ချောင်းရေလည်းနောက်၊ ကွင်းဆက် ပျောက်

0
1053

သတ္တုသယံဇာတ တူးဖော်ရေး

ရွာသူရွာသားတို့ အဓိက အားထား နေရသော ချောင်းကလေးမှာ သဘာ၀ အတိုင်း ပြန်ဖြစ်ရန် မရှိတော့ပါ။ ချောင်း အထက်ပိုင်း အမျိုးမျိုးသော သတ္တုလုပ် ကွက်များက ချောင်းကလေးကို စွန့်ပစ်ရေ ဆိုးများဖြင့် ပြည့်စေလိုက်ပြီဖြစ်သည်။

စောလှသန်းတို့ ကြိမ်ချောင်းရွာကို ကွေ့ပတ်စီးနေသော ဝါကျင်ကျင် ချောင်း ကလေးမှာ ထင်တိုင်းကြဲ သတ္တုတူးဖော် ရေး မူဝါဒ၏ သားကောင်ဖြစ်သွားပြီ ဖြစ်သည်။

“အခုလက်ရှိကတော့ ဘယ်သူ့မှ ဒီချောင်းကရေကို မသုံးကြဘူး။ သုံးလို့လဲ မရဲဘူး။ ရေကတအားနောက်တယ်။ ရေထဲ မှာအဆီပြန်နေတာ ဘယ်သူက သွားသောက် ရဲမှာလဲ”ဟု စောလှသန်းကဆိုသည်။

၂၀၁၅ ခုနှစ်က ထားဝယ်ဖွံ့ဖြိုးရေး အဖွဲ့(DDA) က ပြုစုထားသည့် အချက် အလက်အရ ထားဝယ်ခရိုင်တွင် ပျက်စီးမှု လွန်ကဲအဆင့်သို့ ရောက်ရှိနေသော ချောင်းလေးချောင်းရှိပြီး ယင်းအချိန်က ပျက်စီးစပြုနေသည့် မြစ်ချောင်းမှာလည်း လေးခုရှိနေသည်။ ယင်းတို့အထဲတွင် တနင်္သာရီမြစ်လည်းအပါအဝင်ဖြစ်သည်။

ထိုသတ္တုတူးဖော်ခြင်း လုပ်ငန်းများ နှင့်အတူ တိုင်းအတွင်း သဘာ၀ပတ်ဝန်း ကျင်ပျက်စီးခြင်း၊ ရသင့်ရထိုက်သော အခွန်၊ အခများ နစ်နာဆုံးရှုံးခြင်း၊ မြေယာ ပိုင်ဆိုင်မှုပြဿနာများဖြစ်ပွားခြင်း၊ အလုပ် အကိုင်အခွင့်အလမ်းရရှိမှုနည်းပါးခြင်း၊ သတ္တုလုပ်ငန်းများတွင် လုပ်ကိုင်နေသူ များမှာလည်း ဥပဒေအကာအကွယ်မဲ့နေ ခြင်း စသည့် ပြဿနာများကို ကြိမ်ချောင်း ရွာသား စောသန်းလှတို့ကဲ့သို့ တနင်္သာရီ တိုင်းတွင်းသားများက ရင်ဆိုင် ခံစားနေရ ဆဲဖြစ်သည်။

ထိုပြဿနာများအား ဖြေရှင်းနိုင်ရန် သို့မဟုတ် လျှော့ချနိုင်ရန်အတွက် သယံဇာတ စီမံခန့်ခွဲမှု မူဝါဒတစ်ခု ထွက်ရှိလာရန် အရေးတကြီး လိုအပ်နေပြီဖြစ်ကြောင်း သက်ဆိုင်ရာ ကျွမ်းကျင်သူများ၊ အရပ်ဘက် အဖွဲ့အစည်းများက တိုက်တွန်းလျက် ရှိသည်။

နစ်နာနေသော အခွန်

တနင်္သာရီတိုင်းအစိုးရအတွက်မူ သတ္တုတူးဖော်ရေးလုပ်ငန်းများမှာ တနင်္သာရီ တိုင်းအတွက် ဝင်ငွေနှင့် အလုပ်အကိုင် အခွင့်အလမ်းများကို ဖော်ဆောင်ပေးနေ သော လုပ်ငန်းတစ်ခု ဖြစ်သည်။

ဓာတ်သတ္တုအသေးစားနှင့် လက်လုပ် လက်စား ထုတ်လုပ်ခြင်းနှင့်ပတ်သက် သည့် ၂၀၂၀ ပြည့်နှစ် မတ်လ ၁၀ ရက်က ပြုလုပ်သော ဆွေးနွေးပွဲတစ်ရပ်တွင် သတ္တုလုပ်ငန်းသည် တိုင်းအတွက် ဝင်ငွေ နှင့် အလုပ်အကိုင်အခွင့်အလမ်းကို ရှာဖွေ ပေးနေသော လုပ်ငန်းတစ်ခုဖြစ်ကြောင်း တနင်္သာရီတိုင်း ဝန်ကြီးချုပ်၊ တိုင်းသတ္တု လုပ်ကွက် စိစစ်ချထားပေးရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမြင့်မောင် ပြောဆိုခဲ့သည်။

ယင်းအပြင် သတ္တုလုပ်ငန်းများ ကြောင့် သဘာ၀ပတ်ဝန်းကျင်နှင့် လူမူရေး ဆိုင်ရာ ပြဿနာများကို ရင်ဆိုင်နေရ ကြောင်းကိုလည်း ဝန်ကြီးချုပ်က ဝန်ခံ ပြောဆိုခဲ့သည်။

သတ္တုလုပ်ငန်းသည် အစိုးရအခွန် ငွေကို ရှာဖွေးပေးနေသောလုပ်ငန်းတစ်ခု ဟု ဝန်ကြီးချုပ်က ပြောဆိုခဲ့သော်လည်း သတ္တုတူးဖော်ရေးကို လေ့လာနေသည့် အရပ်ဘက်အဖွဲ့အစည်းအချို့ကမူ သတ္တု လုပ်ငန်းမှ အခွန်ဝင်ငွေများစွာ နစ်နာ လျက်ရှိကြောင်း ထောက်ပြပြောဆိုနေ ကြသည်။

