့ ကိုယ်စားလှယ် လောင်းတွေကို စင်ပေါ်မှာ စကားစစ်ထိုးပွဲ လုပ်ဖို့ စိန်ခေါ်လိုက်ပါတယ်။

အောင်လွင်(ကံပေါက်သား)