ဖျက်မိုးမရှိ၍ နှစ်နှစ်ဆက်တိုက် ဆားအထွက်ကောင်း

0
666

ထားဝယ်တွင် ဖျက်မိုးမရှိသဖြင့် နှစ်နှစ်ဆက်တိုက် ဆားအထွက်ကောင်းပြီး ယခုနှစ်တွင်လည်း ပြီးခဲ့သည့်နှစ်ကထက် ဆားတန်ချိန်တစ်ရာကျော် ပိုမိုထုတ်လုပ်ရောင်းချနိုင်ခဲ့သည်ဟု ထားဝယ်မြို့ကြက်စားပြင်ရပ်ကွက်ရှိ ရွှေပြည်သားဆားစက်ရုံပိုင်ရှင် ဦးသန်းဝင်းက ပြောသည်။


ယခုနှစ် ဆားထုတ်ရာသီတွင် ဆားကွင်းလုပ်ကွက် ဧက ၂၁၀ မှ ဆားတန်ချိန် ၃၀ဝ၀ ခန့်ထုတ်လုပ်နိုင်ခဲ့ကြောင်း ဦးသန်းဝင်းက ပြောသည်။


သို့သော်ဆားဈေးမှာ ပြီးခဲ့သည့်နှစ်ကထက် ကျပ် ၂၀ဝ၀ ခန့် ကျဆင်းခဲ့ကြောင်း သိရသည်။
ပိဿာချိန် ၃၀ ပါသည့် ဆားချောတစ်အိတ်လျှင် ပြီးခဲ့သည့်နှစ်က ကျပ် ၇၀ဝ၀ ခန့်ရှိသော်လည်း ယခုနှစ်တွင် ကျပ် ၅၀ဝ၀ ခန့်သာရှိသည်ဟု ၎င်းက ပြောသည်။


“မနှစ်တုန်းက ဆားထွက်များပေမယ့် ဆားဈေးက မကျဘူး၊ ဘာဖြစ်လို့လဲဆိုတော့ အရင်နှစ်က ဆားရှားထားလို့၊ အရင်နှစ်က ရာသီဖောက်ပြီး ဆားလက်ကျန် လုံးဝပြတ်သွားတာပေါ့။ လူတွေလက်ထဲမှာ ဒီနှစ်ကတော့ ဆားထွက်များတယ်၊ ဆားလက်ကျန်လည်း ပိုများတယ်ဆိုတော့ နောင်နှစ်ခါလည်း ဆားဈေးက ထပ်ကျဖို့အနေအထား ရှိတယ်” ဟု ဦးသန်းဝင်းက ဆိုသည်။


စက်တင်ဘာလခန့်တွင် ဆားကွင်းများ ပြင်ဆင်ပြီး ဒီဇင်ဘာ နောက်ဆုံးအပတ်မှ စတင်ကာ ဆားထွက်သည်ဟု ၎င်းက ပြောသည်။


ထားဝယ်ခရိုင်အတွင်း သရက်ချောင်းမြို့နယ်၊ ပြင်းဖြူကြီးကျေးရွာတွင်လည်း မီးချက်ဆား တစ်နိုင်တစ်ပိုင်ထုတ်လုပ်သည့် လုပ်ငန်းရှင် ၇ ဦးခန့်ရှိသည်ဟု သိရသည်။

မိုးမြင့်