သတ္တုတူးဖော်သည့် ကုမ္ပဏီသည် တူးဖော်ရရှိလာသည့် သတ္တုပမာဏ စုစုပေါင်း၏ လေးရာခိုင်နှုန်းကို ဓာတ်သတ္တု အခွန်အဖြစ် အစိုးရကိုပေးဆောင်ရသည်။ ကျန်ရှိသည့် သတ္တုထုတ်လုပ်မူ ၉၆ ရာခိုင်နှုန်းကို အမှတ် (၂) သတ္တုတွင်းနှင့် သက်ဆိုင်ရာ ကုမ္ပဏီတို့က သတ္တုထုတ် လုပ်မှုအပေါ် အချိုးကျခွဲဝေကြသည်။

ယင်းသို့ခွဲဝေရာတွင် အမှတ်(၂) သတ္တုတွင်းဦးစီးဌာနက ၃၅ ရာခိုင်နှုန်း၊ သတ္တုတူးဖော်ခွင့်ရရှိသည့် ကုမ္ပဏီက ၆၅ ရာခိုင်နှုန်းဟု နှစ်ဘက် စာချုပ်ချုပ်ဆို ပြီး ခွဲဝေကြခြင်းဖြစ်သည်။

ထိုကဲ့သို့အခွန်ပေးဆောင်ရာတွင် တူးဖော်ခွင့်ရကုမ္ပဏီသည် စာချုပ်ပါတူး ဖော်ထုတ်လုပ်မည့် ပမာဏအတိုင်း စနစ် တကျလုပ်ဆောင်နေခြင်းရှိ/မရှိကို အစိုးရ ကိုယ်တိုင်က မည်မျှ ကြီးကြပ်နိုင်သနည်း ဟူသော မေးခွန်းရှိသည်။ ကုမ္ပဏီက တွက်ချက်ပေးသည့်အတိုင်းသာ ရရှိနေခြင်း ဖြစ်ကြောင်း သတ္တုတူးဖော်ရေးစောင့်ကြည့် နေသူတို့ ပြောသည်။

“ဥပမာ ကုမ္ပဏီက ပိဿာတစ်ရာ ထုတ်မယ် ပြောထားတယ်။ ဆိုပါစို့ ပိဿာငါးဆယ်ထွက်တာလည်းဖြစ်နိုင် တယ်။ သုံးဆယ်ထွက်တာလည်းဖြစ်ချင် ဖြစ်မယ်။ ပိဿာနှစ်ရာ၊ တစ်ထောင်ထွက် တာလည်း ဖြစ်ချင်ဖြစ်မယ်။ အဲဒီလို နေ့စဉ် သတ္တုထွက်ရှိမှုကို မကြီးကြပ်နိုင် ဘူးဆိုရင် နောက်ဆက်တွဲ တိုင်းပြည် အတွက် ဆုံးရှုံးရမယ့်ဟာတွေ အများကြီး ရှိသလို လုပ်ငန်းရှင်ဘက်ကလည်း ထိခိုက်နိုင်ချေတွေရှိတယ်”ဟု ဦးအောင်လွင် က ပြောသည်။

ဦးအောင်လွင်သည် သယံဇာတတူး ဖော်မှုကိစ္စများကို စောင့်ကြည့်လေ့လာနေ သော မြန်မာနိုင်ငံ ပွင့်လင်းမြင်သာမှုနှင့် တာဝန်ယူမှုတာဝန်ခံမှုဆိုင်ရာ အရပ်ဘက် မဟာမိတ်အဖွဲ့ (MATA) တနင်္သာရီတိုင်း လုပ်ငန်းအဖွဲ့၏ အရန်ကိုယ်စားလှယ် တစ်ဦးဖြစ်သည်။

ယင်းသည် သတ္တုနှင့်ပတ်သတ်ပြီး ပေးဆောင်ရသည့် အခွန်အမျိုးအစား နှစ်မျိုးကိုသာ ဥပမာအနေဖြင့် ထုတ်နုတ် ဖော်ပြထားခြင်းဖြစ်ပြီး အခြားပေးဆောင် ရမည့်အခွန်များတွင်လည်း ယင်းနည်းတူ ဆုံးရှုံးမှုများ ရှိနေသေးပြီး အလွန်ရှုပ်ထွေးသည့် အခွန်ပေးဆောင်မှုတစ်ခုဖြစ်ကြောင်း လေ့လာသူတို့က ပြောဆိုကြသည်။

သတ္တုမှ ရရှိမည့် အခွန်ငွေများသည် ပြည်တွင်းအခွန်များဦးစီးဌာန၊ အကောက် အခွန်ဦးစီးဌာန၊ အမှတ်(၂) သတ္တုတွင်း ဦးစီးဌာန၊ ဘူမိဗေဒနှင့် ဓာတ်သတ္တုရှာဖွေ ရေးဦးစီးဌာန စသည့်ဖြင့် မတူညီသော ဌာနတို့ကို ဖြတ်သန်းပေးသွင်းပြီးမှ နိုင်ငံတော်အခွန်ငွေအတွင်း ရောက်ရှိကြသည်။

အချို့အခွန်၊ အခများသည် ဌာန ဆိုင်ရာ နှစ်ခု၊ သုံးခုကို ကျော်ဖြတ်ပြီးမှ နိုင်ငံတော်ရန်ပုံငွေအတွင်း ရောက်ရှိသည့် စနစ်ရှိနေခြင်းသည် ရှုပ်ထွေးသော အခွန်ပေးဆောင်မှုတစ်ခုဖြစ်ကြောင်း လေ့လာသူတို့ ပြောဆိုကြသည်။

ယင်းအတွက်ကြောင့် မြန်မာနိုင်ငံ သည် သတ္တုမှလုပ်ငန်းများထံမှ ကောက်ခံ သော အခွန်စနစ်သည် ကမ္ဘာပေါ်တွင် အဆိုးရွားဆုံးသော စနစ်တစ်ခုဟုပင် ဆိုနိုင်ကြောင်း လေ့လာ စောင့်ကြည့်သူတို့ က ပြောဆိုကြသည်။

“တကယ်တမ်းမှာ အဲဒီပိုက်ဆံ (အခွန် ငွေ)တွေ တကယ်ရှိသေးရဲ့လားဆိုတာ အများကြီး သံသယဝင်စရာအကြောင်းရှိတယ်”ဟု သဘာ၀သယံဇာတ တူးဖော် ထုတ်လုပ်ခြင်းဆိုင်ရာ ပွင့်လင်းမြင်သာ မှုရှိရေး ဆောင်ရွက်နေသည့် MEITI သုံး ပွင့်ဆိုင်ညွှန့်ပေါင်းအဖွဲ့ဝင် ထားဝယ်ဖွံ့ ဖြိုးရေးအဖွဲ့ (DDA) မှ ဒါရိုက်တာ ဦးသန့်စင်က ဆိုလေသည်။

ကုမ္ပဏီများ နေ့စဉ်သတ္တုတူးဖော်မှု ကို စောင့်ကြည့်မှတ်တမ်းတင်ရန် အစိုးရ ဝန်ထမ်းတစ်ဦးက ကွင်းအတွင်း အခြေချ နေထိုင်ရလေ့ရှိသည်။ ယင်းကို နောက်ချန် ဝန်ထမ်းဟု ခေါ်သည်။

အစိုးရဘက်ကမူ အထက်ဖော်ပြပါ အခွန်ကိစ္စနှင့် ပတ်သက်ပြီးကြီးကြပ်ရန် အတွက် နောက်ချန်ဝန်ထမ်းတို့ကို ခန့်အပ် ပြီး ကြီးကြပ်လုပ်ဆောင်နေကြောင်း ပြောဆိုသည်။

နောက်ချန်ဝန်ထမ်းဖြင့် ကြီးကြပ်နေ သည့် ကိစ္စတွင်လည်း အဂတိလိုက်စားမှု များ ရှိ/မရှိဆိုသည့်ကိစ္စမှာလည်း မေးခွန်း ထုတ်စရာတစ်ခု ဖြစ်နေသည့်အပြင် သတ္တုတွင်းတိုင်းတွင်လည်း ယင်းနောက် ချန်ဝန်ထမ်းများ မရှိကြပါ။

“ကျွန်တော်တို့ရဲ့တွေ့ရှိချက်အရဆို ရင် ကုမ္ပဏီတွေက သူတို့သည် နောက်ချန် ဝန်ထမ်းကို ချီးမြှင့်ငွေတွေပေးတယ်။ နောက်ချန်ဝန်ထမ်းတွေ ကိုယ်တိုင်ကလည်း သူတို့ချီးမြှင့်ငွေတွေရတယ်ပေါ့။ ဒါပေမယ့် ဘယ်လောက်ပေးကြ၊ ယူကြ တယ်ဆိုတာကိုတော့ ထုတ်မပြောဘူး။ ဒီဟာတွေသည် အဂတိနဲ့ ငြိမငြိဆိုတာ ကတော့ စဉ်းစားစရာကောင်းတယ်”ဟု ဦးအောင်လွင်က ပြောသည်။

သတ္တုလုပ်ငန်းကို ဗဟိုချုပ်ကိုင်မှုလျှော့ချသည့်အနေဖြင့် တိုင်းနှင့်ပြည် နယ်များကို အသေးစားနှင့် လက်လုပ် လက်စားများကို ကြီးကြပ်ခွင့် အခွန်ကောက် ခံခွင့်တို့ ရရှိလာပြီဖြစ်သည်။ တနင်္သာရီ တိုင်းတွင်လည်း အသေးစားနှင့် လက်လုပ် လက်စားဆိုင်ရာ ဥပဒေမူကြမ်းတစ်ခု ထွက်ရှိနေပြီဖြစ်သည်။

တိုင်းအစိုးရက ကြီးကြပ်ခွင့်ရရှိ လာသည့် အသေးစားနှင့် လက်လုပ်လက် စားများအပါအဝင် ပြည်ထောင်စုက တိုက်ရိုက်ကြီးကြပ်နေသည့် အလတ်စား နှင့် အကြီးစားသတ္တုတူးဖော်မည့် ကုမ္ပဏီ နှင့် ပုဂ္ဂိုလ်များထံမှ အခွန်ငွေ စနစ်တကျ ကောက်ခံရရှိရန်အတွက် အစိုးရထံတွင် တိကျသည့် မူဝါဒတို့ရှိနေရန် ဝေဖန်ချက် များ ရှိသည်။

ထိုကဲ့သို့ အခွန်ရရှိမှုကို စနစ်တကျ ကြီးကြပ်မည့်မူဝါဒအတွက် အဓိကအား ဖြင့် တနင်္သာရီတိုင်းအတွင်း သက်တမ်း အလိုက် သတ္တုဖြစ်ထွန်းမှုအခြေအနေကို စနစ်တကျ စာရင်းကောက်ပြီး တနင်္သာရီ တိုင်း ဓာတ်သတ္တုမြေပုံတစ်ခု ထွက်ပေါ် လာရန် လိုအပ်နေကြောင်း သတ္တုစောင့် ကြည့်နေသူတို့က ပြောသည်။

ယင်းအပြင် နိုင်ငံတကာတွင် ကျင့်သုံး နေသည့်အတိုင်း သတ္တုမှရရှိသည့်အခွန် များကို မည်သည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်း များတွင် အသုံပြုခဲ့ပြီး နောက်ထပ်ရရှိလာ မည့် အခွန်များကို မည်သည့်နေရာတွင် အသုံးပြုမည်ဆိုသည်ကိုလည်း တိုင်းအစိုးရ က ရှင်းလင်းစွာ စီမံထားရန်လိုအပ်ကြောင်း ၎င်းတို့က ပြောသည်။

တနင်္သာရီတိုင်း အသေးစားနှင့် လက်လုပ်လက်စားဥပဒေမူကြမ်းတွင်မူ သတ္တုထုတ်လုပ်မှုမှ ရရှိသည့် အခွန်ငွေကို ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများတွင် အကောင် ထည်ဖော်ရန်ဆိုသည့်အချက် ထည့်သွင်း ပြဋ္ဌာန်းချက်မျိုးမတွေ့ရပေ။

ယင်းအချက်ကို တိုင်းသတ္တုတွင်း ဥပဒေတွင် ထည့်သွင်းပြဋ္ဌာန်းရန် ဗြွှဗ အဖွဲ့က အကြံပြုထားသည်။

မြေယာပိုင်ဆိုင်မှု ပြဿနာ

ယင်းကဲ့သို့ အစိုးရမှ အခွန်ဘဏ္ဍာ များ နစ်နာဆုံးရှုံးမှုများရှိနေသည့်အပြင် မြေယာပိုင်ဆိုင်မှု ပြဿနာ များလည်း ရှိသည်။

ဒေသခံများ လုပ်ကိုင်စားသောက်၊ နေထိုင်နေသည့် နေရာများတွင် သတ္တု လုပ်ကွက်များ ချထားပေးခြင်းကြောင့် ကုမ္ပဏီနှင့် ဒေသခံများ မြေယာပိုင်ဆိုင်မှု ပဋိပက္ခများ ဖြစ်နေခြင်း ဖြစ်သည်။

ပြည်ထောင်စုမှ သတ္တုတူးဖော်ရန် ခွင့်ပြုချက်ပေးလိုက်သည့်နေရာများသည် ဒေသခံများ လုပ်ကိုင်စားသောက်နေ သည့် ဥယျာဉ်ခြံများ သို့မဟုတ် လူနေ ထိုင်သည့် နေရာများဖြစ်နေခြင်းတို့ ကြောင့် ဒေသခံများနှင့် ကုမ္ပဏီတို့ အကြား ပြဿနာဖြစ်ပွားကာ ဒေသခံ အချို့ တရားစွဲထောင်ကျခဲ့သည့် ဖြစ်စဉ် များလည်းရှိသည်။

ယင်းပြဿနာဖြစ်ပွားသူများ အနက် ထားဝယ်ခရိုင် ရေဖြူမြို့နယ် ကံပေါက် ကျေးရွာတွင်နေထိုင်သည့် ဒေါ်ကိုရွှေ သည်လည်း တစ်ဦးအပါအဝင်ဖြစ်သည်။

နေအိမ်နှင့်ကုန်စုံဆိုင် တွဲဖွင့်ထားသော ဒေါ်ကိုရွှေ နေထိုင်သည့် နေရာသည် သတ္တုလုပ်ကွက် ဧရိယာအတွင်းကျ ရောက်နေသည်ဟုဆိုကာ ဒယ်လ်ကို ကုမ္ပဏီတာဝန်ရှိသူတို့က လွန်ခဲ့သည့် ၂ နှစ်ခန့် တရားစွဲဆိုခြင်းကို ခံခဲ့ရဖူး သည်။

ဒေါ်ကိုရွှေသည် တရားစွဲမခံရမီ ကိုးနှစ်ခန့် ကတည်းက ကျပ် ၄၃ သိန်း ကုန်ကျခံပြီး ထိုမြေနေရာအား ဝယ်ယူထား ခြင်းဖြစ်ကြောင်း ၎င်းကပြောပြသည်။

ယင်းအမှုကိစ္စအတွက် ရေဖြူမြို့ နယ်တရားရုံးချိန် အကြိမ် ၂၀ တိတိ သွားရောက်လျှောက်လဲပြီး နောက်ဆုံး တွင်တော့ တရားရုံးအမိန့်အရ ဒေါ်ကိုရွှေ တစ်ယောက် အလုပ်နှင့် ထောင်ဒဏ် တစ်လ ကျခံလိုက်ရလေသည်။

“အဲဒီအမှု နှိပ်စက်လိုက်တာ ပိုက်ဆံ တွေလည်း တော်တော်ကုန်သွားတယ်။ သား၊ သမီးတွေလဲ ကျောင်းထွက်။ နောက်ဆုံးနှစ် တက္ကသိုလ်တက်နေတဲ့ တစ်ယောက်ကိုပဲ အမေထောင်ထဲမှာ ဖြစ်နေပါစေ စာမေးပွဲ အောင်အောင်ဖြေ ပေးရမယ်လို့ ကတိပေးခိုင်းပြီး ကျောင်း ဆက်တက်ခိုင်းခဲ့တာ”ဟု ဒေါ်ကိုရွှေက ဆိုသည်။

အစိုးရအနေနှင့်ကုမ္ပဏီတစ်ခုကို သတ္တုတူးခွင့်ပေးမည်ဆိုပါက ဓာတ် သတ္တုကန့်သတ် နယ်မြေအဖြစ် ကြေညာ ထားသည့်နေရာ၊ ဓာတ်သတ္တုကန့်သတ် နယ်မြေအဖြစ် မကြေညာထားသည့်နေရာ ဆိုသည့် အခြေခံအချက်နှစ်ချက်အပေါ် စဉ်စားရမည်ဖြစ်ကြောင်း ဦးအောင်လွင် က ပြောသည်။

ယင်းကဲ့သို့ သတ္တုတူးဖော်ခွင့်ပေးမည့် နေရာအား ခွင့်ပြုချက်ပေးရာတွင်လည်း လုပ်ထုံး၊ လုပ်နည်းများ အသေးစိတ် အစီအစဉ်များကို အစိုးရမှ ပြဠာန်းထား ပြီးဖြစ်သည်။

“အခုလက်ရှိဖြစ်နေတာက နေပြည် တော်က ပါမစ်ပေးလိုက်တယ်။ ကုမ္ပဏီ ကလည်း ပါမစ်ယူပြီးလာတယ်။ မြေပြင် သွားကြည့်လိုက်တဲ့အချိန်မှာ ရွာသား တွေ ဘိုးစဉ်ဘောင်ဆက် လုပ်ကိုင် စားသောက်နေတဲ့ ကွမ်းသီးတောဖြစ် နေတယ်။ သီဟိုဠ်တော ဖြစ်နေတယ်”ဟု ဦးအောင်လွင်က ပြောသည်။

ယင်းကဲ့သို့ဖြစ်ပွားနေရခြင်းမှာ စနစ်တကျ တိုင်းတာသတ်မှတ်ထားသော ဓာတ်သတ္တုမြေပုံ မရှိခြင်း၊ သတ္တုတူးခွင့် ကုမ္ပဏီများသည် မြေပြင်တွင် ဥယျာဉ်ခြံ လုပ်ကိုင်စားသောက်နေသူများအား လျော်ကြေးပုံစံဖြင့် နားလည်မှုယူပြီး သတ္တုတူးဖော်ခြင်းကြောင့် မြေယာပိုင်ဆိုင် မှု ပြဿနာများ ဖြစ်ပေါ်လာခြင်းဖြစ် ကြောင်း ဦးအောင်လွင်က ပြောသည်။

ယင်းအတွက်ကြောင့် ပညာရှင်များ၊ အရပ်ဘက်အဖွဲ့အစည်းများ၊ ဒေသခံ များ၊ အစိုးရ၊ ဌာနဆိုင်ရာများစုပေါင်းပြီး စနစ်တကျတိုင်းတာပြီး ရေးဆွဲထားသည့် ဓာတ်သတ္တုမြေပုံတစ်ခု အမြန်ဆုံးထွက် ပေါ်လာရန် လိုအပ်နေကြောင်း သတ္တုစောင့် ကြည့်သူများက အစဉ်တစိုက် ထောက်ပြ ပြောဆိုနေကြသည်။

ယင်းအပြင် အင်္ဂလိပ်အစိုးရခေတ် ကတည်းက သတ္တုလုပ်ငန်းကို အကြောင်း ပြုဖြစ်ပေါ်လာသော ကံပေါက်ကျေးရွာ ကဲ့သို့သော အခြေအနေမျိုးဆိုပါက ခေတ် ကာလနှင့်လျော်ညီသော မြေယာစီမံ ခန့်ခွဲမှု ကိုအကောင်အထည်ဖော် ကျင့်သုံး ရန်လည်း လိုအပ်နေကြောင်း ထောက်ပြ ပြောဆိုကြသည်။

လက်ရှိရွာသားများနေထိုင်သော နေရာသည် သတ္တုလုပ်ကွက်ဧရိယာထဲ အတွင်း ပါဝင်နေသည်။ ထိုကြောင့် ထိုမြေကို သတ္တုတူးဖော်ခွင့်ရကုမ္ပဏီက စီမံခွင့်ရှိသည့် သဘောသက်ရောက်နေသည်။

ကံပေါက်ရွာသားတို့ကမူ ပြည်ထဲ ရေးဝန်ကြီးဌာန အသိအမှတ်ပြုသည့် ရွာတစ်ရွာအဖြစ် လိုချင်ကြသည်။ ထိုမှ သာ တရားဝင်မြေပိုင်ဆိုင်ခွင့်ကို ဒေသခံ များက လျှောက်ထားနိုင်မည်ဖြစ်ပြီး ဒေါ်ကိုရွှေ ကဲ့သို့ ဒေသခံများ တရားစွဲ၊ ထောင်ကျဖြစ်စဉ်များကို ရှောင်ရှားနိုင် မည်ဖြစ်သည်။

တနင်္သာရီတိုင်း သတ္တုတွင်း ဦးစီး ဌာနမှ အရာရှိတစ်ဦးကမူ သတ္တုလုပ် ကွက်များ ချထားပေးခြင်း မဆောင်ရွက်မီ မြေစာရင်း၊ သစ်တော၊ သာသနာရေး ဦးစီးဌာန စသည့်ဖြင့် ဌာနပေါင်းစုံပူးပေါင်း ကွင်းဆင်းစစ်ဆေးပြီး လွတ်ကင်းသည့် နေရာဖြစ်မှ သတ္တုလုပ်ကွက်များကို ချထားပေးခြင်း ဖြစ်ကြောင်း ရှင်းလင်း ပြောဆိုသည်။

ယင်းသို့လုပ်ကွက်ချထားပေးပြီးမှ ပေါ်ပေါက်လာသည့် မြေယာပိုင်ဆိုင်မှု ကိစ္စများကို သက်ဆိုင်ရာ သတ္တုတူးခွင့်ရ ကုမ္ပဏီကသာ တာဝန်ယူဖြေရှင်းရမည် ဆိုသည်ကို စာချုပ်ချုပ်ဆိုထားကြောင်း ၎င်းက ပြောသည်။

“မြေယာကိစ္စတွေနဲ့ပတ်သက်ပြီး ပြဿနာဖြစ်ရင်တော့ မြေစာရင်းဦးစီး ဌာနကပဲ ဖြေရှင်းပါတယ်။ သူတို့ရဲ့ သဘောထားမှတ်ချက်ရမှ ကျွန်တော် တို့က ခွင့်ပြုချက်ပေးတာကိုး”ဟု ၎င်း အရာရှိက ဆိုသည်။

ဥပဒေ အကာအကွယ်မဲ့နေသော သတ္တု လုပ်သားများ

သတ္တုတူးဖော်ရေး လုပ်ငန်းများ သည် သဘာ၀ပတ်ဝန်းကျင် ပျက်စီး ခြင်း၊ တိုင်းပြည်က ရသင့် ရထိုက်သော အခွန်ငွေများ ဆုံးရှုံးခြင်း၊ မြေယာပိုင်ဆိုင် မှု ပြဿနာသာမက သတ္တုလုပ်ငန်းခွင်မှ အလုပ်သမားများသည် လုပ်ငန်းခွင် အန္တရာယ်ကင်းရှင်းမှု အာမခံချက်မရှိ၊ ဥပဒေအကာအကွယ်မဲ့စွာ လုပ်ကိုင်နေ ကြရသည်။

တနင်္သာရီတိုင်းအတွင်းရှိ သတ္တုတူးဖော်ရေးလုပ်ငန်းအားလုံးနီးပါးတွင် အလုပ်ရှင်၊ အလုပ်သမားသဘောတူ စာချုပ်များ ချုပ်ဆိုထားခြင်း မရှိသည်ကို တွေ့ရကြောင်း ဦးအောင်လွင်က ပြော သည်။

“အလုပ်သမားတွေသည် ဥပဒေ ကြောင်းအရ အကာအကွယ်မရနေကြဘူး။ အလုပ်ရပ်နားလိုက်တဲ့အတွက် နစ်နာကြေးကို တရားဝင်တောင်းတဲ့ ကိစ္စတို့ အစရှိသဖြင့် ပြဿနာအကြီး အကျယ်ရှိနေတုန်း အခုအချိန်အထိ”ဟု ၎င်းက ဆိုသည်။

ယင်းသတ္တုလုပ်ငန်းများမှ ဒေသခံ များကို မည်မျှအထိ အလုပ်အကိုင်အခွင့် အလမ်း ဖန်တီးပေးနိုင်ပြီနည်း။

သတ္တုတူးဖော်ခြင်းကို လေ့လာ နေကြသည့် အရပ်ဘက်အဖွဲ့အစည်း တို့ကမူ သတ္တုလုပ်ငန်းမှ အလုပ်အကိုင် အခွင့်အလမ်း အများအပြားကို ဖန်းတီး ပေးနေသည်ဆိုခြင်းမှာ ယုံတမ်းစကား တစ်ခုမျှသာဖြစ်ကြောင်း ပြောဆိုကြ သည်။

မြန်မာတစ်နိုင်ငံလုံးရှိ သတ္တုတူးဖော် ရေးလုပ်ငန်းများတွင် လုပ်ကိုင်နေသော အလုပ်သမားများသည် လှိုင်သာယာ စက်မှုဇုန်ရှိ အလုပ်သမားများထက်ပင် နည်းနေသေးကြောင်း သတ္တုတူးဖော်ခြင်း ကို စောင့်ကြည့်လေ့လာနေသူတို့က ပြောဆိုကြသည်။

အလုပ်သမား သုံးရာဝန်းကျင်ဖြင့် သတ္တုတူးဖော်နေသော ရေဖြူမြို့နယ် ကံပေါက်ကျေးရွာရှိ ဒယ်ကိုလ်သတ္တု လုပ်ငန်းတွင်ပင် ဒေသခံအလုပ်သမား ဆယ်ဂဏန်းမျှသာရှိပြီး ယင်းလုပ်သမား များမှာလည်း ယာဉ်မောင်း၊ လုံခြုံရေး အလုပ်များကို လုပ်ကိုင်နေကြသူများ ဖြစ်ကြောင်း ကံပေါက်သတ္တုတွင်းစောင့် ကြည့်ရေးအဖွဲ့ဝင်တစ်ဦးဖြစ်သူ ကိုလယ် လယ်က ပြောသည်။

“ဒီဒေသခံအလုပ်သမား ကိစ္စက အမြဲ ပြဿနာတက်နေတဲ့ကိစ္စတစ်ခုပဲ။ ဝန်ကြီးတွေ ပြောတဲ့အတိုင်း ရာခိုင်နှုန်း ပြည့်နေတာမျိုး မရှိဘူး။ ရှိလှပါ လူတစ်ရာ မှာ သုံးဆယ်လောက်ပဲရှိမယ်။ လုပ်ရတဲ့ အလုပ်တွေကလဲ လူကြမ်းအလုပ် (အလုပ်ကြမ်း)၊ ကျပန်းအလုပ်တွေပဲ လုပ်ရတယ်”ဟု ၎င်းက ဆိုသည်။

စောသန်းလှတို့ ကြိမ်ချောင်းရွာရှိ သတ္တုကုမ္ပဏီများတွင် အလုပ်လုပ်နေ သူများ၊ ခွင့်ပြုချက်မဲ့ သတ္တုတူးသူများမှာ ကြိမ်ချောင်းဒေသခံများမဟုတ်ကြပေ။ မြန်မာပြည်အထက်ဘက်မှ လာရောက် လုပ်ကိုင်နေသူများသာဖြစ်သည်။

မိရိုးဖလာ တစ်ပိုင်တစ်နိုင် သတ္တု တူးလုပ်ကိုင်စားသောက်နေသူ ဒေသခံ များမှာလည်း သတ္တုကုမ္ပဏီကြီးများ ဝင်လာသောအခါ သတ္တုခိုးတူးသူဘ၀သို့ အလိုလိုရောက်သွားကြသည်။

ကုမ္ပဏီများနှင့် လွတ်ကင်းသည့် နေရာတွင် တရားဝင် လက်လုပ်လက်စားနှင့် အသေးစားသတ္တုတူးရန် လျှောက်ထား သော်လည်း ခွင့်ပြုချက်ကျရန်မှာ အချိန် ကြာမြင့်စွာ စောင့်ဆိုင်းနေရတတ်သည်။

“အစောဆုံးက ခြောက်လ၊ ခုနစ်လ လောက်ကြာတယ်။ တချို့ကျတော့လည်း လျှောက်ပြီးမှ ဆက်သွယ်လို့မရတာတွေလဲ ရှိတယ်”ဟု တနင်္သာရီတိုင်း သတ္တု တွင်း ဦးစီးဌာနမှ အရာရှိတစ်ဦးက ပြော သည်။

၂၀၁၈ ခုနှစ် ဇွန်လမှ ၂၀၁၉ ခုနှစ် ဒီဇင်ဘာအထိ တနင်္သာရီတိုင်းအတွင်း တနင်္သာရီတိုင်းတွင် အသေးစားနှင့် လက်လုပ်၊ လက်စားလျှောက်ထားသည့် လုပ်ကွက် နှစ်ရာနီးပါးရှိကြောင်း ၎င်း အရာရှိက ပြောသည်။

“ကျွန်မလဲ သုံးဧကလောက်လျှောက် ထားတာကြာပြီ။ အခုထိတော့ ခွင့်ပြုချက် မကျသေးဘူး။ ကျွန်မတို့က တရားဝင် ပဲလုပ်ကိုင်စားသောက်ချင်တယ်။ အစိုးရ အနေနဲ့ပေါ့နော် တိတိကျကျခွင့်ပြုချက် အမြန်ဆုံးခွင့်ပြုပေးစေချင်တယ်”ဟု မြိတ်ခရိုင် တနင်္သာရီမြို့နယ် သဘော့လိပ် ကျေးရွာမှ အမျိုးသမီးတစ်ဦးက ပြော သည်။

ဓာတ်သတ္တုတူးဖော်ခြင်းကို ဗဟို ချုပ်ကိုင်မှု လျှော့ချလိုက်ခြင်းနှင့်အတူ တနင်္သာရီတိုင်းသည်လည်း အသေးစား နှင့် လက်လုပ်လက်စားများကို အတိုင်း အတာတစ်ခုအထိ စီမံခန့်ခွဲခွင့်၊ အခွန် ကောက်ခံခွင့်တို့ ရှိလာပြီဖြစ်ရာ ယင်း အတွက် ကောင်းမွန်သော သယံဇာတ စီမံခန့်ခွဲမှု လိုအပ်မည်ဖြစ်သည်။

တိုင်းအစိုးရအဖွဲ့ဝင် သယံဇာတ နှင့် ပတ်ဝန်းကျင်ထိန်သိမ်းရေးဝန်ကြီး ဦးလှထွေးကမူ တနင်္သာရီတိုင်းတွင် သတ္တုနှင့်ပတ်သက်ပြီး မူဝါဒမရှိသေး သော်လည်း အသေးစားနှင့် လက်လုပ် လက်စား ဥပဒေတစ်ခု အမြန်ဆုံးပေါ် ပေါက်လာစေရန် ကြိုးစား ဆောင်ရွက် နေကြောင်း ပြောဆိုသည်။

“ဥပဒေကိုအတည်ပြုပြီးရင် နည်း ဥပဒေကို ဆက်ဆွဲမယ်။ နည်းဥပဒေ ဆက်ဆွဲပြီးမှပဲ နောက်ထပ် လုပ်ထုံးလုပ် နည်းတွေ ပေါ်လာမှာပေါ့လေ”ဟု ဦးလှထွေး က ဆိုသည်။

လက်ရှိတွင်တော့ အဆိုပါဥပဒေ ကြမ်းအား ပြည်သူလူထုကို ရှင်းလင်းခြင်း၊ အရပ်ဘက်အဖွဲ့အစည်းများဖြင့် ဆွေးနွေးအကြံအဥာဏ်ရယူခြင်းတို့ တိုင်းလွှတ်တော်ဘက်က ဆောင်ရွက် လျက်ရှိသည်။

လက်ရှိ မူကြမ်းအဆင့်တွင် ရှိနေ ပြီဖြစ်သော တနင်္သာရီတိုင်း အသေးစားနှင့် လက်လုပ်လက်စားဥပဒေတွင်လည်း အားနည်းချက်အချို့ ရှိနေသဖြင့် ပြန်ပြင်ဆင်၊ ဖြည့်စွက်ရန် လိုအပ်ကြောင်း ဦးအောင်လွင်က ပြောသည်။

တနင်္သာရီတိုင်း အသေးစားနှင့်လက် လုပ်လက်စားဥပဒေနှင့် မြန်မာ့သတ္တု တွင်း ဥပဒေနှစ်ခုကို နှိုင်းယှဉ်ကြည့်ပါက အသေးစားနှင့်လက်လုပ်လက်စားလုပ်ကွက်ဇုန်ကို ပြည်ထောင်စုကလည်း ချထားပေး ပိုင်ခွင့်ရှိနေသည်။ ယင်း အတွက်ကြောင့် အသေးစားနှင့် လက်လုပ် လက်စားကို တိုင်းအစိုးရကို စီမံခွင့် ပေးသည်ဆိုသည်မှာ ဟန်ပြသဘောသာ သက်ရောက်နေသည်။

ထိုဇုန်များသည် ဒေသခံများသွား ရောက်လုပ်ကိုင်စားသောက်နိုင်သော နေရာတွင် ရှိမနေဘဲ တိုင်းရင်းသား လက်နက်ကိုင် ထိန်းချုပ်ရာနယ်မြေ၊ သဘာ၀ထိန်းသိမ်းနယ်မြေကဲ့သို့ နေရာ များအတွင်း ကျရောက်နေကြောင်း ဦးအောင်လွင်က ပြောသည်။

ယင်းအသေးစားနှင့် လက်လုပ် လက်စားများကို တိုင်းအစိုးရမှ အပြည့် အဝ စီမံခွင့်ရှိမှာသာလျှင် မြေပြင်အခြေ အနေနှင့် ကိုက်ညီသော လုပ်ငန်းစဉ် များကို အကောင်အထည်ဖော်နိုင်မည် ဖြစ်သည်။

ယင်းအပြင် အသေးစားနှင့် လက်လုပ် လက်စားမှ ရရှိလာသော အခွန်ငွေများကို မည်သို့ အသုံးပြုမည်ဆိုသည်လည်း အဆိုပါဥပဒေမူကြမ်းတွင် မတွေ့ရပေ။

တနင်္သာရီတိုင်း MATA အဖွဲ့ကမှု ယင်းအဥပဒေမူကြမ်းအပေါ် ပြင်ဆင်ရန် လိုအပ်သည့် အချက် ၃၀ နီးပါးကို တိုင်းလွှတ်တော်ထံ အကြံပြုချက်ပေးပို့ ထားပြီး ယင်းအကြံပြုချက်များအတိုင်း မပြင်နိုင်ပါက တနင်္သာရီတိုင်း သတ္တုစီမံ ခန့်ခွဲမှုမှာ ယခင်ထက်ပင် ပိုဆိုးသွားနိုင် ကြောင်း ဦးအောင်လွင်က ပြောသည်။

MATA အကြံပြုချက်တွင် လက်လုပ် လက်စား ထုတ်လုပ်ခြင်းဆိုသည်မှာ သာမန်လက်သုံးကိရိယာဖြစ်သည့် သံတူးရွင်း၊ ပေါက်တူး စသည်တို့ကိုသာ အသုံးပြုပြီး ဓာတ်သတ္တု တူးဖော်ခြင်း၊ ဓာတ်သတ္တုလုပ်ငန်းကြောင့် လူမူဘ၀နှင့် သဘာ၀ပတ်ဝန်းကျင် ပျက်စီးမူနည်းပါး စေရန်နှင့် စောင့်ကြည့်ကြီးကြပ်နိုင်ရန် စသည့် အချက် ၃၀ နီးပါးကို အကြံပြု ထားသည်။

ယင်းအကြံပြုချက်များအတိုင်း ပြင်ဆင်နိုင်ပါက တနင်္သာရီတိုင်းနှင့် အတိုင်းအတာတစ်ခုအထိ လိုက်လျောညီ သည့် ဥပဒေတစ်ခု ဖြစ်လာမည်ဖြစ်လာ နိုင်သည်။

အစိုးရသည် သတ္တုအပါအဝင် သယံဇာတစီမံခန့်ခွဲမှုအတွက် ဥပဒေတစ် ခုတည်းဖြင့် လုံလောက်မှုမရှိဘဲ ပထမဆုံး အနေဖြင့် မူဝါဒရှိနေရန်လိုအပ်ပြီ ယင်းမူဝါဒကို အကောင်အထည်ဖော်မည့် ဥပဒေ၊ နည်းဥပဒေရှိရန် လိုအပ်မည်ဖြစ် သည်။

ယင်းနောက် ခွင့်ပြုမိန့်ချထားပေး ခြင်း၊ အခွန်ကောက်ခံခြင်း၊ ရရှိလာသည့် အခွန်များဒေသဖွံ့ဖြိုးရေးလုပ်ငန်းများတွင် အသုံးပြုခြင်းတို့ရှိရန်လိုအပ်မည်ဖြစ်ကြောင်း အရပ်ဘက်အဖွဲ့အစည်းတို့ က ပြောဆိုကြသည်။

ယင်းလုပ်ငန်းစဉ် အဆင့်တိုင်း အတွက် အစိုးရသည် တာဝန်ယူမှု၊ တာဝန်ခံမှုရှိခြင်း၊ ပွင့်လင်းမြင်သာမှုရှိခြင်းတို့ရှိရန်လည်း လိုအပ်မည်ဖြစ် သည်။ ယင်းတို့သည် တစ်ခုနှင့်တစ်ခု ချိတ်ဆက်နေသည့် သံကြိုးကွင်းတစ်ခုနှင့် တူညီသော သယံဇာတ တန်ဖိုးကွင်းဆက် တစ်ခုဖြစ်သည်။

အစိုးရ၊ အရပ်ဘက်အဖွဲ့အစည်း တို့သည် ချောင်းရေနောက်၊ ဒေသခံနှင့် ကုမ္ပဏီတို့ကြားက ပြဿနာ စသည့် သတ္တုထုတ်လုပ်မှုအဆင့်တွင်သာ ပြောဆို နေကြခြင်းဖြစ်ပြီး အဓိက ပြဿနာမှာ ယင်းထုတ်လုပ်မှုဖြစ်စဉ် တစ်ခုတည်း တွင် မဟုတ်ဘဲ သယံဇာတတန်ဖိုးကွင်း ဆက်တစ်ခုလုံးနှင့် ဆက်စပ်ပတ်သက် နေကြောင်း လေ့လာစောင့်ကြည်သူတို့က ပြောဆိုကြသည်။

သယံဇာတ တန်ဖိုးကွင်းဆက် တစ်ခုလုံးသည် တစ်ခုနှင့်တစ်ခု စနစ်တကျ အချိတ်ဆက်ရှိရှိ လည်ပတ်နိုင်မှသာလျှင် ကောင်းမွန်သော သယံဇာတစီမံအုပ်ချုပ် မှုစနစ်ဟု ဆိုနိုင်မည်ဖြစ်ကြောင်း လေ့လာ သူတို့က ထောက်ပြပြောဆိုကြသည်။

“သတ္တုမိုင်းတွေနဲ့ပတ်သက်တဲ့ မြေသိမ်းမှု၊ သဘာ၀ပတ်ဝန်းကျင်ထိ ခိုက်ညစ်ညမ်းမှုနဲ့ ပတ်ဝန်းကျင် ဆိုင်ရာ ပြဿနာတွေဆိုတာ ထုတ်လုပ်မှုဆိုတဲ့ အဆင့်မှာသာဖြစ်တယ်။ ဒီပြဿနာတွေ ပြေလည်ဖို့ဆိုရင် ဓာတ်သတ္တုမူဝါဒ ကနေစလို့ အခွန်အခ ခွဲဝေမှုအထိ သယံ ဇာတတန်ဖိုးကွင်းဆက်တစ်ခုလုံးကို ခြုံငုံကြည့်ပြီး ကောင်းမွန်အောင် ဝိုင်းဝန်း ဆောင်ရွက်ကြဖို့လိုတယ်”ဟု သဘာ၀ သယံဇာတ တူးဖော်ထုတ်လုပ်ခြင်းဆိုင် ရာ ပွင့်လင်းမြင်သာမှုရှိရေးကို ဆောင်ရွက် နေသည့် MEITI သုံးပွင့်ဆိုင်ညွှန့်ပေါင်း အဖွဲ့ဝင် ထားဝယ်ဖွံ့ဖြိုးရေးအဖွဲ့ ဒါရိုက် တာ ဦးသန့်စင်က ဆိုသည်။

ယင်း တန်ဖိုးကွင်းဆက်တစ်ခုကို အကောင်အထည်မဖော်နိုင်သမျှ တစ်နည်း အားဖြင့် ကောင်မွန်သည့် သတ္တုတူးဖော် ထုတ်လုပ်ရေး မူဝါဒမရှိမပေါ်ထွက် သေးခင် ပြဿနာများဖြင့် လုံးထွေးနေဦး မည်ဖြစ်သည်။

စောသန်းလှတို့၏ ကြိမ်ချောင်း ကျေးရွာ ကဲ့သို့ ရေအရင်းအမြစ်ပျက်စီး ခြင်း၊ ကျူးကျော်ဟုဆိုကာ ဒေါ်ကိုရွှေ ကဲ့သို့ ဒေသခံများအား တရားစွဲထောင်ကျ ဖြစ်စဉ်တို့မှာ သတ္တုတွင်းတို့၏ ဖွားဖက် တော် ဖြစ်နေဦးမည်ဖြစ်သည်။

“သတ္တုရှိတဲ့မြေ မကုန်မချင်းတော့ ဒီချောင်းရေက နောက်နေဦးမှာပဲ”ဟု စောသန်းလှက ဆိုလေသည်။

ကျော်သူစိုး